Breaking News

နိုင်စွမ်း ● မုတ်ဆိတ်ဖြူကြီးနှင့် သုရာ၏ မဟာလျှို့ဝှက်ချက်

နိုင်စွမ်း ● မုတ်ဆိတ်ဖြူကြီးနှင့် သုရာ၏ မဟာလျှို့ဝှက်ချက်
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၉

နိဒါန်း
လောကလူသားများအတွက် အ‌ရေးအကြီးဆုံးသော ‘သုရာ၏ မဟာလျှို့ဝှက်ကြီး’ကို မုချမသွေ သိမြင် ဖော်ထုတ်နိုင်ပြီဟု မုတ်ဆိတ်ဖြူ ပညာရှင်ကြီး တွက်ဆ ဆင်ခြင်မိသည့် ညတွင် ဘော်ငွေစန္ဒာ သော်တာလမင်း ကား ဝိုင်းစက်ပြည့်ဝန်းစွာ ထွက်ပေါ်လာချိန် ဖြစ်သည်။ အချိန်ကာလ သတ်မှတ်ချက်အားဖြင့် မကြာမီ သန်းခေါင်ယံ တိုင်ပေတော့မည်။ ထိုအချက်ကပင် မုတ်ဆိတ်ဖြူ ပညာရှင်ကြီးအတွက် အကောင်းဆုံးသော တန်ဆောင်တိုင်အခါသမယ၊ သို့မဟုတ် လူတိုင်း နားလည်သော ဆေးပေါင်းခသည့် ညပင်။ တစ်နည်းအားဖြင့်  ကောင်းကင်ယံတွင် ကြယ်တာရာနက္ခတ်စုံ ထွန်းလင်းတောက်ပ ဖြစ်နေသည့်အတွက် ပို၍ပို၍ပင် ကံကောင်း ပြည့်စုံနေသည်ဟုလည်း ယူဆ ကျေနပ်မိလေသည်။

သို့သော်… ဤ ‘မဟာလျှို့ဝှက်ချက်ကြီး’နှင့် ပတ်သက်၍ သူ့တွင် အနည်းငယ်သော လက်တွေ့ လုပ်ဆောင်ဖွယ် တချို့ ရှိနေသေးသည်ဟုလည်း သူ နားလည်ထားသည်။ ထိုအနည်းငယ်သော လက်တွေ့ လုပ်ဆောင်ဖွယ် ရာတို့သည်ကား များစွာ ထွေပြားလှခြင်း မရှိ။ လူသားတို့အတွက် အရေးအကြီးဆုံးသော မဟာလျှို့ဝှက်ချက် ကြီးအား အနုမာန တွေးကြံဆမိဖို့က သာ၍ပင် အခြေခံအရင်းကျကျ အရေးပါနေသည်ဟုလည်း မုတ်ဆိတ်ဖြူ ပညာရှင်သည် ရွှင်လန်းစိတ်ဖြင့် အားရနေတော့သည်။

အကယ်၍သာ မုတ်ဆိတ်ဖြူ ပညာရှင်ကြီးအနေဖြင့် ‘မဟာလျှို့ဝှက်ချက်ကြီး’နှင့် ပတ်သက်ပြီး လုပ်ဆောင် ဖွယ် ကျန်ရှိနေသည့် လက်တွေ့လုပ်ငန်းတချို့ကို လုပ်ဆောင်ပြီးမူ လောကလူသားတို့အတွက် မည်သည့် ထူးခြားချက်များ ရရှိလာမည်နည်း။ ထို့ထက်ပို၍ လူသားတို့အား ဆွဲဆောင်နိုင်စွမ်း ကြီးမားလှသည့် လျှို့ဝှက်ချက်ကြီး၏ အရှင်သခင် ‘သုရာ’ကား အဘယ်သို့ ရှိမည်နည်း စသည့် မေးခွန်းတို့သည် အေးမြသော လရိပ်အောက်တွင် လက်ပကော့ညွတ်နေသည့် သစ်ရွက်များ အချင်းချင်း တီးတိုး ပွတ်တိုက် မေးမြန်းမြည်သံ တရွှီရွှီ တရှဲရှဲကို လေပြည်ညင်းက သယ်ဆောင်သွားသကဲ့သို့ ဝန်းကျင်တခွင်လုံး သောသောညံ ပြည့်လျှံနေ ပေတော့သည်။

“သုရာသည် မည်သည့်အတွက်ကြောင့် လူသားများအား အလှပဆုံး ဆွဲဆောင်ထားနိုင်သနည်း”

အခန်း (၁)
လူထူးဆန်း မုတ်ဆိတ်ဖြူ
သူ့အား ပျူမြို့ဟောင်းဒေသ ဖြစ်သော မှော်ဇာတနယ်လုံးက လူထူးဆန်း မုတ်ဆိတ်ဖြူဟု ခေါ်ကြသည်။ လူထူးဆန်းဟု ခေါ်ဝေါ်ခံရသည့် အကြောင်းရင်းနှင့် မုတ်ဆိတ်ဖြူဟု ခေါ်ဝေါ်ခံရသည့် အကြောင်းရင်း အခိုင်အမာ ရှိသည်။ သူသည် မှော်ဇာဝန်းကျင်ရှိ ကျေးရွာတရွာတွင် မွေးဖွားခဲ့သည်ဟုသာ မှန်းဆနိုင်ရုံသာ မှန်းဆနိုင်ကြပြီး သူ၏ဇာတိရပ်ရွာ၊ မိဘ၊ ဆွေမျိုးသားချင်းများကိုမူ မည်သူမျှ မသိနိုင်ဘဲ ဖြစ်နေကြရသည်။ ဤကား သူ၏ပထမ ထူးဆန်းသည့်အချက် ဖြစ်သည်။

တဖန် သူသည် မိတ်ဆွေ သူငယ်ချင်းများအား ချစ်ခင်လေးစားသလို သူ့ကိုလည်း မိတ်ဆွေ သူငယ်ချင်းများက ပြန်လည်ချစ်ခင်ကြသည်။ သူသည် လူအများအား ကူညီလိုစိတ်ရှိသူ၊ စိတ်ရင်းစေတနာကောင်း ရှိသူ ဖြစ်သည်ဟုသာ ပြောနိုင်ကြသည်။ အတိအကျကား မည်သူမျှ မပြောနိုင်ကြ။ ဤကား ဒုတိယ ထူးဆန်းသည့် အချက် ဖြစ်သည်။

အထက်ပါ ထူးဆန်းသည့် အချက်နှစ်ချက်အပြင် ထူးဆန်းသည့် အခြားတချက်မှာ သူ၏ မုတ်ဆိတ် ကျင်စွယ် မွေးများသာ ဖွေးဖွေးဖြူနေသော်လည်း ဆံပင်၊ မျက်ခုံးမွေး အပါအဝင် အခြား အမွေးအမှင်တို့မှာ မည်းနက်နေ ခြင်း ဖြစ်သည်။ လူထူးဆန်း မုတ်ဆိတ်ဖြူ၏ ထူးခြားသည့် အပြုအမူမှာလည်း သူ စကားပြောလိုသူများနှင့် သာ သွားရောက်တွေ့ဆုံကာ ရွှင်ရွှင်လန်းလန်း စကားပြောဆိုတတ်ပြီး စကားမပြောလိုသူများနှင့် တွေ့လျှင် တည်ကြည်သည့် အကြည့်ဖြင့် ငေးမောရီဝေနေတတ်ခြင်းပင် ဖြစ်သည်။

ထိုအချက်များထက် ပို၍ များစွာ ထူးခြားသည့် အချက်လည်း ရှိသေးသည်။ ယင်းမှာ ‘သုရာသည် မည်သည့် အတွက်ကြောင့် လူသားများအား အလှပဆုံး ဆွဲဆောင်ထားနိုင်သနည်း’ဟူသည့် အဖြေကို မုတ်ဆိတ်ဖြူက ဖော်ထုတ်မည်ဟု ပြောဆိုသောအချက် ဖြစ်သည်။

အကယ်၍  လူထူးဆန်း မုတ်ဆိတ်ဖြူအနေဖြင့် ‘သုရာ၏ ဆွဲဆောင်စွဲလမ်းစေသည့် မဟာလျှို့ဝှက်ကြီး’ကို ဖော်ထုတ်နိုင်မည် ဆိုပါက စစ်ရေး ရှုံးနိမ့်ခဲ့သော ဗိဿနိုးမြို့နှင့် ပန်ထွာဘုရင်မ၏ သမိုင်းဖြစ်စဉ်သည် လည်းကောင်း၊ အရညကင်ဓူတင် တည်ဆောက်ကျင့်ကြံနေသည့် တောမှီရဟန်းတစ်ပါး၏ သပိတ် သင်္ကန်း တို့ကို ရန်သူတို့က အခုအခံ အကာအကွယ်အဖြစ် အသုံးချကာ မဖွယ်မရာ စစ်ပရိယာယ်ဆင်ခဲ့သည့် အဖြစ်သည် လည်းကောင်း ဘူးပေါ်သလို ပေါ်ပေါက်လာပေမည်ဟု မှော်ဇာနယ်သားတို့ မျှော်လင့်မိကြလေ သည်။

အခန်း (၂)
ဘယ်သူလဲ၊ ဘယ်ကလဲ
လူထူးဆန်း မုတ်ဆိတ်ဖြူအကြောင်း ပြောရလျှင် မှော်ဇာနယ်အတွင်းရှိ မန်ကျည်းအင်းရွာ သူကြီး၏ သား ‘ထုမရာ’အကြောင်းက စတင်ရပေမည်။ ‘ထုမရာ’သည် သူကြီးသား ဖြစ်သော်လည်း ဆိုးသွမ်းသည့် လူငယ်တဦး။ မှော်ဇာ တနယ်လုံးတွင် မရှိသည့် သုရာ ခေါ် အရက်သေစာကို မည်သို့မည်ပုံ ရရှိနေသည် မသိ။ သူသည် နေ့စဉ် အရက်တမြမြ သောက်ကာ အနီးနားရွာများသို့ သွား၍ ပြဿနာအမျိုးမျိုး ရှာတတ်သည်။

‘ထုမရာ’အတွက် အရက်သေရည် ရနေသည်မှာ မြောက်ဘက် ပုဂါရာမ ခေါ် ပုဂဘံဘက်မှ မှောင်ခို ခိုးဝင်ခြင်းဟု တချို့က ပြောသည်။ တချို့ကလည်း အရှေ့ဘက် ပဲခူး ခေါ် ဟံသာဝတီနှင့် တောင်ဘက် လဂုံ ခေါ် ဒဂုံတို့ဘက်မှ အရက်မှောင်ခိုများ ခိုးဝင်လာနိုင်သည်ဟုလည်း ဆိုသည်။

‘ထုမရာ’အနေဖြင့် သူတို့နယ်သို့ မည်သည့်ဘက်မှ အရက်မှောင်ခိုများ ခိုးဝင်သည် ဖြစ်စေ အရေးမကြီး။ သူ သောက်ချင်သည့်အချိန်တွင် သောက်ချင်သလောက် သောက်နိုင်ရန်သာ အရေးကြီးသည်။ ‘ထုမရာ’နှင့် အပေါင်းအသင်းတချို့သာမက ၎င်းတို့နယ်သားတချို့လည်း အရက်ကို ခွက်ပုန်းခုတ် သောက်သုံးနေကြပြီ။ ထို့ကြောင့်လည်း မှောင်ခို ခိုးဝင်လာသည့် အရက်များကို မဖမ်းဆီး၊ မတားမြစ်နိုင်ခြင်း ဖြစ်သည်။

မန်ကျည်းအင်းနှင့် အနီးအနားရွာများမှ ရွာသူကြီး အပါအဝင် ရွာသားများသည်လည်း ‘ထုမရာ’၏ ဖခင် မျက်နှာကို ထောက်ထား၍ ထုမရာ၏ မူးယစ်ဆိုးသွမ်းမှုကို သည်းခံ ခွင့်လွှတ်ထားရသည်။ သားဖြစ်သူ ‘ထုမရာ’ကို တတ်နိုင်သလောက် ဆုံးမပဲ့ပြင်ပေးရန် သူကြီးက ပြောထားခြင်းကြောင့်လည်း အရေးမယူဘဲ လက်ပိုက်ကြည့်နေကြရတော့သည်။

သို့သော် ‘ထုမရာ’၏ ဆိုးသွမ်းရမ်းကားမှု အဆုံးသတ်မည့် တနေ့သို့ ရောက်လာသည်။ မန်ကျည်းအင်းအနီးရှိ ရွာတရွာ၏ အလှူတခုတွင် မူးယစ်ရမ်းကားကာ ပြဿနာရှာနေသည့် ‘ထုမရာ’ကို လူငယ်တဦးက မြင်းပေါ် ခပ်ကြမ်းကြမ်း ဆွဲတင်ကာ မန်ကျည်းအင်းရွာသို့ လိုက်ပို့ပေးသည့်နေ့ ဖြစ်သည်။

ထိုစဉ်က မှော်ဇာနယ်သည် မူးယစ်စေသည့် အရက်သေစာများ လုံးဝ ကင်းစင်သည့်နယ် ဖြစ်သည်။ ‘လူသားများအား အလှပဆုံး ဆွဲဆောင်နိုင်သည်ဟူသော သုရာ’အတွက် သူတို့နယ်တွင် နေရာမရှိ။ တနယ်လုံး၊ တရပ်လုံးသည် ငါးပါးသီလကို နေ့စဉ် တည်ဆောက်နိုင်သူများ ဖြစ်သည်။ ခိုးဆိုးလုယက်မှု မရှိဘဲ ကမ္ဘာပေါ်တွင် အလွန်အေးချမ်းသည့် ဒေသတခု ဖြစ်သည်။ ရိုးသားသည့် လူမျိုးစု ဖြစ်သည်ဟု အမြဲ ဂုဏ်ယူ ဂုဏ်တက်နေခဲ့သည်။

သို့သော် ယခုမူ ‘ထုမရာ’၏ လူအများရှေ့တွင် အပြုအမူကြောင့် လည်းကောင်း၊ တဖန် သူတပါး ကောင်းမှု ကုသိုလ်ပြုရာ အလှူမဏ္ဍပ်အတွင်း ရိုင်းစိုင်းသည့် အပြုအမူကြောင့် လည်းကောင်း မန်ကျည်းအင်း အပါအဝင် တနယ်လုံး ဂုဏ်ပျက်ပေတော့မည်ဟု စိတ်မသက်မသာ ခံစားကြတော့သည်။

ယခင်က လူအများကြား မဟုတ်သဖြင့် ‘သိတာ သိစေ… မမြင်စေနှင့်၊ မြင်တာ မြင်စေ… မကြားစေနှင့်’ စသည်ဖြင့် အချင်းချင်း ထိန်းအုပ် ဖုံးဖိနေ၍ ရသေးသည်။ ယခုသော်… မရတော့ပြီ။

သုရာကို သူကြီးသား ‘ထုမရာ’ သောက်သုံးသည်ဟူသော သတင်းမှာ တရပ်လုံး တနယ်လုံးသို့ တမုဟုတ်ချင်း ပျံ့နှံ့သွားကာ လူအများကြား ဥက္ကောဋေယျ ဖြစ်သွားသည်။ ညနေခင်း၏ လေပြည်ညင်းသည် သင်းမြသည့် ပန်းရနံ့ကို သယ်ဆောင်ဖြန့်ဝေပေးသကဲ့သို့ မကောင်းသတင်းကိုလည်း အလျင်အမြန်ပင် သယ်ဆောင်ဖြန့်ဝေပေးမည်မှာ မုချပင်တည်း။
သားဖြစ်သူ ‘ထုမရာ’အား မြင်းပေါ်မှ ဆွဲယူပွေ့ချကာ အိမ်ထဲသို့ ပို့ဆောင်ပေးသည့် လူငယ်သည် ကိုယ်ခန္ဓာ ကျစ်လျစ်ခိုင်မာပြီး အသားအရေ စိုပြည်ညိုညက်သူ တဦး ဖြစ်ကာ သူ၏ မေးရိုးကားကားများက ခိုင်မာ ပြတ်သားခြင်း၊ ဇွဲကောင်းခြင်းနှင့် စွန့်စားလိုသည့် စိတ်ဓာတ်ကို ဖော်ပြနေသည်ဟု အသက်အရွယ် အတန်ငယ် ကြီးရင့်ပြီ ဖြစ်သော်လည်း သွက်လက်ဖျတ်လက်ဆဲ၊ ဖော်ရွေပြုံးရွှင်စွာ နှုတ်ဆက် ပြောဆိုတတ်မြဲ။ သူကြီးက အကဲခတ်ပြီး ဖြစ်သည်။

“အမောင်… သိပ်ပြီးတော့ ကျေးဇူးတင်ပါတယ် အမောင်။ အမောင့်မြင်းကို အစာရေစာလေး ခေတ္တ ကျွေးထား ပါဦး။ အမောင်လည်း ခဏနားပါဦး” ဟု သူကြီးက ဖိတ်မန္တကပြုသဖြင့် သူသည် ထိပ်ကွက် အဖြူနှင့် အနီ ပါသည့် သူ၏ အညိုရောင်မြင်းကြီး ‘ဖြူနီ’ကို မြင်းဇောင်းဘေးရှိ အစာ စားကျင်းတွင် တပ်ကာ အစာ စားစေသည်။ ခဏအကြာတွင် သူကြီးကတော်နှင့် ‘ထုမရာ’၏ အစ်မ၊ အစ်ကိုနှင့် ညီမတို့ ရောက်လာကာပြီး ‘ထုမရာ’ကို အမူးပြေစေရန် ပြုစုပေးနေကြသည်။
ထိုစဉ် ပြန့်ပြူးလှသည့် သူကြီး၏ အိမ်ဝိုင်းကျယ်ကြီးအတွင်းရှိ မြင်းဇောင်းအနီး ထန်းပင်တပင်မှ ထန်းလက် ခြောက် တခု ဗြုန်းခနဲ ပြုတ်ကျလာသည်။ ထန်းလက်ခြောက် ပြုတ်ကျသံကြောင့် မြင်းကြီး ဖြူနီသည် အစာစားနေရာမှ ရုတ်တရက် လန့်ဖျပ်ကာ မာန်ဖီကန်ကျောက်တော့သည်။ သူကြီးရော အဆိုပါလူငယ်တို့သည် အိမ်အတွင်းသို့ မဝင်ရောက်နိုင်တော့ဘဲ မြင်းကြီး ဖြူနီဆီ ပြန်လှည့်လာရတော့သည်။

“ဟေ့… ဖြူနီ၊ ဖြူနီ၊ ငါပါကွ၊ ငါပါဟ… ဘာမှ မကြောက်နဲ့” ဟု ပြောကာ သူသည် သူ၏မြင်းကို ချော့မော့ထိန်းသည်။ သူ၏အသံ ကြားသည့်အခါ မြင်းကြီး ဖြူနီသည် အနည်းငယ် ငြိမ်လာသည်။ ထို့နောက် မြင်းကြီး ဖြူနီ၏ ဇက်ကို ဆွဲကိုင်လိုက်နိုင်ပြီး မြင်းကြီးအား ပွတ်သပ်ကာ ချော့မော့ပေးလိုက်သဖြင့် အတော်အတန် ငြိမ်သက်သွားပေပြီ။

“ဦးကြီးခင်ဗျ… ကျွန်တော်က အလှူမှာ လုပ်ပေးစရာတွေ ရှိနေတဲ့အတွက် ပြန်ပါဦးမယ်ခင်ဗျ”

“နေပါဦးကွဲ့၊ အမောင် ဘာမှ မစားရ မသောက်ရသေးဘဲနဲ့ မပြန်ပါနဲ့ဦးလေ၊ ထုမရာလည်း နိုးနေပြီ၊ ခဏနားပါဦး”

ထုမရာ၏ မိခင်ဖြစ်သူကလည်း “အမောင်… မင်းသူငယ်ချင်းလည်း နိုးနေပါပြီ။ နှုတ်ဆက်ပါဦး”ဟု ဝင်ပြောသည်။

သို့သော် မကြာခင် နေဝင်တော့မည်ဖြစ်၍ သည်ထက် မှောင်သွားပါက ပြန်ဖို့ အခက်အခဲ ရှိနိုင်ခြင်းကြောင့် မြင်းကြီး ဖြူနီအပေါ် တက်ကာ “ကျွန်တော်… နောက်တခေါက် လာပါဦးမယ်ခင်ဗျ၊ အလှူမှာ လုပ်ပေးစရာတွေ အများကြီး ကျန်နေလို့ပါ” ဟု ပြောကာ မြင်းကြီး ဖြူနီ၏ဇက်ကို တဖက်လှည့်ရန် ပြင်သည်။

ထိုစဉ် ‘ထုမရာ’၏ အစ်ကိုက စောစောက ပြုတ်ကျခဲ့သည့် ထန်းလက်ခြောက်ကို ယူကာ တခြားနေရာကို ယူသွားရန် ဆွဲယူလိုက်သည့်အချိန်နှင့် တိုက်ဆိုင်စွာပင် ထန်းရွက်ခြောက် အသံကို မြင်းကြီး ဖြူနီသည် လန့်ဖျပ်သွားပြီး ကန်ကျောက်ခုန်ပေါက်ကာ ပြေးထွက်စဉ် မြင်းဇောင်းတဖက် အစွန်းထွက်နေသည့် တန်းတခုနှင့် လူငယ်၏ဦးခေါင်း တိုက်မိသွားကာ မြင်းပေါ်မှ နောက်ပြန် ပြုတ်ကျသွားတော့သည်။

‘ထုမရာ’ကို လိုက်ပို့သော လူငယ်သည် အသက် မသေဆုံးခဲ့သော်လည်း သူ၏မိဘဘိုးဘွားနှင့် မိသားစု အမည်များကို မမှတ်မိတော့။ ထို့အပြင် သတိမေ့နေသည့် လူငယ်သည် ပြန်သတိရပြီး နောက်လအနည်းငယ် အတွင်းတွင် သူ၏ မုတ်ဆိတ်ကျင်စွယ်များ ဆွတ်ဆွတ်ဖြူလျက် ရှည်ထွက်နေတော့သည်။

‘ထုမရာ’၏ ဝမ်းနည်းကြေကွဲမှု ခံစားချက်သည် ပေါက်ကွဲတော့သည်။ ‘တကယ်ဆိုရင်… ကျုပ်အနေနဲ့ မိုက်တာ၊ ကိုယ့်ဘာသာကိုယ် မိုက်သင့်တယ်။ ကျုပ်ဘာသာ ခံသင့်တယ်။ ဒါပေမဲ့ ကျုပ်သူငယ်ချင်း ကျုပ်ကြောင့် အဖြစ်ဆိုးရတယ်”ဟု အကြိမ်ကြိမ် အော်ဟစ်ကာ ငိုယိုနေလေသည်။ ငိုနေသော်လည်း လိုက်ပို့သူ သူ၏ သူငယ်ချင်း အမည်ကိုလည်း မသိ၊ တခြားအချက်များကိုလည်း မသိ။

မသိရသည့် အကြောင်းရင်းမှာ ‘ထုမရာ’သည် သူ့အနေနှင့် အခြားသူများကို မှတ်မိ မှတ်သားစေရန် မလို။ သူကြီး၏သား ဖြစ်သော ‘ထုမရာ’အား ကျန်သူများက မှတ်သားရန်သာ လိုခြင်းနှင့် အမြဲတမ်း အရက်သေစာ သောက်စားမူးယစ်နေခြင်းတို့ကြောင့် ဖြစ်သည်။ လောကတွင် အကြောင်းကင်းပသော အကျိုးမရှိသကဲ့သို့ အကျိုးကင်းပသောအကြောင်းဟူ၍ မရှိဟုဆိုလျှင် ထုမရာနှင့် မုတ်ဆိတ်ဖြူတို့ကြား ကြောင်းကျိုးဆက်စပ်မှုသည် အရက်သေစာ ခေါ် သုရာနှင့် တနည်းနည်း ဆက်စပ်နေပေလိမ့်မည်။

အခန်း(၃)
သုရာ၏ မျှားခေါ်ခြင်းလော
မုတ်ဆိတ်ဖြူသည် သူ့ဘဝတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တို့ကို ပြန်စဉ်းစားရင်း သူငယ်ချင်းဖြစ်သူ ‘ထုမရာ’အား ပြန်သတိရသည်။ သို့သော် မိမိအမည်၊ မိဘဆွေမျိုး၊ ဇာတိကိုမူ မမှတ်မိ။ မြင်းနှင့် ပြန်လိုက်ပို့ခြင်းကိုလည်း မသိတော့။ ယင်းသို့ မမှတ်မိခြင်းမှအပ အခြားသော သူ၏ကျန်းမာရေး အခြေအနေ သည် နဂိုကနှင့်မခြား သွက်လက်ဖျတ်လတ်လာသည်။ ‘ထုမရာ’တို့၏ မိသားစုနှင့်အတူ မန်ကျည်းအင်း ရွာထဲတွင် ‘ထုမရာ’ကဲ့သို့ အရက်နှင့် ပတ်သက်သော ရောဂါဝေဒနာ ခံစားနေရသူများအားလည်း သွားရောက်ပြုစုပေးသည်။ အများစုသော ဝေဒနာသည်များမှာ ‘ထုမရာ’နှင့်ပတ်သက်သည့် အသိမိတ်ဆွေ များ ဖြစ်သည်။
ဤသို့ ပြုစုပေးသဖြင့် ရောဂါသက်သာလာသူ တချို့ ရှိသလို ရောဂါကျွမ်း၍ မရဏလမ်း မြန်းရရှာသူများ လည်း ရှိသည်။ သို့သော် အရက်ကြောင့်ဖြစ်သည့် ရောဂါများ၊ ခံစားနေရသူ ဝေဒနာရှင် ကြီး ငယ် မရွေး ခရီး နီးဝေးမဟူ သွားရောက်၍ ပြုစုလေ့ရှိလေသည့်အပြင် သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားနေရသည်များကို ရင်ဖွင့် ပြောပြလျှင်လည်း သေချာနားထောင်သည်။ စာနာစိတ်နှင့် ဖေးမ ပြောဆိုသည်။ ကိုယ်ချင်းစာစိတ်ဖြင့် နှစ်သိမ့် ပေးလေ့ရှိသည်။ ဝေဒနာသည်တို့ ပြောဆိုသည့် စကားများနှင့် သူတို့ ဘဝဖြစ်စဉ် အကြောင်းအရာများကို လည်း မုတ်ဆိတ်ဖြူ မခြွင်းမချန် အလုံးစုံ သိသွားပြီး ဖြစ်လေသည်။
‘ထုမရာ’နှင့် သူ၏မိတ်ဆွေ ဝေဒနာသည်များအား ပြုစုပေးနေခဲ့သည်မှာ တနှစ်ကျော် ကြာပြီးနောက် မုတ်ဆိတ်ဖြူသည် ယခင်ကနှင့် မတူတော့ဘဲ စကားအပြောအဆို လေယူလေသိမ်း လေသံကအစ ပြောင်းလဲသွားသည်။ တခုခုကို ပိုင်ပိုင်နိုင်နိုင် သိမြင်သွားပြီး ယင်း သိမြင်သည့်အတိုင်း ပြုမူနေထိုင်သည့် သဘော ဖြစ်သည်။ မုတ်ဆိတ်ဖြူ သိမြင်သည်မှာ မည်သည့်အရာနည်း၊ မည်သည့်အချက် ဖြစ်သနည်း၊ မည်သို့ သိရှိခဲ့ပါသနည်း စသည့် မေးခွန်းများက ကျယ်ပြန့်နက်ရှိုင်းနေတော့သည်။

‘ထုမရာ’ သေဆုံးပြီးသည့်နောက်တွင် မုတ်ဆိတ်ဖြူသည် “သုရာသည် မည်သည့်အတွက်ကြောင့် လူသား များအား အလှပဆုံး ဆွဲဆောင်ထားနိုင်သနည်း” ဟူသည့် အဖြေကို ဖော်ထုတ်မည်ဟု ရွာသားများအား ကြေညာလိုက်လေသည်။

နိဂုံး
ပညာရှိ မုတ်ဆိတ်ဖြူကြီး၏ အဖြေ
မှော်ဇာဒေသရှိ မန်ကျည်းအင်းရွာထိပ်တွင် စကျင်ကျောက်ဖြင့် ထုဆစ်ထားသော ခံ့ညားသည့် ရုပ်တုကြီးတခု ရှိသည်။ ယင်းရုပ်တုကြီးအား အနီးအနားဝန်းကျင် ရွာများမှ လူများ၊ အရပ်နီးဝေးမှ မုတ်ဆိတ်ဖြူ ပညာရှိကြီး အကြောင်း ကြားဖူးသူများသည် နှစ်စဉ် လာရောက်၍ ဂါရဝပြု ပူဇော်ကြသည်။ အထူးသဖြင့် ဆေးပေါင်းခသည့် တန်ဆောင်မုန်း လပြည့်ည၌ လာရောက်ကြသည်။

တည်ကြည်လေးနက်ဟန် အပြည့်ဖြင့် ခံ့ခံ့ညားညား ထိုင်နေဟန် ထုလုပ်ထားသည့် ရုပ်တု၏ အောက်ခံ ကျောက်သားပြင်၌ ‘ပညာရှိကြီး မုတ်ဆိတ်ဖြူ’ဟု ရေးထိုးထားပြီး ယင်းစာတန်းအောက်၌ “သုရာသည် မည်သည့်အတွက်ကြောင့် လူသားများအား အလှပဆုံး ဆွဲဆောင်ထားနိုင်သနည်း”ဟု ရေးထိုးထားသည်။

ဂါရဝပြုရန် လာရောက်ကြသူများသည် ပညာရှိကြီး မုတ်ဆိတ်ဖြူနှင့် ပတ်သက်၍ အမျိုးမျိုး ပြောဆို ချီးမွမ်းကြသည်။

တချို့က- “သုရာ၏ လျှို့ဝှက်ချက်ကို အပြီးတိုင် သိမြင်သူ ပညာရှိကြီး မုတ်ဆိတ်ဖြူ”ဟု လည်းကောင်း၊ တချို့က “လောကလူသားများအတွက် အရေးအကြီးဆုံးသော ‘သုရာ၏ မဟာလျှို့ဝှက်ချက်ကြီး’ကို သိမြင် ဖော်ထုတ်သူ ပညာရှိကြီး မုတ်ဆိတ်ဖြူဟု လည်းကောင်း၊ တချို့က ‘သုရာ၏ ဆွဲဆောင်စွဲလမ်းစေသည့် မဟာလျှို့ဝှက်ချက်ကြီးကို ဖော်ထုတ်သူ မဟာပညာရှိကြီး မုတ်ဆိတ်ဖြူ’ ဟု လည်းကောင်း အမျိုးမျိုး ပြောဆို ချီးမွမ်း ဂါရဝပြုကြသည်။

တချို့ကလည်း ပညာရှိကြီး မုတ်ဆိတ်ဖြူနှင့် ပတ်သက်၍ ဒဏ္ဍာရီပုံပြင်သဖွယ် အကြောင်းအရာများကို အချင်းချင်း ပြောဆိုနေကြ၏။ ‘မုတ်ဆိတ်ဖြူကြီးသည် ဆေးပေါင်းခသည့် တန်ဆောင်မုန်း လပြည့်ည၌ပင် ပျောက်ကွယ်သွားကြောင်း၊ သုရာ၏ စွဲလမ်း ဆွဲဆောင်မှုကို ဖော်ထုတ်လိုက်သဖြင့် သုရာက မကျေမနပ် ဖြစ်ကာ သူ့အား အရက်အပြင်းစားဖြင့် ပက်ကာ အငွေ့ပြန် ပျောက်ကွယ်အောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောဆို ဂါရဝပြုကာ ပြန်သွားကြလေသည်။

တချို့ ပြောကြသည်မှာကား အထက်ပါ အချက်များနှင့် များစွာ ကွဲလွဲသည်။ မုတ်ဆိတ်ဖြူပညာရှိသည် ဦးခေါင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး ဦးနှောက်တွင် သွေးခဲသွားသည့် အနေအထား ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဦးနှောက်အပိုင်း အကန့်အကန့်များ၌ မှတ်သားထားသည့် အချက်အလက်များကို မမှတ်မိခြင်း ဖြစ်ကြောင်း၊ မုတ်ဆိတ်ဖြူကြီးအနေဖြင့် အရက်ကို သောက်သုံးခဲ့ဖူးခြင်း မရှိကြောင်း၊ အရက်သေစာ မသောက်သုံးဖူးသဖြင့် ကောင်းကျိုး ဆိုးပြစ်ကို ကိုယ်တိုင် မသိနိုင်ကြောင်း၊ ထို့ကြောင့် မုတ်ဆိတ်ဖြူကြီးသည် ဆေးပေါင်းခသည့် ညတည၌ အရက်ကို ဆေးအဖြစ်ဖြင့် ပထမဆုံး သောက်သုံးကြောင်း၊ အရက်က သူ၏ ဦးနှောက်သွေးခဲဒဏ် ကို ပိုမိုဆိုးရွားသွားစေပြီး သူသည် ယိမ်းထိုးယိမ်းယိုင်နှင့် ဟိုသည် ဝင်တိုက်ကာ နောက်ဆုံး သူနှင့် ‘ထုမရာ’ အတူနေခဲ့သည့် တဲအိမ်လေးအတွင်းရှိ မီးဖို၊ သို့မဟုတ် မီးအိမ်ကို တိုက်မိပြီး မုတ်ဆိတ်ဖြူကြီးရော တဲကလေးပါ မီးလောင်သေဆုံးခြင်း ဖြစ်နိုင်ကြောင်း စသည်ဖြင့် ပြောဆိုသည်။

ဤသို့ အမျိုးမျိုး ပြောဆိုကာ မုတ်ဆိတ်ဖြူကြီးအား လာရောက် ဂါရဝပြုသူများသည် ရုပ်တုအောက်ခံ ကျောက်သားပြင်၏ အောက်ခြေနားတွင် ရေးထိုးထားသည့် ရေညှိနှင့် ဖုန်သဲများကြောင့် မထင်မရှား ဖြစ်နေသော အဖြေကိုမူ မည်သူမျှ မဖတ်ကြပေ။

ယင်းမှာ “အရက်သေစာတို့သည် ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ယူ ဆင်ခြေပေးရာနှင့် ကိုယ့်ကိုယ်ကိုယ် လုပ်ကြံ သတ်ဖြတ်ရာတွင် အကောင်းဆုံးလက်နက်” ဟူသတည်း။   

နိုင်စွမ်း
ဧပြီ ၂၄၊ ၂၀၁၉