Breaking News

ဆောင်းယွန်းလ ● ငြိမ်းချမ်းရေး

ဆောင်းယွန်းလ ● ငြိမ်းချမ်းရေး
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၉

ငြိမ်းချမ်းရေးဟာ
ဆိတ်ငြိမ်တဲ့ ကဖေးဆိုင်ကလေးတဆိုင်
ငြိမ်းချမ်းရေးဟာ
ဘုရားကျောင်းဝန်းထဲက သစ်ပင်ရိပ်
ငြိမ်းချမ်းရေးဟာ
လူစုံတက်စုံဝိုင်းဖွဲ့ထိုင်နိုင်တဲ့ ညစာစားပွဲ
ငြိမ်းချမ်းရေးဟာ
မြက်ခင်းစိမ်းနဲ့တဲငယ်လေး
ငြိမ်းချမ်းရေးဟာ
ဇိမ်ခံကားကြီးထဲခုန်ပေါက်နေတဲ့ တက်ကနိုတီးလုံးတွေ
ငြိမ်းချမ်းရေးဟာ
အတားအဆီးမဲ့တသွင်သွင်စီးနေတဲ့ တောင်ကျစမ်းရေ
ငြိမ်းချမ်းရေးဟာ
အဖြတ်အတောက်ကင်းတဲ့ နံနက်ခင်းသတင်း
ငြိမ်းချမ်းရေးဟာ
သွေးအေးအေးလေချွန်နိုင်တဲ့ ညနေဆည်းဆာ
ငြိမ်းချမ်းရေးဟာ
ဆာလောင်မွတ်သိပ်မှုကို ဖြေဖျောက်နိုင်စွမ်းတဲ့မေ့ဆေး
ငြိမ်းချမ်းရေးဟာ
စားပွဲဝိုင်းပေါ်ကထွက်ကျလာတဲ့ ချွေးစက်တွေ
ငြိမ်းချမ်းရေးဟာ
တွေးလို့မကုန်နိုင်တော့တဲ့ အနာဂတ်တခုရဲ့
ရှုလို့မဆုံးနိုင်တော့တဲ့ တောအုပ်စိမ်းကြီး
ငြိမ်းချမ်းရေးဟာ
သေနတ်သံတွေမကြားရတော့မယ့် မနက်ဖြန်
ငြိမ်းချမ်းရေးဟာ
စစ်ပွဲတွေထဲ အကြိတ်အနယ်ဆွေးနွေးဆဲ ဒီကနေ့။

ဆောင်းယွန်းလ