Breaking News

ဒေါက်တာစိန်ဝင်း (NCGUB ဝန်ကြီးချုပ်) - ကျည်ပွေ့အတက်ပေါက်ပြီ

မြန်မာပြည်ပြန်ရောက်လာပြီဖြစ်တဲ့ ဒေါက်တာစိန်ဝင်းနဲ့ မိသားစု၊ (ဩဂုတ် ၉၊ ၂၀၁၉) (မိုးမခ)


ဒေါက်တာစိန်ဝင်း (NCGUB ဝန်ကြီးချုပ်) - ကျည်ပွေ့အတက်ပေါက်ပြီ

(မိုးမခအင်တာဗျူး) ဩဂုတ် ၁၀၊ ၂၀၁၉

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၇၊ ၂၀၁၉) နေ့မှာ ကြားသိရတာကတော့ ဒေါက်တာစိန်ဝင်းနဲ့ မိသားစု၊ မိတ်ဆွေများ အချိန်ကာလကြာမြင့်စွာ တောင်းဆိုလျောက်ထားခဲ့ကြတဲ့ မြန်မာနိုင်ငံသားအဖြစ်နဲ့ မြန်မာပြည်ကို လွတ်လပ်စွာ ပြန်သွားရောက်နိုင်ဖို့ အချိန်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဆရာရဲ့ အဆိုကတော့ ကျည်ပွေ့အတက်ပေါက်ပြီလို့ ဖြစ်ပါတယ်။

၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ နိုင်ငံသားတဦးအနေနဲ့ တာဝန်ကျေစွာ ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်လှုပ်ရှားခဲ့ကြပြီး တိုင်းပြည်ပြင်ပကို ရောက်ရှိခဲ့ကြပြီးနောက် ပြည်ဝင်ခွင့်တွေ ပိတ်ခံရ၊ ဘလက်လစ်ထဲ ထည့်ပြီး တားမြစ်ခံရ၊ ထို့အပြင် မြန်မာနိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ခံရတဲ့အထိ ယခင်စစ်အစိုးရအဆက်ဆက်လက်ထက်မှာ ရင်ဆိုင်ဖြတ်သန်းခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ် မြန်မာပြည်အထွေထွေရွေးကောက်ပွဲကနေ အင်န်အယ်ဒီဦးဆောင်တဲ့ ဒီမိုကရေစီခေတ်ပြောင်း အစိုးရနဲ့ လွှတ်တော်လက်ထက်မှာ အဆိုပါ မြန်မာနိုင်ငံသားဟောင်းတွေက ပြည်တော်ပြန်နိုင်ဖို့ တစိုက်မတ်မတ် တောင်းဆို ကြိုးစားခဲ့ကြသော်လည်း အခက်အခဲမျိူးစုံကို ရင်ဆိုင်ခဲ့ကြရပါတယ်။

အခြားမည်သည့်နိုင်ငံသားမှ မခံယူထားတဲ့ မြန်မာနိုင်ငံသားဟောင်းများ ဒေါက်တာစိန်ဝင်းနဲ့ မိသားစု၊ မိတ်ဆွေများအပါအဝင်ဟာ ပြည်တော်ပြန်ဖို့ လျောက်ထားရာမှာ မြန်မာသံရုံးကနေ ကန့်သတ်တဲ့ ခံဝန်ချက်တွေ လက်မှတ်ထိုးရန်၊ လွတ်လပ်စွာ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ကို ကန့်သတ်ခြင်း၊ လက်ရှိနေထိုင်တဲ့နိုင်ငံက ထုတ်ပေးထားတဲ့ တရားဝင်နေထိုင်ခွင့်လက်မှတ်ကို ပြန်အပ်ဖို့ စတဲ့ အတားအဆီးတွေ တွေ့ခဲ့ကြပါတယ်။ ဒါတွေကို လက်သင့်မခံပဲ လွတ်လပ်သော မြန်မာနိုင်ငံသားအဖြစ်နဲ့ ပြန်လည်လက်ခံဖို့ သူတို့တွေက ရပ်တည်တောင်းဆိုခဲ့ကြတာ ၃ နှစ်ကျော်ကာလမှာတော့ဖြင့် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ကို မြန်မာသံရုံးကနေ မြန်မာနိုင်ငံသားအသိအမှတ်ပြုလက်မှတ် ထုတ်ပေးလိုက်ပြီ ဖြစ်လို့ မြန်မာနိုင်ငံသားစစ်စစ်များအဖြစ် သိက္ခာရှိစွာ ဂုဏ်ယူစွာနဲ့ ပြန်ခွင့်ရကြပြီလို့ သိရှိရပါတယ်။ မြန်မာပြည်တွင်း ပြန်ရောက်ရင်လည်း လ၀ကကနေ သန်းကောင်စာရင်းထဲ ပြန်သွင်းဖို့၊ မှတ်ပုံတင်ပြန်လည်ထုတ်ပေးဖို့ စသည်ဖြင့် တရားဝင်ဆောင်ရွက်ဖို့ စာပို့အကြောင်းကြားထားပြီ ဖြစ်ပါတယ်။

ထို့အတွက် ဒေါက်တာစိန်ဝင်း မြန်မာပြည်သို့ ခရီးမထွက်ခွာမီ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်လိုက်ပါတယ်။

မေး။ ။ ဆရာတို့ မြန်မာပြည်ပြန်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီပေါ့။

ဒေါက်တာစိန်ဝင်း။  ။ ဟုတ်ကဲ့ပါ။ အားလုံးအဆင်ပြေသွားပါပြီ။

မေး။ ။ အမြဲတမ်းမေးစရာဖြစ်နေတဲ့ ဂရင်းကဒ်ပြန်အပ်ရတယ်ဆိုတာ မရှိဘူးပေါ့။

ဖြေ။ ။ မရှိပါဘူး။

မေး။ ။ အခုနောက်ဆုံးတော့ ချောချောမွေ့မွေ့ဖြစ်သွားတယ်ပေါ့။

ဖြေ။ ။ အခုကတော့ အားလုံးအဆင်ပြေသွားပါပြီ။ နောင်လည်းပဲ သူများတွေအတွက်လည်း အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ကြစေချင်ပါတယ်။ ဂရင်းကဒ်နဲ့နေနေကြတဲ့ မြန်မာနိုင်ငံသားဟောင်းတွေအနေနဲ့ နိုင်ငံသားလက်မှတ်ပြန်လျောက်ပြီး မြန်မာပြည်ကို ပြန်ပြီး လုပ်ကြ ကိုင်ကြ နေထိုင်ကြတာနဲ့ ပတ်သက်ပြီး ဘာမှ ပြသနာရှိစရာ မရှိစေချင်ပါဘူး။

မေး။ ။ အခုလို ဖြတ်သန်းစောင့်ဆိုင်း တောင်းဆိုခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်လဲ ဆရာ။

ဖြေ။ ။ အချိန်တွေက ပြန်မရတော့ဘူးလေ။ ဆွေမျိုးသားချင်းတွေ တွေ့ချင်တယ်၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ တွေ့ချင်တယ်။ လုပ်ချင်တာလေးတွေ စတဲ့ ပညာရေးတို့ စာသင်တာ စာရေးတာတွေ ကြန့်ကြာသွားတာပေါ့။ ကြန့်ကြာသွားတော့ ကိုယ့်ဆရာတွေ သင်္ချာဌာနကဆိုရင် ကိုယ့်ဆရာတွေ ဆုံးပါးသွားကြပြီပေါ့ဗျာ။ အဲဒါ ပြန်မရနိုင်တော့ဘူးပေါ့။

မေး။ ။ မြန်မာပြည်ပြင်ပကနေ စောင့်ဆိုင်းနေရတဲ့ ကုန်လွန်သွားရတဲ့ အခြေအနေတွေ အချိန်တွေကိုကော ဘာပြောချင်သလဲ ဆရာ။

ဖြေ။ ။ အင်မတန်ဝမ်းနည်းစရာပေါ့ဗျာ။ နိုင်ငံရေးအခြေအနေတွေ ပြောင်းနေပြီ၊ မြန်မာပြည်ကို ပြန်လာလို့ ရပြီ၊ ပြန်လာပါလို့ ခေါ်ကြတယ်၊ အတူတွဲလုပ်ရအောင်လို့လည်း ပြောကြတယ်။ ရင်ကြားစေ့ရေးပေါ့ ဟုတ်လား ဒီလိုအချိန်မှာ ဒီလိုမျိုး အချိန်တွေ ဆုံးရှုံးမှုတွေဖြစ်နေတယ်ဆိုတာက ဆိုးဝါးတာပေါ့ဗျာ။ မဖြစ်သင့်တဲ့ဟာတွေပါ။

မေး။ ။ ပြန်ချင်ပေမယ့် မပြန်နိုင်ကြတော့တဲ့ ရဲဘော်တွေ မိတ်ဆွေတွေအတွက်ကော ဘာပြောချင်သလဲဆရာ။

ဖြေ။ ။ အများကြီးပေါ့ဗျာ။ မကျန်းမာတဲ့သူတွေ၊ ဆုံးပါးသွားတဲ့သူတွေ ရှိတယ်။ လွန်ခဲ့တဲ့ ၃၊ ၄ နှစ်က ကျန်းကျန်းမာမာရှိနေတယ်။ ချက်ခြင်းပြန်ချင် ပြန်လို့ရတဲ့ သူတွေ ရှိတယ်ဗျာ။ လွတ်လွတ်လပ်လပ် ပြန်ခွင့်မရှိရတော့ အခုချိန်မှာ သူတို့အတွက်ကတော့ နောက်ကျသွားပြီပေါ့။ အင်န်အယ်ဒီ (လွတ်မြောက်နယ်မြေ) က ဥက္ကဌ ဦးတင်အောင်ဆိုရင် ကျန်းမာရေး မကောင်းတော့ဘူး။ တလောက ကျနော်ရောက်ခဲ့တယ်။ ဖို့ဝိန်းမှာ ကျနော် ရောက်ခဲ့တယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်ကဆို အဲလို မဟုတ်ဘူး။ သူတို့ရဲ့ ပြည်တွင်းက မိတ်ဆွေတွေ ရဲဘော်တွေလည်း မရှိကြတော့ဘူး။ ဆုံးပါးကုန်ကြပြီ။ ဦးဝင်းတင်ဆိုရင် ကျနော် မတွေ့ရတော့ဘူး။

မေး။ ။ အချိန်တွေဆုံးသွားတာအပြင် ပြန်မရနိုင်တော့တဲ့ အခြေအနေတွေလည်း ရှိတာပေါ့ မဟုတ်ဘူးလား ဆရာ။

ဖြေ။ ။ အခြေအနေအသစ်မှာဆိုရင် မြန်မာပြည်ပညာရေးအတွက်ဆို အများကြီး ဝိုင်းလုပ်လို့ရပါတယ်။ ရန်ကုန်တက္ကသိုလ်က ထွက်လာတဲ့ ပညာရေးကို ဝိုင်းပြီး တွန်းတင်ဖို့ နားလည်တဲ့သူတွေ ရှိတယ်။ စိတ်ကူးယဉ်တာတွေ ရှိခဲ့ကြတာပေါ့ဗျာ။ စိတ်ကူးယဉ်တာတွေကို အကောင်အထည်ဖော်နိုင်ဖို့ ဟိုကလည်း မသွားနိုင်၊ ဒီကလည်း မလာနိုင်တာတွေ နဲ့ ဆိုတော့ ခက်တာပေါ့ဗျာ။ တိုင်းပြည်မှာ လိုအပ်တဲ့ စီးပွားရေး ပညာရေး တွန်းတင်ဖို့ ဆိုတဲ့အခြေအနေမှာ မလုပ်နိုင်ဘူးပေါ့ဗျာ။

မေး။ ။ အခုလိုမျိူး မြန်မာပြည်ကို မြန်မာနိုင်ငံသားစစ်စစ်အဖြစ်နဲ့ ပြန်နိုင်ဖို့ ရပ်တည်ဆောင်ရွက်ခဲ့ရတာနဲ့ ပတ်သက်ပြီး ဆရာခံယူချက်ကို နည်းနည်း ပြောပါလား ဆရာ။

ဖြေ။ ။ ဟိုလူပြန်တယ်၊ ဒီလူပြန်တယ်၊ ဟိုလိုလုပ်တယ်၊ ဒီလိုလုပ်တယ် ဆိုတာတွေကိုတော့ ကျနော် ကြားသိနေတာပေါ့နော်။ ကျနော်ကတော့ မြန်မာနိုင်ငံသားအဖြစ်နဲ့ပဲ ရပ်တည်တယ်၊ သည်အတိုင်းပဲ ပြန်ချင်တယ်။ တားဆီးတာ ကန့်သတ်တာတွေကို လက်မခံနိုင်ဘူး။ စိတ်ပျက်ပြီး စိတ်ညစ်ပြီး လက်လျော့သွားတဲ့သူတွေလည်း ရှိတာပဲ။ ကျနော်ပြောချင်တာကတော့ဗျာ အထစ်အငေါ့တွေက မရှိသင့်ဘူး။ ဒီကိစ္စလုပ်ရတာ လွယ်ပါတယ်။ ဝက်ဆိုက်တွေရှိတယ်၊ ကြေငြာလိုက်ရင်ပြီးတာပဲ။ ပြသနာတွေရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောကြ ဆိုကြ။ ကျနော်တို့ဘက်မှာ ပြသနာဆိုတာ မရှိဘူးဗျ။ ပြသနာရှိတယ်ဆိုရင်လည်း ကိုင်တွယ်ကြရမှာပဲ။ ဖုံးပြီး ကွယ်ပြီးတော့ လုပ်နေတာ မဖြစ်သင့်ဘူး။ ဟိုတမျိုး ဒီတမျိုးဆိုတာ မရှိသင့်ဘူး။ မကြာသင့်ပဲ ကြာနေကြတာပေါ့ဗျာ။ ကျနော်တို့ကတော့ သံရုံးကို အကြောင်းကြားတယ်။ ပြည်တွင်းကိုလည်း ပြောတယ်။ စာရေးတယ်။ ကျနော်တို့ အမြန်ပြန်ချင်တယ်၊ လူတွေကလည်း မေးကြတယ်။ ကျ​နော်ဆိုလည်း မြန်မာပြည်က ပြန်လာတဲ့ မိတ်ဆွေတွေ ရဲဘော်တွေကို အမြဲမေးမြန်းတယ်၊ နားထောင်တယ်။ အခြေအနေကို သိအောင်လုပ်တယ်။ ကျနော်ကတော့ စိတ်မပျက်ဘူး။ အချင်းချင်းလည်း ပြောကြပါ။ အထက်ကိုလည်း ပြောကြပါ။ ပြုပြင်ပြောင်းလဲဖို့ ထင်သာမြင်သာရှိရမယ်။ အခုထက်ထိကတော့ ထင်သာမြင်သာ သိပ်မရှိသေးဘူး။ အခု ဒါကြောင့် ကျနော်တို့အကြောင်းကို လူတွေအားလုံးသိအောင် အမြဲတန်း ပြောပြနေတယ်လေ။ ခင်ဗျားတို့ မေးလာရင် ကျနော်ကတော့ အားလုံးပြောပြနေတာပါပဲ။

မေး။ ။ ဆရာတဦးတည်းနဲ့တင် လုပ်ရတာမဟုတ်ဘဲ ဆရာ့မိတ်ဆွေတွေ မိသားစုတွေ အတူတကွ ဝိုင်းဝန်း ရပ်တည် လုပ်ကိုင်ကြရလို့ အခုလို ဖြစ်လာရတယ်လို့ ပြောရမှာပေါ့နော် ဆရာ။

ဖြေ။ ။ ဟုတ်ပါတယ်။ အားလုံးဝိုင်းဝန်းပြီး ညီညီညွတ်ညတ် ဆောင်ရွက်ကြလို့ပါ။ ဥပမာ - အမေရိကန်ကအမြဲတန်းနေထိုင်ခွင့်လက်မှတ် ဂရင်းကဒ်ဆိုတာက နိုင်ငံသားလက်မှတ်မဟုတ်ဘူး။ နေထိုင်ခွင့်ပေးထားတာပဲ ရှိတယ်။ ဒါကို အမြဲပြန်ရှင်းပြရတယ်။ သည်ကဒ်ကို ပြန်အပ်စရာ မလိုဘူး။ အချက်အလက်အထောက်အထားတွေ ရှာဖွေ စုဆောင်းပြီး ရှင်းပြရတယ်။ နောက်ပြီးတော့ တချို့ကတော့ ပြန်အပ်ခိုင်းတယ်၊ တချို့က အပ်စရာမလိုဘူး၊ ခွဲခြားခွဲခြားဖြစ်နေတာတွေကိုလည်း အားလုံးက လက်မခံကြဘူး။  အားလုံးတပြေးညီဖြစ်ဖို့အတွက် ကျနော်တို့ အတူတူ ရပ်တည်ကြရတာပေါ့ဗျာ။ ဗီဇာနဲ့ ပတ်သက်လို့လည်း တပြေးညီဖြင့်သင့်တယ်၊ ဝက်ဆိုက်မှာ ကြေညာလိုက်၊ တပြေးညီလုပ်ဖို့ ဆိုတာကို ဝိုင်းပြောကြရတာပေါ့ဗျာ။ နှုတ်နဲ့ကျတော့ တမျိုး ဝက်ဆိုက်ကျတော့ တမျိုး ဆိုတာ သံရုံးမှာ မရှိသင့်ဘူး။ ဒါကို တဦးတည်းအတွက်တင်မဟုတ်ပါဘူး၊ ကျနော်တို့ မိသားစု မိတ်ဆွေတွေ အတွက်တင် မဟုတ်ပါဘူး။ နောင် ကျနော်တို့ မြန်မာနိုင်ငံသားတွေ အားလုံးအတွက် ဆက်ပြီး ချောချောမွေ့မွေ့ ဖြစ်စေချင်တယ်။ မီဒီယာတွေကလည်း ပြောပေးကြရမှာပေါ့ဗျာ။

မေး။ ။ မြန်မာနိုင်ငံသားဟောင်းတွေ ပြည်တွင်းရောက်ပြီးတော့မှ လ၀ကမှာ နိုင်ငံသားပြန်လျောက်ကြတယ်၊ အဲသည်အတွက်လည်း လူဝင်မှုကြည့်ကြပ်ရေးက ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။ အဲဒါ ဟုတ်လားဆရာ။

ဖြေ။ ။ အဲသည်လိုလည်း ကြားသိရပါတယ်။

မေး။ ။ ကဲ ဆရာလည်း ခရီးသွားဖို့ လုပ်ရတော့မယ်။ နောက်ဆုံးမေးချင်တာကတော့ ပြောင်းလဲချိန်တန်ပြီ ဆိုတာ ဟုတ်နေပြီပေါ့ ဆရာ။

ဖြေ။ ။ ပြောင်းလဲချိန်တန်ပြီ ဆိုရင် လူတိုင်းကလည်း ယခင်တုန်းကလိုမျိုး မဟုတ်တော့ပဲ ကိုယ်တိုင်လည်း ပြောင်းလဲရပါမယ်။ ပြောင်းလဲချိန်တန်ပြီ ဆိုပြီးတော့ ကျနော်တို့တတွေက ဟိုတုန်းကအကျင့်တွေ အလုပ်တွေကို မပြင်ဘဲ မပြောင်းဘဲ ဆက်လုပ်နေလို့ မရပါဘူး။ ပြောင်းလဲလာဖို့ကိုလည်း တစိုက်မတ်မတ် ဆက်လုပ်နေဖို့ လုပ်ပါတယ်။ စိတ်ရှည်ဖို့ လိုပါတယ်။ မိမိပတ်ဝန်းကျင်က လူတွေ သိအောင်၊ အစိုးရ၊ လွှတ်တော်၊ အမတ်တွေ၊ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံတို့ သိအောင်လည်း လုပ်ရမယ်၊ တင်ပြနေရပါမယ်။ စိတ်လျော့လိုက်လို့ မရပါဘူး။ ခေတ်နဲ့ စနစ်နဲ့ မညီတာတွေ ပြောင်းသင့်ပြီ၊ ပြောင်းလဲအောင် ဝိုင်းလုပ်ကြရပါမယ်။ အနည်းဆုံးတော့ မြန်မာသံရုံးဆိုတာလည်း သူများသံရုံးဆိုတာထက် ဒို့သံရုံးဖြစ်အောင် ပြောင်းလဲရမှာပေါ့။ ပြည်ပရောက်နေတဲ့ မြန်မာတွေဟာ နေ့တိုင်း မြန်မာစိတ်နဲ့ပဲ နေနေကြတာဗျ။ စားလည်းမြန်မာစိတ် သွားလည်း မြန်မာစိတ်ပဲ။ သည်မြန်မာနိုင်ငံသားဟောင်းတွေမှာ မြန်မာပြည်ကို ကောင်းစေချင်တဲ့ စေတနာချည်းပဲ။ သူတို့တွေ မြန်မာပြည်ပြန်လာပြီး ကောင်းရာကောင်းကျိုး ဝိုင်းလုပ်ကြမယ့်သူတွေချည်းပါဗျာ။

မေး။ ။ ကျေးဇူူးပါဆရာ။ ခရီးလမ်းချောမွေ့ပါစေ။

(မိုးမခဖြည့်စွက်ချက် - ဒေါက်တာစိန်ဝင်း၊ ဇနီး စီစီသွယ်၊ သား လရောင်တို့ မြန်မာစံတော်ချိန် ဩဂုတ် ၉၊ မနက်ခင်းမှာ မြန်မာပြည် ရန်ကုန်မြို့့ကို ချောမွေစွာ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဓာတ်ပုံက တက္ကသိုလ်ရိပ်သာလမ်း၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှာ ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်)