Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၂) အပိုင်း (၁၄)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၂) အပိုင်း (၁၄)
(မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၉

● ကျိုင်းတုံခေတ်နှောင်း
ပဒေသရာဇ်ခေတ် ကျိုင်းတုံခေတ်နှောင်းပိုင်းအား ၃၃ ဆက်မြောက် ကျိုင်းတုံစော်ဘွား စဝ်မဟာခနန် (၁၈၀၂ - ၁၈၅၇) လက်ထက်မှ အစပြုလိုပါသည်။ ၁၈၀၂ ခုနှစ် ကျိုင်းတုံအား ဇင်းမယ်အောင်နိုင်ပြီးနောက် ထွက်ပြေးလွတ်မြောက်လာသော စဝ်မဟာခနန်သည် မိုင်းယန်း၊ မိုင်းလွေဒေသတွင် စတင်၍ လူသူစုဆောင်းခဲ့သည်။ မြန်မာဘုရင်က အစောပိုင်းတွင် သ့ူအား လက်မခံဘဲ လိုက်လံဖမ်းဆီးသော်လည်း မအောင်မြင်ပေ။ စဝ်မဟာခနန်သည် မြန်မာ့ဘုရင်နှင့်စေ့စပ်ရန် ကြိုးစားခဲ့ရာ အောင်မြင်ခဲ့ပြီး သူကိုယ်တိုင် ၁၈၁၃ ခုနှစ်တွင် မြန်မာ့နန်းတွင်းသို့အရောက်သွားခဲ့ရာ ပဒုံမင်းက လက်ခံအသိအမှတ်ပြုခဲ့ သည်။ ထို့နောက် ၁၈၁၇ ခုနှစ်တွင် ကျိုင်းတုံသို့ပြောင်းရွှေ့အခြေစိုက်ပြီး မြို့ရွာစည်ပင်ရေးနှင့် ပြုပြင်ပြောင်းလဲမှု များပြုလုပ် ရာ အောင်မြင်မှုများရရှိခဲ့သည်။

စဝ်မဟာခနန်သည် ၁၈၁၉ ခုနှစ်တွင် ကျိုင်းတုံမြို့ရိုးတာကို ပြုပြင်တိုးချဲ့ရာ ၃ နှစ်အကြာတွင် ပြီးစီးခဲ့သည်ဟု ဆိုသည်။ သို့သော် ယခုရှိသည့် ပတ်လည် ၄ မိုင် ၁ ဖါလုံရှည်လျားသော မြို့ရိုးကတော့ ၁၈၃၃ ခုနှစ်တွင်မှ ပြီးစီးခဲ့သည်ဟုဆိုသည်။ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ၁၈၃၇ ခုနှစ်မှာ အင်္ဂလိပ်ကပ္ပတိန် ဒဗလူစီမက်ကလောက်ကို လက်ခံတွေ့ဆုံခဲ့သည်။ ၁၈၄၁ ခုနှစ်မှာ သမီးငယ် နန်းသုဝဏ္ဏအား သာယာဝတီမင်း (၁၈၃၇-၁၈၄၆) နှင့်၎င်း၊ ၁၈၄၇ ခုနှစ်တွင် သမီးကြီး သုနန္ဒအား ကျိုင်းရုံးကြီးစော်ဘွား သိန်ဝီဖနှင့်၎င်း လက်ဆက်ပေးပြီး မြန်မာနှင့်၎င်း၊ တရုတ်နှင့်၎င်း ဆက်ဆံရေးတည်ဆောက်ထား နိုင်ခဲ့သည်။ သို့သော် ထိုင်းနိုင်ငံမှ ၁၈၄၉ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၅၄ ခုနှစ်များတွင် ၃ ကြိမ်တိုင် ကျိုင်းတုံအားလာရောက်တိုက် ခိုက်သည်ကို တွေ့ရပြီး ၃ ကြိမ်လုံး တွန်းလှန်နိုင်ခဲ့သည်။ ၁၈၅၇ ခုနှစ်တွင် အသက် ၇၆ နှစ်အရွယ် စဝ်မဟာခနန် ကွယ်လွန် ပြီး ကြီးကျယ်စွာ သြင်္ဂိုဟ်ခဲ့သည်ဟု ဆိုပါသည်။

၃၅ ဆက်မြောက် ကျိုင်းတုံစော်ဘွား စဝ်ဆဲန် (၁၈၇၆ - ၁၈၇၁) လက်ထက်တွင် မြန်မာဘုရင်ကစေလွှတ်သည့် စစ်ကဲမောင်မြ သည် ကျိုင်းတုံတွင်မြန်မာစစ်တပ်နှင့်အတူ လာနေသည်။ ကျိုင်းတုံ မြန်မာစစ်တပ်ရှိရာအရပ်ကို ရှမ်းတို့က တပ်မာန်ဟုခေါ် သည်။ ယနေ့ကာလ တြိဂံတိုင်းစစ်ဌာနချုပ်ရှိရာအရပ်ဖြစ်သည်။ အဆိုပါစစ်ကဲသည် ဒုစရိုက်အားကြီးပြီး နယ်သူနယ်သား များကို ညှဉ်းပမ်းသဖြင့် မြန်မာဘုရင်ထံတိုင်ကြားမှ ထိုစစ်ကဲထွက်ပြေးတော့သည်။

၃၆ ဆက်မြောက်စော်ဘွား စဝ်ကောန်တိုင် (၁၈၈၁-၁၈၈၆) လက်ထက်တွင် စော်ဘွားဖြစ်ပြီးမကြာမီ ယနေ့ တရုတ်ပိုင် ဆစ် ဆောင်ပဏ္ဍားနှင့် မောန်လိမ်နယ်တို့ကို တိုက်ခိုက်အောင်မြင်ခဲ့သည်။ ၎င်းစော်ဘွားလက်ထက်တွင် ကျိုင်းတုံရှိ မြန်မာစစ်ကဲ နှင့် နောက်လိုက် ၃၀ ကိုသတ်ပြီး မြန်မာဘုရင် သီပေါမင်းနှင့် အဆက်ဖြတ်လိုက်သည်။ ၁၈၈၁ ခုနှစ်တွင် မိုးနဲစော်ဘွား၊ ရပ် စောက်စော်ဘွား၊ မိုင်းနောင်စော်ဘွားတို့လည်း မြန်မာဘုရင်ကို ပုန်ကန်ခြားနားပြီး ကျိုင်းတုံစော်ဘွားနှင့် ပူးပေါင်းခဲ့ကြသည်။ ရှမ်းစော်ဘွားများစု၍ သီပေါမင်းအားနန်းချပြီး ကနောင်မင်းသား၏သားတော် လင်းပင်မင်းသားကိုနန်းတင်ရန် ကြံရွယ်ခဲ့ကြ သည်။ ကျိုင်းတုံသို့ လင်းပင်မင်းသား ၁၈၈၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင်ရောက်ရှိသည်ကို တွေ့ရသည်။ သို့သော် တတိယအင်္ဂလိပ် - မြန်မာစစ်ပွဲနှင့်အတူ ၁၈၈၆ ခုနှစ်၌ အင်္ဂလိပ်တို့က မြန်မာဘုရင်နန်းတော်အားသိမ်းပိုက်ခဲ့ရာ ရှမ်းစော်ဘွား တို့ အကြံပျက်ပြားသွားခဲ့သည်။ ထို့အတူ အင်္ဂလိပ်တို့၏ အာဏာစက်သည် ရှမ်းပြည်သို့ရောက်ရှိလာခဲ့တော့သည်။

● ကျိုင်းတုံခေတ်နှောင်းမှတ်စု
၁။ ၁၇၀၈ ခုနှစ်တွင် မြန်မာဘုရင်က ကျိုင်းတုံစော်ဘွားအား တိုက်ခိုက်ကွပ်မျက်ပြီး မြန်မာဘုရင်က စိတ်ကြိုက်ချယ်လှယ် သည့် ခေတ်ကာလသည် နှစ် ၁၀၀ နီးပါးကြာခဲ့ပြီး ၁၈၀၂ ခုနှစ် နောက်ပိုင်း စဝ်မဟာခနန် (၁၈၀၂-၁၈၅၇) လက်ထက်မှစ၍ ကျိုင်းတုံစော်ဘွားဆက်သည် အသစ်တဖန်ပြန်လည်မွေးဖွားသည်ဟု ဆိုရပါမည်။ သို့သော် စဝ်မဟာခန် သည်ပင် မြန်မာဘုရင်၏ အသိမှတ်ပြုခံရအောင် စွမ်းဆောင်ပြီးမှ ကျိုင်းတုံနယ်ကို အေးချမ်းစွာအုပ်ချုပ်နိုင်သည်ကိုတွေ့ရ သည်။

၂။ ကျိုင်းတုံနန်းမြို့ရိုးအားပြန်လည်တည်ဆောက်ပြီး မြို့ပြပြန်လည်စည်ကားခဲ့သည်။ စဝ်မဟာခနန်လက်ထက် မြန်မာ၊ တရုတ်တို့နှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သော်လည်း ထိုင်းနိုင်ငံနှင့် အဆင်မပြေခဲ့ပေ။ ထိုင်းနိုင်ငံမှ ကျိုင်းတုံအား သုံးကြိမ်တိုင် လာရောက်တိုက်ခိုက်ရာ ပြန်လည်တွန်းလှန်ခဲ့ရသည်။

၃။ ကျိုင်းတုံ၌ တပ်စွဲထားသော မြန်မာစစ်ကဲ ရမ်းကား၍ မြန်မာဘုရင်အား တိုင်တန်း၍ မောင်းထုတ်ခဲ့ရသည်။

၄။ အင်္ဂလိပ်-မြန်မာစစ်ပွဲကြောင့်အားနည်းလာသော မြန်မာသီပေါဘုရင်အား ကျိုင်းတုံစော်ဘွားနှင့်အတူ မိုးနဲစော်ဘွား၊ ရပ် စောက်စော်ဘွား၊ မိုင်းနောင်စော်ဘွားတို့ ပုန်ကန်ခြားနားခဲ့ကြပြီး လင်းပင်မင်းသားအား မြန်မာထီးနန်းတင်ရန် ကြိုးစားခဲ့ကြ သည်။

၅။ ၁၈၈၂ ခုနှစ်မှစ၍ ကျိုင်းတုံသည် မြန်မာဘုရင်နှင့် အဆက်ဖြတ်ခဲ့သည်။

● မြန်မာဘုရင် ကုန်းဘောင်ခေတ်မှတ်တမ်းများမှ ကျိုင်းတုံ
မြန်မာဘုရင်မှတ်တမ်းများတွင် ကျိုင်းတုံဒေသအား မြန်မာဘုရင်ပိုင်နက်အနေနှင့်သာ ဖေါ်ပြသည်။ ကုန်ဘောင်ခေတ်ဦး (၁၇၅၂ - ၁၈၁၉) သည် မြန်မာဘုရင်ပိုင်နက် အကျယ်ပြန့်ဆုံးဖြစ်သည်။ အထူးသဖြင့် ဆင်ဖြူရှင်လက်ထက် ရှမ်းနယ်၏ အကျယ်အဝန်းမှာ အရှေ့ဖက်တွင် လူးပြည် (ယခုတရုတ်ပိုင်နက်အတွင်းရှိ ဆစ်ဆောင်ပဏ္ဍားအပါ ကျိုင်းရုံး ဝါ မိုင်းရုံးနယ်)၊ ဂုံပြည် (ဂုံရှမ်းတို့နေသော ကျိုင်းတုံနယ်၊ အရံ ၃၂ မြို့ ရှိသည်)၊ ယွန်းပြည် (ဇင်းမယ်နယ်)၊ အကုန်အကျော်ပြည် (ယခု ဗီ ယက်နမ်နယ်)၊ မိုင်းလုံခပင်းနယ် (ယခု ကမ္ဘောဒီယားနယ်) တို့ ပါဝင်သည်ဟု ဖေါ်ပြသည်။

သို့ဖြစ်ရာ ကုန်းဘောင်ခေတ်ဦးပိုင်းတွင် မြန်မာဘုရင်ပိုင်နက် သြဇာသက်ရောက်မှုမှာ ရှမ်းအရှေ့တွင် ကျိုင်းတုံနယ်ကိုကျော်လွန်သက်ရောက်ခဲ့သည်။ ကျိုင်းတုံနယ်ကို ကျော်လွန်၍ လူးပြည်၊ ယွန်းပြည်၊ အကုန်အကျော်ပြည်၊ မိုင်းလုံခပင်းနယ်တို့သို့ မြန်မာဘုရင့်တပ်များ ချီတက်တိုက်ခိုက်ရာတွင်ဂုံရှမ်းပြည်မှ ကျိုင်းတုံစော်ဘွားနှင့် သူ၏တပ်ဖွဲ့များသည် အရေးပါခဲ့သည်။ သို့သော် ကုန်းဘောင်ခေတ်နှောင်းပိုင်း သီပေါဘုရင်လက်ထက်၌ မဲခေါင်မြစ်အရှေ့ဖက်ခြမ်းကို လက်လွှတ်လိုက်ရပြီး သံ လွင်မြစ် အရှေ့ဖက်ခြမ်းတွင်ပါမြန်မာဘုရင် သြဇာသက်ရောက်မှု လျော့နည်းလာခဲ့သည်။

ကုန်းဘောင်ခေတ်ဦးတွင် ကျိုင်းတုံးတွင် မြန်မာဘုရင်တပ်ရုံးများထား၍အုပ်ချုပ်ခဲ့သည်။ ဆင်ဖြူရှင်လက်ထက် ၁၇၆၄ ခုနှစ် တွင် အခြားရှမ်းမြို့များနည်းတူ ကျိုင်းတုံ၌ စစ်ကဲ ၂ ဦးခန့်ထားပြီး စော်ဘွားနှင့်တွဲဖက်၍ အုပ်ချုပ်ရေး၊ စစ်ရေးတို့ တွဲဖက်လုပ် ကိုင်သည်။ အဆိုပါ စစ်ကဲနှစ်ဦးအား မိုးနဲတွင် အခြေစိုက်သည့် ဗိုလ်မှူး၏လက်အောက်တွင်ထားရှိသည်။ ကုန်း ဘောင်ခေတ် ၌ စစ်ရေးအတွက်ပြဌာန်းသည့် အမိန့်ပြန်တမ်း ၅၆ ခုအနက် ရှမ်းအရှေ့အတွက် ၂၅ ခုရှိပြီး အများဆုံးဖြစ်သည်။ ရှမ်းအရှေ့ သည် စစ်မက် အဖြစ်ပွားဆုံးဒေသ စစ်လမ်းကြောင်း အကာအကွယ်ပေးရဆုံးဒေသလည်း ဖြစ်ခဲ့သည်။ သံလွင်မြစ်အရှေ့ဖက် ကင်းစခန်းများချ ထားရာတွင် ကျိုင်းတုံ နယ်၌ ၁၈၂၇ ခုနှစ်တွင်ဘယက်ကင်း၊ မိုင်းဟဲကင်း၊ ဝင်းလုဝင်ကပ်ကင်း၊ မိုင်းဘတ် ကင်း၊ မိုင်းချစ်ကင်း၊ ချည်လိပ်၊ ကျိုင်းသေည် စသည့် ကင်း ၇ ကင်း၌ လူအင်အား ၇၀၀၊ သေနတ် ၃၅၀ ထားရှိသည်ဟု ဆိုပါ သည်။ ကျိုင်းတုံတွင်ချထားသည့် မြန်မာဘုရင်တပ်ဖွဲ့အတွက် ၁၈၅၀ ပြည့်နှစ်က ပြည်၊ အောက်ဒလ၊ သံလျင် စသည့် အရပ်များမှ ကျိုင်းတုံကင်းအတွက် လူ ၁၀၀၀ စုဆောင်းသည်ကိုတွေ့ရ ပါသည်။

အဆိုပါ စစ်အင်အားများမှာ သာမန်ချိန်များတွင်ဖြစ်ပုံရသည်။ စစ်မက်ဖြစ်ပွားချိန် ဥပမာ ၁၇၆၅ ခုနှစ် ကျိုင်းတုံအား့ တရုတ်တို့ ဝင်တိုက်သောအခါ စော်ဘွားက မြန်မာနန်းတွင်းရောက်နေ၍ စစ်ကဲရွှေတောင်တပ်က မြို့တွင်းမှ ခုခံရသည်။ မြန်မာဘုရင်က ဆင် ၂၀၀၊ မြင်း ၂၀၀၀၊ လူ ၂၀၀၀၀ ကို လက်ဝဲဝင်းမှူး နေမျိုးစည်သူကို အမှူးထား၍ စစ်ကူစေလွှတ်ခဲ့၍ တရုတ်တို့အား ကောင်းစွာအနိုင်ရခဲ့သည်ဟုဆိုသည်။ ၁၇၈၇ ခုနှစ်ကလည်း ဝန်ကြီးမဟာဇေယသူဦးစီးသည့် မြင်း ၄၀၀၀၊ လူ ၄၅၀၀၀ ပါ သောတပ်ကို သံလွင်အရှေ့ခြမ်း ငြိမ်ဝပ်ရေးအတွက် စေလွှတ်ခဲ့သကဲ့သို့ ၁၈၅၃ တွင် ၁ ကြိမ်၊ ၁၈၅၄ တွင် ၁ ကြိမ်စေ လွှတ် ခဲ့ရသည်ကို တွေ့ရသည်။

တဖက်ကလည်း စစ်မက်ဖြစ်ပွားလျှင် ကျိုင်းတုံစော်ဘွားက မြန်မာမင်းထံ စစ်အင်အားဖြည့်တင်းပေးရန် တာဝန်ရှိသည်။ ၁၅၆၄ ခုနှစ် ဘုရင့်နောင်ဇင်းမယ်သို့ စစ်ချီရာတွင် ကျိုင်းတုံမှ ဆင် ၁၀၀၊ မြင်း ၁၀၀၀၊ လူ ၁၀၀၀၀ ပါဝင်သည်။ ၁၅၆၈ ခုနှစ် ထိုင်းသို့ မြန်မာက စစ်ချီရာတွင် ကျိုင်းတုံတပ်များ အလားတူပါဝင်သည်။ ရှမ်းနှင့်မြန်မာတို့ ၁၇၉၀၊ ၁၈၁၆၊ ၁၈၂၀နှင့် ၁၈၂၇ တို့၌ တွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီသည်မှာ မိမိနယ်တွင်း လိုက်လံကူညီသည်ကို အနီးထမ်း၊ ရှမ်းနယ်ပယ်လွန် သည်ထိ လိုက်လံကူညီသည်ကို အဝေးထမ်းဟု သတ်မှတ်ပြီး ကျိုင်းတုံက အနီးထမ်း ၂၅၀၀ တာဝန်ယူသည်ကိုတွေ့ရသည်။ လိုအပ်လျင် လက်နက်ကိုင် ၅၀၀၀ ထိပေးရန် ကျိုင်းတုံကပေးရန်တာဝန်ရှိသည်။ အရေးအခင်းပေါ်၍ စစ်သားလိုလျှင် လူ ၂၅၀၀၀ (သေနတ်ကိုင်တဝက်၊ လှံကိုင်တဝက်) ပေးရသည်။ ကင်းစခန်းများအတွက် လူ ၅၀ မှ ၂၀၀ ထိ ပို့ပေးရသည်ဟု လည်းဖေါ်ပြသည်ကို တွေ့ရပါသည်။

စော်ဘွားဆက်ခံရာတွင် အဖအရာကို သားဆက်ခံသည်ဆိုသော်လည်း မြန်မာဘုရင်က ခန့်အပ်ရန်လိုအပ်သည်။ ကျိုင်းတုံ စော်ဘွားအား မြန်မာဘုရင်ပေးအပ်သောဘွဲ့မှာ ခေမာရဌ မဟာသီဟ ပဝရာဇာဟူ၍ဖြစ်သည်။ ထို့အတူ ဘွဲ့အဆောင် အ ယောင်၊ အစီးအနင်းများအား စော်ဘွားသာမက မဟာဒေဝီအားပါပေးအပ်သည်။ ကျိုင်းတုံစော်ဘွားသည် မိုင်းပွန်၊ ကျိုင်းရုံး၊ ညောင်ရွှေစော်ဘွားများကဲ့သို့ ရာဇာပလ္လင်နှင့်ထိုင်ရန် မြန်မာဘုရင်၏ အခွင့်ရသူများဖြစ်သည်။

ကျိုင်းတုံနယ်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်အခွန်ကောက်ခံရေးတို့တွင် အမြင့်ဆုံးအာဏာပိုင်မှာ စော်ဘွားဖြစ် သည်။ စော်ဘွားနယ်ပယ်မတူသည့် ဒေသမှလူများ အမှုအခင်းဖြစ်မှ မြန်မာ့ဘုရင်ခန့်အပ်ထားသော စစ်ကဲ၊ ဗိုလ်မှူးများက ဆုံးဖြတ်လေ့ရှိသည်။

ကျိုင်းတုံစော်ဘွားအပါ ရှမ်းစော်ဘွားများသည် မြန်မာဘုရင် လက်ဆောင်ပဏ္ဍာဆက်သရသည်။ ပဏ္ဍာဆက်ရန် ဝါဝင်၊ ဝါ ထွက်၊ နှစ်သစ်ကူးတို့တွင်ကျင်းပလေ့ရှိပြီး ခရီးအကွာအဝေးကိုလိုက်၍ တနှစ် ၁ ကြိမ်မှ ၃ နှစ် ၁ ကြိမ် ပဏ္ဍာဆက်ကြသည်။ တခါတရံ ကိုယ်စားလှယ်စေလွှတ် ပဏ္ဍာဆက်ကြသည်။

သို့သော် ကျိုင်းတုံက မြန်မာဘုရင်ကို အခွန်ငွေဆက်သည်ဟူ၍ မသုံးနှုန်းပါ။ ဝါကျွတ်ကန်တော့လက်ဆောင်ဟုသာ သုံးပါ သည်။ မြန်မာနန်းတွင်းသို့ လက်ဆောင်ပို့ရာတွင် မင်းအတွက်တဖို့၊ အိမ်ရှေ့စံအတွက် တဖို့ ပို့ပါသည်။ သို့သော် မြန်မာ မင်းကလည်း လက်ဆောင်ပဏ္ဍာပြန်ပေးလေ့ရှိပြီး မြန်မာမင်းက ပြန်ပေးသည့်လက်ဆောင်က ပိုများသည်ဟု ဆိုပါသည်။ ကျိုင်းတုံသည် ၁၄၁၆ ခုနှစ်က တြကိမ်သာ တရုတ်သို့လက်ဆောင်ပို့ပေးဖူးသည်။ ၁၆၄၈ ခုနှစ် တရုတ်ကတောင်းသောအခါ ကျိုင်းတုံစော်ဘွားကငြင်းပယ်ပြီး မြန်မာဘုရင်က အရေးယူဆောင်ရွက်ပေးရန် အကြောင်းကြားသည်ကို တွေ့ရသည်။

မြန်မာဘုရင် နှင့်ကျိုင်းတုံတို့ အပြန်အလှန် ဆက်ဆံရေးကောင်းရန်နှင့် အပြန်အလှန်ယုံကြည်မှုရရန် အပြန်အလှန် သမီး ကညာ ဆက်သသကဲ့သို့ စော်ဘွား၏ သားနှင့်ညီ စသူတို့ကို မြန်မာ့နန်းတွင်း ပို့ထားလေ့ရှိသည်။

ကျိုင်းတုံနှင့်မြန်မာဘုရင်ဆက်ဆံရေးတွင် ထူးခြားသည့်အချက်မှာ မြန်မာမင်းနတ်ရွာစံသည့်အခါ တိုင်းနေပြည်သူများ အ ထိတ်တလန့်မရှိစေရဟု အမိန့်စာများပို့ရာတွင် ကျိုင်းတုံနှင့် ကျိုင်းရုံးကြီးသို့ မပို့ဟု ဆိုပါသည်။ သို့သော် သားတော်က ထီး မွေကိုဆက်ခံပြီး သစ္စာပေးစေရန်ကိုမူ အကြောင်းကြားစာပို့သည်ကို တွေ့ရသည်။

● ကုန်းဘောင် ကျိုင်းတုံမှတ်စု
၁။ ကုန်းဘောင်ခေတ်တွင် ကျိုင်းတုံအား မြန်မာဘုရင့်ပိုင်နက် အစွန်အဖျားဒေသဟု သတ်မှတ်သည်။

၂။ မြန်မာဘုရင် နယ်နမိတ်အစွန်အဖျား စစ်ရေးအရအရေးပါသောဒေသအဖြစ် သတ်မှတ်ပြီး တပ်များ၊ ကင်းများချထားသည်။ စစ်မက်ဖြစ်ပွါးပါက မြန်မာဘုရင်တပ်အား ကျိုင်းတုံက စစ်အင်အားပံ့ပိုးသည်။

၃။ စော်ဘွားနယ်မြေအတွင် အုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့်၊ အခွန်ကောက်ခံခွင့်တို့အား စော်ဘွားလုပ်ပိုင်ခွင့် အပြည့်ပေးသည်။

၄။ မြန်မာဘုရင်အား နှစ်စဉ်ကန်တော့လက်ဆောင် ဆက်သရ၍ သစ္စာတော်ခံအဖြစ် သတ်မှတ်သည်။ သို့သော် အပြန်အလှန် လက်ဆောင်ပဏ္ဍာပြန်လည်ပေးအပ်သည်။ သမီးကညာ အပြန်အလှန်ဆက်သမှု ရှိသည်။ ကျိုင်းတုံစော်ဘွားအား ရာဇပလ္လင် နှင့် ထိုင်ခွင့်ပြုခြင်းအပါ အဆောင်အယောင်များခွင့်ပြုသည်။

၅။ အစွန်အဖျားဒေသဖြစ်၍ ကျိုင်းတုံအား ကုန်းဘောင်ဆက်မင်းများက ပို၍ လွတ်လပ်ခွင့်ပေးထားသည်။ သို့သော် မြန်မာမင်း၏သစ္စာတော်ခံနယ်မြေ၊အစောင့်အရှောက်ခံနယ်မြေအဖြစ် သဘောထားသည်ကို တွေ့ရသည်။

၆။ သို့သော်ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ကျိုင်းတုံသည် သီပေါဘုရင် အားထောင်ထားခြားနားခဲ့သည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စို;