Breaking News

လှကျော်ဇော - တရုတ်ပြည်ရဲ့ ခရီးရှည်ချီတက်ပွဲသစ် (၁၀)


လှကျော်ဇော - တရုတ်ပြည်ရဲ့ ခရီးရှည်ချီတက်ပွဲသစ် (၁၀)

(မိုးမခ) ဖေဖော်ဝါရီ ၄ ၊ ၂၀၂၃


ဗဟိုစည်းကမ်းစစ်ဆေးရေးကော်မရှင်

၂၀၁၂ မတ်လဆန်းမှာ တရုတ်ပြည်မှာ နိုင်ငံရေးငလျင်ကြီး လှုပ်ခတ်သွားပါတယ်။

ချုံကင်းက မြို့တော်ဝန် ပေါရှီလိုင် ကို ရာထူးများက ရပ်စဲလိုက်ပြီး ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ကြေညာလိုက်ပါတယ်။ ဒါ့အပြင် ပါတီ စည်းကမ်းများကို ဖောက်ဖျက်မှုများနဲ့လည်း ဆက်လက် စုံစမ်းအရေးယူသွားမယ်လို့လည်း ဆက်ကြေညာထားပါတယ်။

ပေါရှီလိုင် ဆိုတာ တရုတ်ကွန်မြူနစ်ပါတီက အဆင့်မြင့်ခေါင်းဆောင် (နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)တဦးဖြစ်ပြီး အစိုးရအဖွဲမှာလည်း ရာထူးကြီးများကို ထမ်းဆောင်ခဲ့သူပါ။ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ကုန်သွယ်ရေးဝန်ကြီး စတဲ့ ရာထူးများပါ။ နောင် ပါတီကွန်ဂရက်ကျရင် ပိုအဆင့်မြင့်တဲ့ ပါတီ သို့မဟုတ် အစိုးရ နေရာရနိုင်တယ်လို့လဲ တစ်ပြေးနေသူပါ။ ဒါ့အပြင် သူ့ဖခင်ဟာ အသက် (၁၀၀) အထိ နေထိုင်သွားတဲ့ (ဥက္ကဋ္ဌမော်ခေတ်က) ဗိုလ်ချုပ်ကြီး ပေါရိပေါ ဖြစ်ပြီး တရုတ်ပြည်ရဲ့ အစောပိုင်းအစိုးရခေတ်များမှာ ဒုဝန်ကြီးချုပ်လည်း ဖြစ်ခဲ့သူပါ။

တကယ့်ကျားမှ ကျားကြီး စစ်စစ်။

ဒီနောက်မှာတော့ အံ့သြစဖွယ် လျှို့ဝှက်သဲဖို ရုပ်ရှင်ဆန်ဆန် ဇာတ်ကွက်တွေတကွက်ပြီးတကွက်ထွက်လာပါတယ်။

ချုံကင်းက ဒုမြို့တော်ဝန် ၀မ် က ချုံကင်းမှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကိုဝင်ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းတာ၊ အကြောင်းပြချက်က ရာဇ၀တ်မှု ကျူးလွန်ထားတဲ့ ပေါရှီလိုင် ဇနီးက သူ့အသက် အန္တရာယ်ကို ခြိမ်းခြောက်လာလို့ တဲ့။ အဲဒီခေတ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တင်က (သူတို့ တရုတ်အရာရှိအချင်းချင်းကြားက လာဘ်ယူ-လာဘ်စားပဋိပက္ခဆိုပြီး)နိုင်ငံရေးခိုလှုံခွင့်ကိုငြင်းဆိုလိုက်ပြီး ပီကင်း ဗဟိုအစိုးရ ကို အကြောင်းကြားလိုက်ပါတယ်။ ဗဟိုက လုံခြုံရေးဌာန ဒုဝန်ကြီး ကိုယ်တိုင် အထူးလေယာဉ်နဲ့ ချုံကင်းကို လာပြီး ၀မ်ကိုခေါ်ဖို့လုပ်တာမှာ ချုံကင်းရဲအဖွဲ့ (အမြီးစားဖက် -ခေါင်းစားဖက်တွေ)က သူတို့လူ မထည့်ဘူး လုပ်ပါသေးတယ်။

အဲဒီဝမ်ရဲ့ ထွက်ဆိုချက်များအရ ပေါရှီလိုင် ဇနီးမောင်နှံတို့ရဲ့ (အင်္ဂလိပ်စီးပွားရေးသမားများ၊ ပြည်တွင်းစီးပွားရေးသမားများနဲ့ ပေါင်းပြီး) လာဘ်စားမှုတွေ၊ ပေါရှီလိုင်ဇနီး (သူကိုယ်တိုင်လဲ ဗိုလ်ချုပ်ကြီးတဦးရဲ့သမီး ဖြစ်ပြီး အထက်တန်းရှေ့နေတဦး)ရဲ့ စိတ်လိုက်မာန်ပါလက်လွန်မှု (အင်္ဂလိပ် စီးပွားရေးသမားနဲ့ စကားများရာက အဆိပ်ခပ် သတ်လိုက်မှု) စတာ စတာတွေ ထွက်ပေါ်လာပါတယ်။

ဒီအမှုကို တခြားပြည်နယ်တခုမှာ လူထုတရားရုံးမှာ စစ်ဆေးပြီး အမှုများနဲ့ သက်ဆိုင်သူအားလုံးနီးပါး တသက်တကျွန်း ကျသွားကြပါတော့တယ်။

တရုတ်ပြည်ရဲ့ ခေတ်ဆက်ဆက် လုပ်ဆောင်ခဲ့တဲ့ လာဘ်စားမှုတိုက်ဖျက်ရေးတိုက်ပွဲမှာ ဒီအမှုဟာအလှည့်အပြောင်းကြီးတရပ် ဖြစ်သွားပါတော့တယ်။ စကာစ က(အရင်တုန်းကလိုပဲ) သိပ်ရေရှည်ခံမဲ့ပွဲ မဟုတ်ဘူး။ အဖျားရှူးသွားလိမ့်မယ်လို့ ပြည်သူတွေက သံသယနဲ့ စောင့်ကြည့်ခဲ့တာပါ။ သက်သေများကလည်း အစောပိုင်း ဘယ်သူမှ ရဲရဲမထွက်ဆိုရဲခဲ့ပါဘူး။ (ဒါကြောင့် တခြားပြည်နယ်တခုပြောင်း တရားစွဲရတာပါ။) ဒီတချီမှာတော့ ပြည်သူတွေက (တကယ်တွယ်တာဟ-လို့)အားတက်သွားပြီး၊သူတို့ဆီမှာရှိတဲ့ သဲလွန်စတွေ၊ ပါတီရဲ့ လုပ်ဟန်နဲ့မကိုက်တဲ့အချက်တွေကို စ ပြောရဲ ဆိုရဲ သတင်းပေးရဲဖြစ်လာပါတော့တယ်။

ကြုံကြိုက်လာလို့ တရုတ်အစိုးရက သူတို့ရဲဌာနတွင်း အဂတိလိုက်စားမှုတွေကို ဘယ်လို ကာကွယ် တိုက်ဖျက်ခဲ့ရသလဲဆိုတာလေး ပြောပြပါဦးမယ်။ ဘယ်လောက်တောင် အသေးစိတ်လုပ်ရတယ် ဆိုတာ သိရအောင်။

ဥပမာ-တနေရာက နာမည်ကြီး ဂိုဏ်းတခုခုကို ဖြေရှင်းတော့မယ် ဆိုပါစို့။

တခြား ခပ်ဝေးဝေးပြည်နယ်တခုက ရဲဌာနတခု မှာ မနက် အလုပ်တက်ချိန် ဌာနတွင်း ဝင်လာတဲ့ ရဲအမှုထမ်းတိုင်း မိမိတို့ကိုင်လာတဲ့ ဖုန်းတွေ၊ ပတ်လာတဲ့ နာရီတွေကို တံခါးပေါက်မှာ စောင့်နေသူထံ အပ်ရပါတယ်။ ဒီနောက် ရဲ တိုင်းကို ဗုံးရှာတဲ့ ကိရိယာနဲ့ တကိုယ်လုံးရှာဖွေပြီးမှ (အပြင်နဲ့အဆက်အသွယ်လုပ်နိုင်တဲ့ ပစ္စည်းဘာမှ မပါဖို့) အစည်းအဝေးအခန်းထဲ ဝင်ရပါတယ်။ အခန်းထဲဝင်ကတည်းက စကားတခွန်းမှ မပြောရဘူး။ အမိန့်ပေးတာပဲ နားထောင်ရတယ်။ အခန်းထဲ စောင့်နေတဲ့ ခေါင်းဆောင်(ဘယ်သူမှ နာမည်မသိဘူး။ သိလည်းမခေါ်ရဘူး။ ခေါင်းဆောင်လို့ပဲ ခေါ်ရတယ်။) က ဒီနေ့စစ်ဆင်ရေးရဲ့ အမည်ဝှက်ပဲ ပြောပြီး အဖွဲ့မှူးအမည်တွေနဲ့ အဖွဲ့ဝင်အမည်တွေကို ကြေညာပါတယ်။ ပြီးမှ အဖွဲ့လိုက် တဖွဲ့ပြီးမှ တဖွဲ့ နောက်တံခါးပေါက် တခုက ထွက်ရပြီး ကျည်ဆန်ကာအင်္ကျီတွေ၀တ်၊ထုတ်ပေးတဲ့လက်နက်ယူ၊ကားတွေပေါ်တက်၊လေယာဉ်ကွင်းသွား၊ ရဟတ်ယာဉ်ပေါ်တက်၊လေယာဉ်ဆင်းတဲ့အရပ်ဆင်းပြီး၊ အဖွဲ့မှူး လုပ်ခိုင်းသမျှ လုပ်ရပါတယ်။ အဖွဲ့မှူးကိုလဲ အမိန့်ပေးဗဟိုဌာနက တောက်လျှောက်အမိန့်ပေးနေတာ၊ ဘယ်ကွေ့ဆို ဘယ်ကွေ့ ဘယ်နေရာဝင်ဆို ဝင်၊ ဘယ်လိုအမိန့်ပေးဆို ပေး၊ အဲသလိုလုပ်ပြီး ဂိုဏ်းတွေကိုဖြိုရတာ။ ဒီလိုဂိုဏ်းများရဲ့နောက်မှာလည်း သူတို့ကို ကာကွယ်ပြီး မိုးပေးထားတဲ့ ထီးအကြီးစားကြီးတွေ (ပါတီထဲက သြဇာအာဏာရှိသူများကို ဆိုလို)ရှိတတ်တယ်။

ဒီနေရာမှာ အရေးအကြီးဆုံးအခန်းက ပါဝင်သူကတော့ ဗဟို စည်းကမ်းစစ်ဆေးရေးကော်မရှင်ပါပဲ။ ပါတီက တကယ့်အမာခံတွေ၊ နာမည်ပျက် လုံးဝမရှိသူတွေနဲ့ ဖွဲ့စည်းထားရုံမက၊ လုပ်နည်းကိုင်နည်းစည်းကမ်းတွေကလည်း သံမဏိစည်းကမ်းတွေ၊(တရုတ်ကွန်မြူနစ်တွေဟာ မြေအောက်လုပ်ငန်းအလွန်ပိုင်သူများပါ။)ဒါ့အပြင် ဗဟိုနဲ့ တိုက်ရိုက်ဆက်နိုင်တဲ့ အာဏာလည်းအပြည့်လည်းရှိပါတယ်။ (ဒါတောင် စုန်းပြူးတယောက် နှစ်ယောက် ထွက်လိုက်သေး။)

ဒီလိုနည်းနဲ့ ဂိုဏ်းတွေကို အတော်ဖြိုချလိုက်ပြီးနောက် (အမှုစစ်ဆေးတဲ့အခါမှာလည်း ရုပ်မြင်သံကြားက တိုက်ရိုက်ပြတာတွေရှိလို့) ပြည်သူတွေကလည်း အားတက်လာပါတယ်။

ဗဟိုစည်းကမ်းစစ်ဆေးရေးကော်မရှင်ကလည်းနေရာပေါင်းစုံကို (ဗြောင်အဖွဲ့တွေရော၊ လျှို့ဝှက်အဖွဲ့တွေရော၊)အဖွဲ့ခွဲတွေလွှတ်ပြီးရသမျှသဲလွန်စတွေစု၊သတင်းပေးနိုင်တဲ့ အရေးပေါ် ဖုန်းလိုင်းတွေ(hot line)တွေဖွင့်၊ သတင်းပေးသူများရဲ့ လုံခြုံရေးကိုလည်း အာမခံနဲ့ တက်ညီ လက်ညီ လုပ်ဆောင်နိုင်သမျှတွေကို (တချို့ဗဟို အာဏာသုံးပြီး) လုပ်ဆောင်နိုင်လိုက်လို့ အခုလို (ရှီကျင့်ပင် စကားအရ) သမိုင်းမှာ မကြုံဖူးတဲ့ အောင်ပွဲတွေရခဲ့ပြီး ပြည်သူလူထုရဲ့ အစိုးရနဲ့ ပါတီအပေါ် ယုံကြည်အားထားမှုဟာလည်း မြင့်တက်လာခဲ့ပါတယ်။

ဒီနေရာမှာ အတတ်ပညာ တိုးတက်လာမှုတွေက အတော် အသုံးဝင်ပါတယ်။ ပြည်သူတွေက စမတ်ဖုန်းတွေ ကိုင်စွဲလာနိုင်တာဟာလည်း ဒီတိုက်ပွဲကို အများကြီး အထောက်အကူပြုပါတယ်။ ဥပမာ-- အမှုကိစ္စတခုမှာ - ခရိုင်အတွင်းရေးမှူးတယောက်ဟာ အစည်းအဝေးလုပ်တိုင်း အဖိုးတန် နိုင်ငံခြားထုတ် နာရီတွေကို အလဲလဲပတ်လာတာပါ။ ဒါကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ဗဟိုအဖွဲ့ကိုပို့ပါတယ်။ ခရိုင်အတွင်းရေးမှူးရဲ့ လစာဟာ ဘယ်လောက်ပဲရှိတယ်။ ဒီဒေါ်လာသောင်းချီတန်တဲ့ နာရီ အမျိုးမျိုး ထည်လဲပတ်နေနိုင်တာ ဘာကြောင့်လဲလို့လည်း စာရေးမေးလိုက်ပါတယ်။ ဒီလိုနည်းနဲ့ ဗဟိုအဖွဲ့က လေ့လာစုံစမ်းဖို့ သဲလွန်စရသွားပါတော့တယ်။ ထို့အတူ ရုံးသုံးကားတွေကို နံပတ်ပြားအတု(အများသုံးကားနံပတ်ပြားသီးခြားရှိပါတယ်။)တွေတပ်ပြီး အရာရှိတွေ၊ ရဲဝန်ထမ်းတွေ မိသားစုအတွက် သုံးစွဲကြတာကိုလည်း အဲလိုပဲ ဓာတ်ပုံရိုက်ပို့ဖော်တာပါပဲ။

ဒီလိုနည်းနဲ့ အမှုသေး အမှုကြီးတွေ တစစီ ပေါ်ထွက်လာပါတော့တယ်။

၂၀၁၂ (၁၈) ကြိမ်မြောက်ကွန်ဂရက်ကစလို့ ဗဟိုစည်းကမ်းစစ်ဆေးရေးအဖွဲ့က အမှုပေါင်း ၎.၆ သန်းကို ဗဟိုအဆင့်ခေါင်းဆောင် = ၅၅၃ ဦး။

ဌာနခေါင်းဆောင်အဆင့်လိုက် အရာရှိပေါင်း=၂၅၀၀၀ ဦး။ ခရိုင်အဆင့်အရာရှိပေါင်း - ၁၈၂,၀၀၀ ဦးကိုရာဇ၀တ်မှုနဲ့ တရားရုံးတွေမှာ စွဲချက်တင်နိုင်ခဲ့ပါတယ်။


(ကိုးကား။ https://www.globaltimes.cn/page/202210/1277441.shtml?id=11)

ဒီအောင်ပွဲကို ထိန်းသိမ်းပြီး ခိုင်မာအောင် လုပ်ဖို့လိုတယ်လို့လည်း တပ်လှန့်ထားပါတယ်။

နောက်အပတ်မှာတော့ တခြားလာဘ်စားနည်းတွေအကြောင်း ရေးပါဦးမယ်။

လှကျော်ဇော

၃-၂-၂၀၂၃။

ပုံ။ ပေါရှီလိုင်အမှုစစ်စဉ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar