ဇင်လင်း - ဘင်္ဂလားဒက်ရှ် နှင့် လိင်ကျွန်ပြုမှု ပြဿနာ
ဇင်လင်း - ဘင်္ဂလားဒက်ရှ် နှင့် လိင်ကျွန်ပြုမှု ပြဿနာ
(မိုးမခ) မေ ၂၉၊ ၂၀၂၁ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ထောင်ပေါင်းများစွာသည် လူကုန်ကူးသူ များ၏ ရောင်းစားခြင်း ခံရပြီးနောက် နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခြင်းခံနေကြရပြီး၊ နေ့စဉ် အကြိမ်များစွာ အဓမ္မပြုကျင့် ခံနေကြရသည်။ ဤဖြစ်စဉ်သည် ဘင်္ဂလားဒက်ရှ်နိုင်ငံ ဇိမ်ခန်းများတွင် လိင်ကျွန်ပြုခြင်းခံနေရ သော အမျိုးသမီးငယ် မြောက်များစွာ၏ ဘဝဖြစ်နေသည်။
ဇိမ်ခန်းတွင် ၅ နှစ်ကြာမျှ လိင်ကျွန်ပြုခံရပြီးနောက် ‘လာဘွန်နီ’သည် ကယ်တင်ခံရလိမ့်မည်ဟူသော စိတ်ကူး အိပ်မက်ကို ရပ်လိုက်သည်။ ၁၃ နှစ်အရွယ်တွင် ရောင်းစားခံရပြီးကတည်းက သူမကို လွတ်မြောက်စေရန် ကူညီပါမည်ဟု သူမ၏ ဖေါက်သည် (လိင်ဆက်ဆံဖက်) များက ကတိပေးခဲ့ကြဖူးသည်။ သို့သော် မည်သူမျှ ဆုံးခန်းတိုင် ဆောင်ရွက် မပေးခဲ့ကြပေ။ (ကတိမတည်ကြပေ။)။ အချိန်ကြာလွန်ပြီးနောက် သူတို့၏ မျက်နှာများကိုပင် ဇဝေဇဝါဖြစ်ကာ အရင်က လာဖူးသူလား၊ ဆိုသည်ကို သေသေချာချာမမှတ်မိ တော့။ သို့မဟုတ် ထိုနေ့က လူဘယ်နှစ်ယောက် လာသွားသည် ဆိုသည်ကိုလည်း မသိတော့။ နံနက် ၉ နာရီမှစတင်၍ ပုံမှန်အားဖြင့် တစ်နာရီလျှင် တစ်ယောက်ကျ ဆက်ဆံနေရသဖြင့် မမှတ်မိတော့ခြင်း ဖြစ်သည်။
“ကျမ အိပ်ယာက နိုးတဲ့အချိန်တိုင်း ငါဘာလို့ အခုအထိ မသေသေးတာလဲလို့ မကြာခန မေးမိရင်း နားမလည်နိုင် ဖြစ်ရတယ်။” ဟု ‘လာဘွန်နီ’ က ပြောသည်
ယခု အသက် ၁၉ နှစ်အရွယ် ရောက်နေသည့် ‘လာဘွန်နီ’ သည် ဘင်္ဂလားဒက်ရှ်နိုင်ငံ အလယ်ပိုင်းရှိ ‘မိုင်မင်းဆင်းဂ်’ ဆိုသော လိင်ဖျော်ဖြေရေးရွာတွင် နေထိုင်နေရပြီး ရှင်လျှက် သေ နေရပါပြီဟု သူမ၏ ဘဝကို ပြောပြသည်။ ထို လိင်ကျွန်ပြုရွာတွင် အမျိုးသမီးပေါင်း ရ၀၀ နှင့် ၁၀၀၀ အကြားရှိ၍ သူတို့ဆန္ဒမပါဘဲ လိင်ဖျော်ဖြေရေးလုပ်ငန်း၌ လုပ်ကိုင်နေကြရသည်။
အသက် ၁၂ နှစ်အထိ ငယ်ရွယ်သည့် မိန်းကလေးများအပါအဝင် အခန်းတစ်ခန်းတွင် မိန်းမငယ် ၅ ယောက်လျှင် တစ်ခန်း အိပ်ကြရသည်။ သူတို့တစ်ဦးနှင့် တစ်ဦး၏ အိပ်ယာကို ဟောင်းနွမ်းစုတ်ပြဲနေသော ချည်ကန့်လန့်ကာဖြင့် ကာရံပိုင်းခြား ထားသည်။ လေးလေးတွဲ့တွဲ့ဂီတသံစဉ် ပေါ်ထွက်နေသည်။ နာကျင်မှု သက်သာစေရန် ပလတ်စတစ်ပုလင်းထဲမှ ပြည် တွင်းဖြစ် အရက်ကို လောင်းထည့်နေကြသည်။
ယောက်ကျားများသည် စင်္ကြန်လမ်းတလျှောက် အပေါ်ပိုင်း အဝတ် ဗလာ ကျင်းလျှက်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် မိန်းကလေးများကို ရှာဖွေနေကြသည်။ ၁၀ မိနစ် လိင်ဆက်ဆံခြင်း အတွက် ကျသင့်ငွေမှာ ဘင်္ဂလားဒက်ရှ်ငွေ တာကာ ၄၀၀ ဖြစ်သည်။ အင်္ဂလန်သုံးငွေကြေး ၃ ဒဿမ ၆၆ ပေါင်နှင့် ညီမျှ သည်။ သို့သော် ထိုငွေများသည် အဓိကအားဖြင့် လိင်ကျွန်လုပ်ငန်းရှင်များ(ဇိမ်ခန်းဖွင့်ထားသူများ)၏ ပိုက်ဆံအိပ်ထဲသို့ သာ ရောက်ရှိသွားပေသည်။
‘မိုင်မင်းဆင်းဂ်ရွာ’ ရှိ အမျိုးသမီးအများစုကဲ့သို့ပင် လာဘွန်နီ သည်လည်း လိင်ကျွန်ပြုလုပ်ငန်းသို့ ရောင်းစားခံခဲ့ရခြင်းဖြစ် သည်။ ‘လာဘိုနီ’သည် ၁၃ နှစ်အရွယ်တွင် ၆ လအရွယ် သမီးငယ်ကို ထားခဲ့ပြီး၊ မတရားနှိပ်စက်နေသည့် လင်ယောက်ျား လက်မှ လွတ်ရန် ထွက်ပြေးခဲ့ရသည်။ အတင်းအဓမ္မ ပေးစားသဖြင့် ယခင်နှစ်က ထိုလင်ဆိုးနှင့် ထမ်းမြားခဲ့ရသည်။ တစ်နှစ်ပြည့်သည့်နေ့မှာပင် သူ့ဘဝကို သူစတင်ရန် ထွက်ပြေးခဲ့သည်။
“ကျမ ဘယ်ကိုသွားနေတာလဲဆိုတာ မသိဘဲ ဖြစ်နေခဲ့တယ်။” ဟု ‘လာဘွန်နီ’ က သူမှတ်မိသည်ကို ပြောပြသည်
“ကျမ အထည်ချုပ်စက်ရုံတခုမှာ အလုပ်ရလိမ့်မယ်လို့ ထင်မိခဲ့တယ်။” ဟု ‘လာဘွန်နီ’ က ပြောပြသည်။
ဒက္ကားမြို့ဘူတာရုံမှာ မျက်ရေစက်လက်ဖြစ်နေသည့် လာဘွန်နီကို မိန်မတစ်ယောက်က တွေ့သွားသည်။ ထိုမိန်းမက လာဘိုနီအား အစားအစာကျွေးမွေးကာ ထိုညအဖို့ အိပ်စရာနေရာ ပေးခဲ့သည်။ နောက် ၂ ရက်အကြာတွင် ထိုမိန်းမက လာဘိုနီကို ဗြိတိသျှငွေ ပေါင် ၁၈၀ ခန့်ဖြင့် လိင်ကျွန်လုပ်ငန်းသို့ ရောင်းစားခဲ့သည်။ ထိုအချိန်မှ စ၍ ဘယ်နေရာကိုမှ မသွားနိုင်ရန် ပိတ်ပင်တားဆီးခံရတော့သည်။
တစ်ခနချင်းမှာပင် ‘လာဘွန်နီီ’သည် ‘ချူကရီ’ (chukri) ဟုခေါ်သော စာချုပ်မိသည့် လိင်အလုပ်သမား ဖြစ်ခဲ့ရသည်။ လိင်ကျွန် လုပ်ငန်းအတွင်း၌ အကျဉ်းကျခံခဲ့ရသည်။ လုပ်ကြံဖန်တီးထားသော အကြွေးစာချုပ်အရ ဗြိတိသျှငွေ ပေါင်ကိုးရာကျော် မပေးဆပ်နိုင်မချင်း လိင်ကျွန်လုပ်ငန်းမှ ထွက်ခွာခွင့် မရဟု ဆိုသည်။
“ကျမကို ၀ယ်လိုက်တဲ့ အလုပ်ရှင်မိန်းမက အကြွေးပြန်ဆပ်ရမယ်လို့ ပြောတယ်။” ဟု ‘လာဘွန်နီီ’ က ပြောသည်။
“ အလုပ်ရှင် မိန်းမက ရဲအဖွဲ့ကို လာဘ်ထိုးပြီး ကျမအသက် ၁၈ နှစ်ပြည့်ကြောင်း ထောက်ခံခိုင်းတယ်။ (ဥပဒေအရ မှတ်ပုံတင် လိင်အလုပ်သမ တစ်ယောက်၏ အသက်သည် ၁၈ နှစ် ဖြစ်သည်။) ကျမပြန်ဆပ်ရမယ့် အကြွေးက ၉၁၄ ပေါင် ဖြစ်တယ်လို့ပြောတယ်။ နောက်တော့ ကျမ ဖုန်းကို အလုပ်ရှင်က သိမ်းလိုက်တယ်။ ကျမကို အိပ်ခန်းထဲမှာ ပိတ်လှောင် ထားခဲ့တယ်။ အလုပ်ရှင် မိန်းမက ထွက်ပြေးဖို့ ကြိုးစားရင် ထိခိုက်နာကျင်လိမ့်မယ်လို့ ကျမကို ပြောတယ်။” ဟု ‘လာဘွန်နီ’ က ပြန်ပြောပြသည်။
နှစ်လ သုံးလောက်ကြာပြီးနောက် ‘လာဘွန်နီ’သည် ထွက်ပြေးလွတ်မြောက်ရန် အကြံကို စွန့်လွှတ်လိုက်သည်။
“သူတို့က ထွက်ပြေးရင်လဲ အမြဲပဲ ပြန်ရှာတွေ့တာပဲ။” လို့ ‘လာဘွန်နီ’ က ဖြည့်စွက်ပြောကြားသည်။
ဘင်္ဂလားဒက်ရှ်နိုင်ငံရှိ လိင်ဖျော်ဖြေရေးဇိမ်ခန်း ပိုင်ရှင်များ ရရှိနေသည့် အကျိုးအမြတ် ငွေကြေးကိန်းဂဏန်းကို အကြမ်း မျဉ်း တွက်ချက်ကြည့်လျှင် ကြီးမားလွန်းသည်ကိုတွေ့ရသည်။ ထို လိင်ဖျော်ဖြေရေးဇိမ်ခန်း ပိုင်ရှင်များ ရရှိနေသည့် ကြီးမား လှသော စီးပွားရေးအကျိုးအမြတ်များ၏ အဓိကအစိပ်အပိုင်းသည် လာဘွန်နီီကဲ့သို့သော လိင်ကျွန် မိန်းကလေးများ ဖြစ်နေသည်။ လိင်ကျွန်လုပ်ငန်း၌ ပိတ်လှောင်ခံခဲ့ရသည့် လွန်ခဲ့သော ၆ နှစ်တာကာလအတွင်း၊ ခြောက်လှန့်နေသော အကြွေး ကို ပေးဆပ်နိုင်ရန် ‘လာဘွန်နီီ’သည် အဆက်မပြတ် အလုပ်လုပ်ခဲ့ရသည်။ သူမ၏ ၆ နှစ်တာ လုပ်အားခများကို တွက်ချက် ကြည့်လျှင် ဗြိတိသျှပေါင်ငွေ ၄၆, ၅၀၀ ကျော်မျှရှိသည်။ ယင်းပမာဏသည် သူ့အလုပ်ရှင်အဖို့ အတော်အတန် လူမှု အဆင့်အတန်းမြင့်မြင့် ဇိမ်ကျကျ နေနိုင်လောက်သည်။
လွန်ခဲ့သည့်နှစ်ကအထိ ‘လာဘွန်နီ’ ရှာဖွေရရှိသမျှ လုပ်ခအားလုံးသည် သူ့အလုပ်ရှင်အား ပေးခဲ့ရသည်။ ဗြိတိသျှပေါင် ၃၇ မျှသာ လစဉ်သုံးရန် လာဘွန်နီအား ပြန်ပေးခဲ့သည်။ ထိုငွေဖြင့် အစားအသောက် အဝတ်အထည်နှင့် အလှကုန် အပါ အဝင် ဆပ်ပြာ သွားတိုက်ဆေးအစရှိသည့် ရေချိုးခန်းသုံးပစ္စည်းများ ၀ယ်ယူသုံးစွဲခဲ့ရသည်။ ယခုဆိုလျှင် ‘လာဘွန်နီ’သည် သူပေးဆပ်ရမည့် မူလအကြွေး ၉၁၄ ပေါင်ကို အပြန် ၅၀ မက ဆပ်ပြီးခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင် လွန်ခဲ့သော နှစ်က လာဘွန်နီအနေဖြင့် အကြွေးအားလုံး ပေးဆပ်ပြီးကြောင်း အသိပေးခံရသည်။ သို့သော် လာဘွန်နီ အနေဖြင့် အလုပ်ကို စွန့်ခွာ၍ မရနိုင်သေးပေ။ နှစ်ပေါင်းများစွာ အနိုင့်အထက်ပြုကျင့်ခံရမှုကြောင့် သူမ၏ စိတ်ဓါတ်ခွန်အားများ ဆုတ်ယုတ် ကျဆင်းနေရသည်။
“ကျမ ကိုယ် ကျမ ဘာမှတန်ဖိုး မရှိတော့သလို ခံစားရတယ်။” ဟု ‘လာဘွန်နီီ’ က ပြောသည်။ “ကျမ သမီးကတောင် ကျမကို သူ့အမေအဖြစ် မမှတ်မိတော့ဘူး။” ဟု ‘လာဘွန်နီီ’ က ဆိုသည်။
အကြွေးအားလုံး ပေးဆပ်ပြီးသော်လည်း သူမ၏ သီတင်းတစ်ပတ်စာ လုပ်ခငွေ၏ ထက်ဝက် (၇၈ ပေါင်ခန့်) ကို အလုပ် ရှင်အား ပေးနေရဆဲ ဖြစ်သည်။ သူနေထိုင်သည့် အခန်းငှားခနှင့် လျှပ်စစ်မီတာခကို ‘လာဘွန်နီ’ ပေးနေရခြင်းဖြစ် သည်။
လာဘွန်နီ၏ ပုံမှန်ဖေါက်သည်များအနက် တစ်ဦးဖြစ်သူ မိုဟာမက်မူကတယ် အလီ သည် အသက် ၃၀ ဖြစ်သည်။ သူသည် အိမ်ထောင်သည်ဖြစ်ပြီး ဘတ်စ်ကားမောင်းသူတစ်ဦး ဖြစ်သည်။ အလီ သည် လာဘွန်နီ ထံသို့ နေ့စဉ်လာနေခဲ့ သည်မှာ ၄ နှစ်ခွဲမျှရှိသည်။ သူမ ၁၄ နှစ်အရွယ် ကတည်းက လာနေခဲ့သူဖြစ်သည်။
“ဒီနေရာမှာ ရှိတဲ့ မိန်းကလေးတွေဟာ ကယ်ယူမယ့်သူ မရှိတဲ့ အခြေအနေဖြစ်ပါတယ်။” ဟု အလီ က ဆိုသည်။
“ယောက်ကျားလေးတစ်ယောက်ကို ဇိမ်းခန်းမှာ ရောင်းလို့ မရနိုင်ပါဘူး။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ကိုတော့ ရောင်းလို့ ရပါတယ်။
ဘာကြောင့်လဲဆိုတော့ မိန်းကလေးမှာ ငွေကြေးတန်ဖိုးရှိလို့ဖြစ်ပါတယ်။” ဟု သူက ဆိုသည်။ လူကုန်ကူးခံရသော ဆယ်ကျော်သက်အရွယ် မိန်းမငယ်နှင့် လိင်ဆက်ဆံရန် ငွေပေးရခြင်းအတွက် သူ့တွင် အပြစ်ရှိသည် ဟု ခံစားရခြင်း မရှိဟုဆိုသည်။
“ကျွန်တော် လာဘွန်နီကို ချစ်မိနေပြီ။ တစ်နေ့မှာ သူ့ကို ကယ်တင်လို့ဆုံးဖြတ်ထားတယ်။ ဆုံးဖြတ်ချက်က ရ၀ ရာခိုင်နှုန်း သေချာပါတယ်။” ဟု အလီ က ဆိုသည်။ လာဘွန်နီ က ဘာမျှ မျှော်လင့်ထားပုံမရ။
“ယောက်ကျားတွေ ပြောတဲ့စကားကို ကျမ ဘာတစ်ခုမှ မယုံတော့ဘူး။” ဟု နောက်ပိုင်းတွင် လာဘွန်နီ က ပြောသည်။
“သူတို့အားလုံး လိမ်ညာနေတာပါ။” ဟု လာဘွန်နီ က ဆိုသည်။
လာဘွန်နီ၏ အိပ်ခန်းအောက်တွင် လေးထပ်နိမ့်သည့် အခန်း၌ အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ဖာရာဒါ နေသည်။ ၁၉၉၉ ခုနှစ်တွင် သူမ စတင်ရောက်ရှိကတည်းက လူကုန်ကူးခံရပြီး ရောင်းစာခြင်းခံရသည့် အမျိုးသမီးအရေအတွက် တိုးတက် များပြားလာသည်ဟု ဖာရာဒါ က ဆိုသည်။ ဘာကြောင့် သူသိတာလဲဟု ဆိုလျှင် ယင်းအမျိုးသမီးများကို သူဝယ်ခဲ့ခြင်း ကြောင့်ဖြစ်သည်ဟု ဖာရာဒါ က ဆိုသည်။ လိင်ကျွန်ပြုခံရသည့် လုပ်ငန်းတွင် ၁၂ ကြာ သူမကိုယ်တိုင် ပိတ်လှောင်ခံခဲ့ရပြီး နောက်၊ လွန်ခဲ့သည့် ရှစ်နှစ်က သူမ၏ ဖေါက်သည်တစ်ဦးက မိန်းကလေးငယ်တစ်ဦးကို ဖာရာဒါ အား လက်ဆောင်အဖြစ် ပေးခဲ့သည်ဟု ဆိုသည်။ သို့ဖြင့် ဖာရာဒါသည် လိင်ကျွန်အဖြစ် ခေါင်းပုံဖြတ်ခံရသူအဖြစ်မှ နေ့ချင်းညချင်း လိင်ကျွန်အပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်သူ ဖြစ်လာခဲ့သည်။ ထို မိန်းကလေး လွတ်မြောက်သွားသောအခါ၊ ဒုတိယမြောက် မိုနီ ဆိုသည့် မိန်းကလေးနောက်တစ်ဦးကို ဖာရာဒါ ၀ယ်ယူခဲ့သည်ဟု ဆိုသည်။ မိုနီကို ၁၃၇ ပေါင် ပေးရသည်ဟု ဆိုသည်။
“ကျမ ရဲအဖွဲ့အတွက် စီးကရက်ဖိုး ၂၇ ပေါင်ပေးရတယ်။ ဒါမှ သူတို့က တရားဝင်စာရွက်စာတမ်းကိစ္စတွေ ဆောင်ရွက် ပေးတယ်။” ဟု ဖာရာဒါ က ပြောသည်။ လိင်ဖြေဖျော်ရေးလုပ်မည့် အမျိုးသမီးတိုင်းသည် အသက် ၁၈ နှစ်ပြည့်ရမည့်အပြင် ကြေးစားလိင်ဖျော်ဖြေမှု ပြုရန် သဘောတူကြောင်း အစိုးရအသိအမှတ်ပြု လက်မှတ်ပါရှိရမည်ဆိုသည်ကို ဖာရာဒါက ရည်ညွှန်းပြောကြားခဲ့သည်။
“အခုဆိုရင် ရဲအဖွဲ့အတွက် ပေးရတဲ့ ဈေးနှုန်းက ပိုများသွားပြီ။ ပေါင် ၄၅၀ က အနည်းဆုံးပဲ။ ဒီတော့ ဈေးသိပ်ကြီးသွားပြီ ပေါ့။ ဒါကြောင့် ကျမဝယ်လိုက်တဲ့ အမျိုးသမီးက အဲဒီငွေကိုပါ ကျမကို ပြန်ဆပ်ရမှာပေါ့။” ဟု ဖာရာဒါ က ပြောသည်။
မိန်းကလေးက အသက်ငယ်လျှင် ငယ်သလောက် ဥပဒေထိန်းသိမ်းရေးအရာရှိများအား ပေးရသည့် လာဘ်ငွေက ဈေးမြင့်သည်ဟု ဖာရာဒါ က ဖြည့်စွက်ပြောပြသည်။
ယခုအခါ သူမသည် ရက်သတ္တတစ်ပတ်လျှင် မိန်းကလေး နှစ်ဦးထံမှ ၁၈၇ ပေါင် ရရှိသည်ဟု ဆိုသည်။ တတိယ မိန်းကလေး တစ်ယောက်ကိုမူ နယ်ခံလူမိုက်ဂိုဏ်းကို ပေးလိုက်ရသည်။ လိင်ကျွန်လုပ်ငန်းသည် ထိုလူမိုက်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်၌ ရှိသည်ဟု ဆိုသည်။
ဤလိင်ကျွန်လုပ်ငန်း တစ်ခုတည်းက ရရှိနေသော ငွေကြေးပမာဏသည် ကမ္ဘာနှင့်အဝှမ်းရှိ မိန်းကလေးငယ်များနှင့် အမျိုးသမီးများကို လူကုန်ကူးနေသော လုပ်ငန်းမှ ရရှိနေသည့် အမြတ်ငွေပမာဏ မည်မျှကြီးမားသည်ကို ဖေါ်ညွှန်းပြသ နေသည်။ သို့ဖြစ်၍ လိင်ကုန်ကူးမှုသည် ဧရာမ အမြတ်အစွန်းကြီးမားသော စီပွားရေးလုပ်ငန်းကြီးဖြစ်နေသည်ဟု ဆိုရ ပေမည်။
သုတေသီ ‘ဆစ်ဒဟတ် ကာရာ’ (Siddharth Kara) က ကမ္ဘာ့ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုအစိုးရတို့ အား ကျွန်ပြုခြင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ အကြံပေးလျှက်ရှိသည်။ အခြားသော ကျွန်ပြုသည့် နည်းနာပုံသဏ္ဍာန်များနှင့် နှိုင်းယှဉ်ပါက၊ ‘လိင်ကျွန်ပြု၍ လူကုန်ကူးခြင်းလုပ်ငန်း’ သည် အလွန့်အလွန်အမြတ်အစွန်းကြီးမားလွန်းကြောင်း သူကိုယ်တိုင် သုတေသနပြုလုပ်ထားသည့် အချက်အလက်များဖြင့် တင်ပြထားခဲ့သည်။ ကမ္ဘာ့တဝှမ်းရှိ လူကုန်ကူးခံရသော ဓါးစာခံ အားလုံး၏ ၅% မျှသာ လိင်ကျွန်ပြု၍ လူကုန်ကူးခြင်းခံရသည်။ သို့သော်လည်း ကမ္ဘာ ့ခေတ်သစ်လူကုန်ကူးမှု လုပ်ငန်းမှ ရရှိလာသော အမြတ်အစွန်းပမာဏအားလုံး၏ ထက်ဝက်ကို ‘လိင်ကျွန်ပြု၍ လူကုန်ကူးခြင်းလုပ်ငန်း’ မှ ရရှိသည်ဟု ဆစ်ဒဟတ် ကာရာ က သုတေသနပြု ခန့်မှန်းထားသည်။
‘ဆစ်ဒဟတ် ကာရာ’ က အော့ဘ်ဇာဗာ (The Observer) သတင်းစာသို့ ယခုကဲ့သို့ ရှင်းပြခဲ့သည်။ “ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် သတ္ထုတူးဖေါ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီးတော့ ပြန်ရတဲ့ အကျိုးအမြတ်ဟာ လိင်ကုန်ကူးမှုကရတဲ့ အကျိုးအမြတ်နဲ့နှိုင်းယှဉ်ကြည့်ရင် အလွန်တရာ နည်းပါးပါတယ်။ လိင်ကျွန်ပြုပြီး လူကုန်ကူးခြင်းလုပ်ငန်းက ရရှိတဲ့ အကျိုးအမြတ်ဟာ ၁,၀၀၀ % ၀န်းကျင်လောက်အထိ အမြတ်များပါတယ်။ ဧရာမ အမြတ်အစွန်းရရှိတဲ့ လိင်ကျွန်ပြုပြီး လူကုန်ကူးခြင်းလုပ်ငန်းကို လည်ပတ်စေဖို့အတွက် အရင်းနည်းနည်းနဲ့ ဓါးစာခံတွေ ရဖို့ပဲ လိုပါတယ်။ အဓိကအချက်ကတော့ တစ်နေ့ထဲမှာ ဓါးစာခံကို အကြိမ် ၂၀ လောက်အထိ ရောင်းချနိုင်တယ်။ ဒါဆိုရင် ဓါးစာခံတစ်ယောက်အပေါ်က ဒေါ်လာထောင်နဲ့ချီပြီးတော့၊ ဒါမှမဟုတ် သောင်းချီပြီတော့ အမြတ်ထုတ်ယူနိုင်တယ်။” ဟု ၎င်းက ဆိုသည်။
ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် လိင်ဖြေဖျော်ရေးလုပ်ငန်းကို ၂၀၀၀ ခုနှစ်တွင် တရားဝင်ဥပဒေဖြင့် ခွင့်ပြုခဲ့သည်။ လိင်ဖျော်ဖြေ ရေးဖြင့် အသက်မွေးဝမ်းကျောင်သူ တစ်ရာကို နှစ်နှင့်ချီကာ ရဲအဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားသဖြင့် မကျေနပ်မှုများ ပေါက်ကွဲကာ အမျိုးသမီးများလွတ်လပ်ရေးနှင့် တန်းတူအခွင့်အရေး ရရှိရေးတို့အတွက် ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည်။ အမျိုးသမီးများ၏ ကြေညာချက်က ဥပဒေမူဘောင်အသစ်တစ်ခု ပေါ်ပေါက်ရေးအတွက် အချက်ပြခဲ့သည်။ သို့သော် အမျိုးသမီးများလုံလောက်သော ကာကွယ်စောင့်ရှောက်မှုများ မရရှိခဲ့ဟု ဆိုသည်။
အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှုပေးရမည့်အစား၊ အမျိုးသမီးများအပေါ်နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်သော နိုင်ငံ၌ လိင်မှုဆိုင်ရာ အမြတ်ထုတ်သော စီးပွားရေးလုပ်ငန်းများ ဖွ့ံဖြိုးလာခဲ့သည်။ နိုင်ငံတဝှမ်းတွင် အမျိုးသမီး ၅ ယောက် တွင် တစ်ယောက်သည် အသက် ၁၅ နှစ်မပြည့်မီ အိမ်ထောင်ကျခဲ့ကြသည်။ အမျိုးသမီးဦးရေ၏ လေးပုံ တစ်ပုံမျှသာ စာရေးတတ်ဖတ်တတ်ရုံဖြင့် ပညာရေးပြီးဆုံးသည်။ အဆင့်မြင့်ပညာတတ်ဖြစ်ရန် ငွေကုန်ကြေးကျများလွန်း၍ တတ်နိုင် သည့် အမျိုးသမီး သိပ်မရှိလှပေ။
‘ကြေးစားလိင်ဆက်ဆံရေးလုပ်ငန်း’ တရားဝင်ဖြစ်လာသည့်အချိန်တွင် လူကုန်ကူးမှုနှင့် အဓမ္မအလုပ်ခိုင်းစေမှုတို့သည် တရားဝင်ခြင်း မရှိပေ။ သို့သော် ဥပဒေပြုရေးကဏ္ဍ အားနည်းချည့်နဲ့သည့် နိုင်ငံဖြစ်သည့်အလျောက် အမျိုးသမီးများသည် လူကုန်ကူးသူများ၏ ပစ်မှတ်သားကောင်အဖြစ် အလွယ်တကူ ကျရောက်ခဲ့ကြသည်။ လူကုန်ကူးသူတို့သည် ဥပဒေ၏ အပြစ်ပေးခံရခြင်းမှလည်း ကင်းလွတ်နေကြသည်။ ဘင်္ဂလားဒက်ရှ်အစိုးရ၏ ခန့်မှန်းတွက်ချက်မှုအရ နိုင်ငံအတွင်း လိင်ဖြေ ဖျော်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေကြသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ အရေအတွက် တစ်သိန်းခန့်ရှိသည်ဟု ဆိုသည်။ သုတေသနအစီရင်ခံချက်များအရ မိမိစိတ်ဆန္ဒအလျောက် ‘ကြေးစားလိင်ဆက်ဆံရေးလုပ်ငန်း’သို့ ၀င်ရောက် လုပ်ကိုင်သည့် အမျိုးသမီးအရေအတွက်သည် ၁၀% ထက်နည်းသည်ဟု ဆိုသည်။ စုံစမ်းလေ့လာမှုအရ တွေ့ရှိရသည်မှာ ကာယကံရှင်၏ သဘောဆန္ဒမပါဘဲ သူစိမ်းများ၊ မိသားစုဝင်များနှင့် လင်ယောက်ျားများ၏ ရောင်းစားခံရခြင်းကြောင့် လိင်ကျွန်ဘဝရောက်ကြရသည့် အမျိုးသမီး အရေအတွက်မှာ ရာပေါင်းများစွာ ရှိကြောင်း သူတို့၏ ပြန်ပြောပြချက်များအရ သိရသည်။ .
ဧပြီလတွင် ဒက္ကားထရီဗြွုန်း(Dhaka Tribune) သတင်းစာ၏ သတင်းပေးပို့ချက်အရ လူကုန်ကူးမှုနှင့် ဆက်စပ် ပတ်သက် ခြင်းကြောင့် ဖမ်းဆီးအပြစ်ပေးခံရသော အမှုဖြစ်ပွားနှုန်းသည် ၁%၏ တဝက်ထက်ပင်နည်းသည်ဟု ဆိုသည်။ ၂၀၁၃ ခုနှစ် မှစ၍ လူကုန်ကူးမှုနှင့် ဆက်စပ် ပတ်သက်သောကြောင့် ဖမ်းဆီးခံရသူ အရေအတွက်သည် ၆၀၀၀ ကျော်ရှိသော်လည်း၊ ၂၅ ယောက်သာ ပြစ်ဒဏ်စီရင်ခံရသည်။ ယခင်နှစ်ကဆိုလျှင် ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် လူကုန်ကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံ ရသူ ၈ ယောက်သာရှိသည်။
အမျိုးသမီးအတော်များများ မိမိတို့နေအိမ်၌ဖြစ်စေ၊ လမ်းပေါ်၌ဖြစ်စေ၊ ကြေးစားလိင်ဆက်ဆံမှု အရောင်းအဝယ်ပြုကြ သော်လည်း အမျိုးသမီး ၅၀၀၀ ကျော်မှာ နိုင်ငံတဝှမ်းရှိ ကြေးစားလိင်လုပ်ငန်းကြီး ၁၁ ခုတွင် အနှန့်အပြန့်ရောက်ရှိနေကြ သည်။ နှစ်ရာပေါင်းများစွာ နောက်ကြောင်းပြန်ကြည့်ပါက၊ ကြေးစားလိင်လုပ်ငန်းတိုင်း အုပ်ချုပ်သူအစိုးရထံ၌ မှတ်ပုံတင်ကြ ရသည်။ လိင်လုပ်ငန်းတစ်ခုစီအား ဒေသဆိုင်ရာ ရဲအဖွဲ့က စောင့်ကြည့်ရသည်ဟု သိရသည်။ ဘင်္ဂလားဒက်ရှ်တွင် မုဒိန်းမှု၊ လိင်ကျွန်ပြုမှုနှင့် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်များအား မတော်မတရားပြုကျင့်မှုများကို စောင့်ကြည့် အတည်ပြုခြင်းလုပ်ရာတွင် သြဇာကြီးသော အဖွဲ့အစည်း ၃ ရပ်ရှိသည်။ ၎င်းတို့မှာ အစိုးရ၊ ရဲတပ်ဖွဲ့နှင့် ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ကြသည်။
“ဘင်္ဂလားဒက်ရှ် ရဲအဖွဲ့က ဇိမ်ခန်းတွေမှာ ဖြစ်ပျက်နေသမျှ အရာရာတိုင်းကို သိနေကြတယ်။” ဟု ‘အဇာရူလ် အစ္စလမ်’ က ပြောသည်။ အဇာရူလ် အစ္စလမ်သည် ဂျက်ဆိုးဒေသ လူ့အခွင့်အရေးအဖွဲ့၏ စီမံကိန်းမန်နေဂျာ ဖြစ်သည်။ ထိုအဖွဲ့သည် ဒေသဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့က လိင်ကျွန်အဖြစ် ရောင်းစားခံရသော ကလေးငယ်များကို စိတ်ပိုင်း/ရုပ်ပိုင်း ပြန်လည်ထူထောင်ရေးပြုလုပ်ပေး၍၊ သက်ဆိုင်ရာ မိသားစုများထံ ပြန်ပို့ပေးသည့် တာဝန်ကို ဆောင် ရွက်လျှက်ရှိသည်။
“လိင်ကျွန်လုပ်ငန်း(ဇိမ်ခန်း)ပိုင်ရှင်တွေဟာ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွယ်နေကြတယ်။ နိုင်ငံရေးပါတီ ခေါင်း ဆောင်တွေ၊ ဥပဒေစိုးမိုးရေးဘက်က အရာရှိတွေလည်း အဲဒီ လူဆိုးဂိုဏ်းတွေနဲ့ ပတ်သက်နေကြတာပါပဲ။” ဟု ‘အဇာရူလ် အစ္စလမ်’ က ပြောသည်။
အကျင့်ပျက်လာဘ်စားနေကြသည့် အစိုးရအရာရှိများသည် လိင်ကျွန်ပြုလုပ်ငန်းများ၏ မတော်မတရားပြုမှုများကို မမြင်ချင် ယောင်ပြုကာ မျက်နှာလွှဲထားကြသည်။ မျက်နှာလွှဲပေးထားသည့်အတွက် ထိုအစိုးရအရာရှိများအား ဇိမ်ခန်းပိုင်ရှင်များက လာဘ်ငွေနှင့် အထူးလိင်ဖျော်ဖြေမှုအခင့်အရေး ပေးကြသည်။
စုံစမ်းလေ့လာမှု၏ အစိပ်အပိုင်းတစ်ရပ်အဖြစ်၊ ကြေးစားလိင် ဆက်ဆံရေးလုပ်ငန်း(ဇိမ်ခန်း) ၄ ခုတွင် အလုပ်လုပ်နေသည့် အရွယ်မရောက်သေးသော မိန်းကလေး ၂၀ ကျော်က သူတို့ ၏ ၁၈ နှစ်ပြည့်ကြောင်း တရားဝင် မှတ်ပုံတင် အသိအမှတ်ပြု လက်မှတ်များကို စုံစမ်းရေးအဖွဲ့ဝင်တို့အား ပြသခဲ့သည်။ သူတို့အနက်မှ တစ်ဦးက လက်ရှိအချိန်အထိ သူမ၏ အသက်မှာ ၁၃ နှစ်သာရှိသေးသည်ဟု ပြောပြခဲ့သည်။
“အဲဒါ ဥပဒေထိန်းသိမ်းရေးအဖွဲ့နဲ့ဒေသခံမာဖီးယားဂိုဏ်းတွေရဲ့ လက်ချက်ပေါ့။” ဟု ‘မာမူဒူလ် ကဘီယား’ က ပြောသည်။ သူသည် နယ်သာလန်နိုင်ငံအခြေစိုက် NGO Terre des Hommes အဖွဲ့၏ ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သည်။ “ပြီးတော့ အာဏာပိုင်အဖွဲ့ယန္တရားကြီး တစ်ခုလုံးနဲ့ဆက်သပ်နေတာ ပေါ့။” ဟု မာမူဒူလ် ကဘီယား က ဆိုသည်။
အမျိုးသမီးများနှင့် ကလေးသူငယ်များသည် လူကုန်ကူးရောင်းစားခံကြရပြီး ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ လိင်ကုန်ကူးမှုလုပ်ငန်း အတွင်းသို့ပုံမှန်စီးဝင်လျှက်ရှိသည်။ ထိုသို့ဖြစ်နေရခြင်း၏ အဓိပ္ပါယ်မှာ မိန်းကလေးငယ်များသည် သူတို့အား ရောင်းဝယ် ကာ ငွေကြေးအမြတ်ရနေသူတို့အဖို့ စွန့်ပစ်ရလွယ်ကူသောကြောင့် ဖြစ်သည်။ သူတို့ကိုယ်သူတို့အဆုံးစီရင်သွားကြ သော အမျိုးသမီးအရေအတွက်မှာလည်း မှတ်သားလောက်စရာ အခြေအနေတစ်ခု အထိရောက်ရှိလာသည်။ ဘင်္ဂလားဒက်ရှ်နိုင်ငံအလယ်ပိုင်း၊ တန်ဂေးလ်မြို့ဆင်ခြေဖုံးရှိ ‘ကန္ဒာပါရ’ ဇိမ်ခန်းနှင့် ပဒ္ဒမာဖြစ်ကမ်းပေါ်ရှိ ‘ဒေါ်လဒ္ဒီးယား’ ဇိမ်ခန်း ၂ ခုဆိုလျှင် သီးသန့်သုဿန်များ ပြုလုပ်၍ သေဆုံးသူတို့၏အလောင်းများကို မြှုပ်နှံနေရသည်ဟု ဆိုသည်။
“တစ်လမှာ တစ်ယောက်တော့ သေနေတာပဲ။” ဟု အသက် ၅၇ နှစ်ရှိသည့် ‘ရှီလ်ပီ’ ကပြောသည်။ ‘ရှီလ်ပီ’ သည် ၁၉၇၇ ခုနှစ် က ဒေါ်လဒ္ဒီးယား ဇိမ်ခန်းသို့ ရောင်းစားခံခဲ့ရသူဖြစ်သည်။ “အရင်က ဒီလောက်များများ သေတာမဟုတ်ဘူး။” ဟု ရှီလ်ပီ က ဆိုသည်။ ယခုအခါ ရှီလ်ပီသည် အသုဘ ကိစ္စများကို ဆောင်ရွက်ပေးနေသည်။ မြေမြှုပ်သင်္ဂြု ိဟ်ခြင်းမပြုမီ ရှီလ်ပီ က အလောင်းတိုင်းကို ရေချိုးပေးရသည်။ ထို့နောက် လိင်လုပ်ငန်းမှ လုံခြုံရေးအစောင့် ၁၂ ယောက်ပါသည့် အဖွဲ့က ခြုံနွယ်များ ဖုံးလွှမ်းနေသော သုဿန်မြေဆီသို့ သယ်ပို့ကြရသည်။ နောက်ဆုံးတွင် သင်းချိုင်းမြေပုံထက်၌ ဆုတောင်းစာ တိုတိုရွတ်ဖတ် အဆုံးသတ်လိုက်သည်။ ဤသုဿန်၌ မိန်းကလေးအလောင် မည်မျှ မြှုပ်နှံခဲသည်ကို ရှီလ်ပီ မသိဟု ဆိုသည်။ တစ်ရာပြည့်ပြီးနောက် သူဆက် ရေတွက်ခြင်း မလုပ်တော့ဟု ဆိုသည်။
“တချိန်ကတော့ သူတို့အလောင်းတွေ လယ်ပင်းမှာ ကျောက်တုံးတစ်တုံးစီဆွဲပြီး ရေအိုင်ထဲ ပြစ်ချလိုက်တာပဲ။” ဟု ‘ရှီလ်ပီ’ က ဖြည့်စွက် ပြောသည်။
“ဒါပေမယ့် အလောင်းတွေက တခါတရံမှာ ရေပေါ်မှာ ပေါ်လာပြီး မျောနေတယ်။ ဒါကြောင့် သုဿန်အတွက် ကျမတို့ မြေနေရာ ရှာရတာပေါ့။” ဟု ရှီလ်ပီ ပြောသည်။
‘မိုင်မင်းဆင်းဂ်’ ဆိုသော လိင်ဖျော်ဖြေရေးရွာတွင်မူ ထိုကဲ့သို့သော သုဿန်မြေ မရှိ။ သို့သော်လည်း မလိုအပ်သည်တော့ မဟုတ်ပေ။ သုဿန်ထားသည့်အစား အလောင်းများကို ညဉ့်နက်ချိန်တွင် ရွာအပြင်သို့သယ်ထုတ်သွားပြီး လက်နှိပ်ဓါတ်မီး အသုံးပြုကာ လူမသိသူမသိ မြှုပ်နှံခဲ့သည်ဟု ဆိုသည်။
အများပြည်သူ မြှုပ်နှံရာ သင်းချိုင်းများတွင် သူတို့ကို သင်္ဂြု ိဟ်ခွင့် မပြုပေ။ ဘင်္ဂလားဒက်ရှ်တွင် လိင်အလုပ်သမများသည် ဂုဏ်နိမ့်သူများဖြစ်သဖြင့် ဒေသန္တရ စည်ပင်သာယာရေး သုဿန်များတွင် မြှုပ်နှံခွင့် မပြုပေ။ “ဒီနိုင်ငံမှာ ကျမတို့ တတွေက ဂုဏ်ကျက်သရေမရှိတဲ့ မိန်းမဆိုးတွေပေါ့လေ။” ဟု ‘ရှီလ်ပီ’ ကဆိုသည်။ “မိန်းကလေးတစ်ယောက် သူ့ကိုယ်သူ သတ်သေ သွားခဲ့ရင်၊ သေရင်အေးတာပဲ။ အဲဒါ သူတို့အဖို့ ငရဲကို အမြန်ဆုံး သွားတဲ့နည်းပဲလို့ လူတွေကပြောကြတယ်။” ဟု ‘ရှီလ်ပီ’ ပြောသည်။
လာဘွန်နီသည်လည်း ကြိမ်ဖန်များစွာ သေကြောင်းကြံခဲ့ဖူးသည်ဟု ဆိုသည်။ “တနေ့နေ့မှာ ကျမထပ်ပြီ သေကြောင်း ကြံမိမယ်ထင်တယ်။” ဟု အိပ်ခန်းဆီသို့သွားသည့် အလုံပိတ်အခန်း ကွန်ကရစ်ကြမ်းပြင်ပေါ်၌ ထိုင်နေရင်း သူမက ပြောဖူးသည်။ သူမ၏ ဖေါက်သည်များ၏ ဖုံးနံပတ်များကို နံရံပေါ်တွင် ရေးခြစ်ထားသည်။ ထိုအခိုက်တွင် သူမသည် နေ့စဉ် လိုလို ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် လုပ်မိတတ်သည်။
ထိုကဲ့သို့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော စိတ်ရောဂါ ပြဿနာများသည် ဘင်္ဂလားဒက်ရှ်နိုင်ငံရှိ စာချုပ်မိနေသော လိင်ဖြေဖျော်ရေးအလုပ်သမများအတွင်း ကပ်ရောဂါတစ်ခုပမာ ပြန့်ပွားနေသည်။ သူတို့၏အကြွေးများ လုံးဝပေးဆပ်ပြီး သည့်နောက်မှာပင် ယင်းစိတ်ရောဂါကို ပစ်ခွာထားခဲ့ရန် အလွန်ခက်ခဲနေသည်ဟု ဆိုသည်။ သို့သော်လည်း အဆိုပါ အမျိုးသမီးများအတွက် စိတ်ရောဂါကုသမှုအထောက်အကူဟူ၍ မရှိသလောက်ဖြစ်နေသည်။ စိတ်ရောဂါကုသမှု စီစဉ်ပေး သဖြင့် အထောက်အကူဖြစ်သွားသည့် သာဓကရှိပါသည်။ “ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာအမျိုးသမီးရှေ့နေများအစည်းအရုံး” (BNWLA)က လူကုန်ကူးခံရသော အရွယ်မရောက်သေးသူ ဓါးစာခံများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ပေးနေပါသည်။ “သူတို့အိမ်ကို ပြန်ရောက်ခါစမှာ ထိတ်လန့်တုန်လှုပ်နေကြတယ်။” ဟု BNWLA ၏ စိတ္တဗေဒ ပညာရှင် ‘ဆာဒီးယား’ရှားမင်’အူရ်မီ’ က ပြောသည်။
သူတို့အခြေအနေတိုးတက်ကောင်းမွန်လာအောင် အထောက် အကူ ဖြစ် စေမည့် စိတ်ရောဂါကုထုံးကို အသုံးပြုရမည်ဟု ဆိုသည်။ သုံးလခန့်အတွင်း၌ သူတို့တိုးတက်ကောင်းမွန်လာသည်ဟု ‘ဆာဒီးယား ရှားမင်အူရ်မီ’ က ပြောသည်။ “သူတို့ကိုယ်သူတို့ ဘေးကင်းလုံခြုံပြီလို့သိရှိလာပါတယ်။ ဒါဟာ အများကြီး တိုးတက်လာတယ်လို့ ဆိုရမယ်။” ဟု သူမက ဆိုသည်။
‘လာဘွန်နီ’အဖို့မှာမူ အမြဲပင် အကူအညီရလိမ့်မည်ဟူသော ထင်မြင်ချက်မှာ ဖြစ်လာဖွယ်မရှိဟု ခံစားနေရသည်။ “ကျမ ဘဝတလျှောက်လုံး လူတွေက လိင်ဆက်ဆံဖို့ကိစ္စပဲ ပြောကြနေကြတာ။ လိင်ဆက်ဆံမှ သူတို့ ပိုက်ဆံရမယ်ဆိုတာပေါ့။ ဒီဘဝက လွတ်မြောက်ဖို့ ကျမဘယ်လောက်တောင် ဆက်ပြီးငွေရှာနေရဦးမှာလဲ။” ဟု ‘လာဘွန်နီ’ က ဆိုသည်။
ယခုအချိန် လွတ်မြောက်ပြီဆိုပါက သူမ၏ သမီးနှင့် ဗီဒီယိုဖုန်းလိုင်းပေါ်တွင် နေ့စဉ် စကားပြောရန် စီစဉ်မည်ဟု ဆိုသည်။ လာဘွန်နီ၏ သမီးသည် သူ့အစ်မနှင့်အတူ ဒက္ကားမြို့၌ နေထိုင်လျှက်ရှိသည်။ “ကျမ သူ့ကို ဒီမှာ ကြီးပြင်းလာအောင် မမွေးမြူနိုင်ပါဘူး။ အဲဒီအတွက် ကျမစိတ်ထိခိုက်ရပါတယ်။ ဒါပေမယ့် ကျမသိပါတယ်၊ သမီးလေးပျော်ရွှင်နေမှာပါ။” ဟု လာဘွန်နီက ပြောသည်။ “တနေ့ သူအရွယ်ရောက်လာတဲ့အခါ ကျမက သူ့အမေ အရင်းဆိုတာကိုတော့ သိလာစေချင်ပါတယ်။” ဟု ဆိုသည်။ ။
×××××××××
Notable notes:
- နိုင်ငံတကာ သတင်းပေးပို့ချက်နှင့် သတို့သမီးမဟုတ်သော မိန်းကလေးများ အတွက် ပိုမိုပြည့်စုံသည့် သတင်းပေးပို့မှု တာဝန် ဆောင်ရွက်ချက်
- ဤစုံစမ်းလေ့လာဖေါ်ထုတ်ချက်ကို Ali Ahsan နှင့် Pragna Chakma တို့က နောက်ဆက်တွဲသတင်းပေးပို့သည်။
- ၄၀.၃ သန်း
ကမ္ဘာပေါ်တွင် ခေတ်သစ်လိင်ကျွန်ပြုနည်း တစ်နည်းနည်းအောက်၌ နေထိုင်ရသော လူအရေအတွက် ကိန်းဂဏန်း။ ဓါးစာခံအားလုံး၏ ထက်ဝက်ကျော်သည် အဓမ္မခိုင်းစေခံရသူများ ဖြစ်သည်။ လိင်ကျွန်အဖြစ် ရောင်းဝယ်ခြင်းသည် ခေတ်သစ်ကျွန်ပြုနည်း တစ်မျိုး ဖြစ်သည်။ ယင်းသို့အဓမ္မကျွန်ပြုရာတွင် ခြိမ်းခြောက် ဖိအားပေးခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်းနှင့် အဓမ္မအနိုင်ကျင့်ခြင်း စသည့်နည်းလမ်းများကို အသုံးပြုဆောင်ရွက်ခြင်းဖြင့် တစုံတယောက် အပေါ်မှ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ကာ အကျိုးအမြတ်ရယူရန် ပြုလုပ်ခြင်းဖြစ်သည်။
- ၉၉%
တစ်ကမ္ဘာလုံးတွင် လိင်ကုန်ကူးခံရသူ ဓါးစာခံများသည် ခန့်မှန်ခြေ ၄.၈ သန်း ရှိ၍ လိင်ဆက်ဆံရေးလုပ်ငန်း၌ အလုပ်လုပ်နေကြရသူအားလုံး၏ ၉၉ ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်သည်။
- ၁၃,၀၀၀
ဗြိတိန်အစိုးရ၏ ခန့်မှန်းချက်အရ ဗြိတိန်၌ လက်ရှိ ခေတ်သစ်လိင်ကျွန်ပြုနည်းဖြင့် လိင်ကုန်ကူးခံရသူ ဓါးစာခံ ၁၃,၀၀၀ ခန့်ရှိသည်။
- ၇၀%
တစ်ကမ္ဘာလုံးတွင် လိင်ကုန်ကူးခံရသူ ဓါးစာခံ ခန့်မှန်ခြေ ၄.၈ သန်းရှိသည့်အနက် ရ၀% သည် အာရှနှင့် ပစိဖိတ်ဒေသ တွင် ရှိသည်။
- ဒေါ်လာ ၁၅၀ ဘီလီယံ
ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ခေတ်သစ်လိင်ကုန်ကူးမှုလုပ်ငန်းမှ နှစ်စဉ်ရရှိငွေသည် အမေရိကန် ဒေါ်လာ ၁၅၀ ဘီလီယံ ခန့်ရှိသည်။ လိင်ကျွန်ကုန်ကူးသူများသည် ဓါးစာခံတစ်ဦးကို ရောင်းချလျှင် အမြင့်ဆုံး £၂၉,၀၀၀ အထိ ရရှိသည်။
Ref: The Living Hell of young girls enslaved in Bangladesh’s brothels by Corinne Redfern
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar