Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၂) အပိုင်း (၁၆)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၂) အပိုင်း (၁၆)
(မိုးမခ) သြဂုတ် ၁၃၊ ၂၀၁၉

● ကျိုင်းတုံစော်ဘွား အုပ်ချုပ်ရေး
ရှမ်းအရှေ့တွင် သမိုင်းတင်သည့်ကာလမှစ၍ ၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာစွန့်သည်အထိ လွှမ်းမိုးနေသော အုပ်ချုပ် ရေးစနစ်မှာ စော်ဘွားအုပ်ချုပ်ရေးဖြစ်ပြီး ၎င်းစော်ဘွားအုပ်ချုပ်မှု အောက်တွင် ရှမ်းအရှေ့သည် စုစည်းဖြစ်တည်လာသည်။ ယေဘူယျ ရှမ်းစော်ဘွားအုပ်ချုပ်ရေးယန္တရား၏ပုံစံတခုမှာ အောက်ပါအတိုင်းဖြစ်သည်။

စော်ဘွား
| ကျမိုင်း (ဆက်ခံသူ)
အမတ်ချုပ်
|
အမတ်များ
|
အတိုင်ပင်ခံ
|
မြို့စားကြီး
|
ရိုးရိုးမြို့စား တိုက်သူကြီး/မြို့အုပ် အထူးမြို့စား
|
ရွှေခွန် ဟိန် ငွေခွန်
|
ထမုန် - သူကြီး
|
ကျော့- ဆယ်အိမ်ခါင်း
စော်ဘွားအုပ်ချုပ်ရေးပုံစံအား နောက်ပုံစံတခု ပြထားသည်ကိုလည်း
အောက်ပါအတိုင်းတွေ့ရသည်။
စော်ဘွား
| --------- အကြံပေး
တောင်နန်းစံ မဟာဒေဝီ မြောက်နန်းစံ
|
ကျမိုင်း(အိမ်ရှေ့စံ) --- ---- သားတော်များ
|
စစ်မက်ရေးရာဝန်ကြီး အတိုင်ပင်ခံ
စစ်ဦးစီးချုပ် ဝန်ကြီးချုပ်
ဒုစစ်ဦးစီးချုပ် မြို့တော်ဝန်
ဗိုလ်မှူ းကြီး နန်းရင်းဝန်
ဗိုလ်မှူ း ----
ဗိုလ်ကြီး ပူကန့်များ၊ အုပ်ချုပ်သူ
တပ်ကြပ် ပူကန့်
ဒုတပ်ကြပ် ရပ်ကွက်သူကြီး
စစ်သားစုဆောင်းရေး ဆယ်အိမ်မှူး
စစ်မှုထမ်းများကိုကြီးကြပ်သူ

ကျိုင်းတုံစော်ဘွားအုပ်ချုပ်ရေးတွင် အခြားရှမ်းစော်ဘွားများနည်းတူ စော်ဘွားနှင့် တွဲဘက်အုပ်ချုပ်ရန် ကျမိုင်း (အိမ်ရှေ့ ဥပရာဇာ)၊ အမတ်ချုပ်၊ အမတ်များ၊ မြို့စား၊ ငွေခွန်မှူး၊ ဟိန်၊ ထမုန်၊ ကျော့ စသည့်အမှု ထမ်းအဆင့်ဆင့် ပါဝင်သည်။ ၎င်းတို့သည် ကျိုင်းတုံစော်ဘွားနယ် နယ်မြေလုံခြုံရေး၊ အခွန်ကောက်ခံရေး၊ တရားစီရင်ရေးတာဝန်များကို ရာထူးအလိုက် လုပ်ဆောင်နိုင်ရန် အဆောင်အယောင်နှင့် လုပ်ပိုင်ခွင့်များပေးထားလေ့ရှိသည်။ မြို့စားများတွင် စော်ဘွားနှင့်ဆွေမျိုးတော် စပ်သူ အထူးမြို့စားမျိုးရိုးများပါဝင်သကဲ့သို့ ဉာဏ်ရည်ထက်မြက်သူ၊ အရည်အချင်းရှိသည့် ရိုးရိုးမြို့စားမျိုးလည်းရှိသည်။ မြို့စားအဆင့်အား ဖရားဟု ခေါ်ဝေါ်သည်။

ဟိန်မှာ လူတထောင်ပေါ်တွင် အုပ်ချုပ်ရသူဖြစ်သည်။ အဝေးစစ်ကဲများနှင့်အလားတူသည်။ ဟိန်ရာထူးကို စော်ဘွားအမိန့်ဖြင့် ခန့်၍ အမှုထမ်းကောင်းသူများကို အဆောင်အယောင်များပေးထားလေ့ရှိသည်။ ထမုန်မှာရှမ်းနယ်၌ ကျေးရွာအာဏာပိုင်ဖြစ် သည်။ ထမုန်သည် သူကြီးရာထူးကို တာဝန်ယူသည်။ ကျော့မှာ ဆယ်အိမ်ခေါင်းသဘောမျိုးဖြစ်ပြီး ထမုံ၏လက်အောက်၌ ကျေးရွာအား အုပ်ချုပ်သည်။ ထမုန်နှင့်ကျော့သည် ကျေးရွာအာဏာပိုင်များဖြစ်ရာ လူထုနှင့်အနီးကပ်ဆက်ဆံရသူများဖြစ်သည်။ ၎င်းတို့အား စော်ဘွားကပင်ခန့်အပ်သည်။ ကျေးရွာများတွင် ကျော့အပြင် ရွာဆော်တယောက်အားလည်း ခန့်အပ် သည်။ အထက်ပါကျေးရွာအာဏာပိုင်များ၌ ထမုန်သည် အခွန်ကောက်ရာတွင် ၁၀ % စားရ၍ ကျော့က ၅ % စားရသည်။ ကျန်သည်ကို စော်ဘွား မြို့စားများထံ ပြန်အပ်ရသည်။

နောက်ဆုံး ကျိုင်းတုံစော်ဘွားစဝ်ဆိုင်းလုံလက်ထက်တွင် အမတ်ချုပ်က စော်ဘွားဆွေမျိုးဖြစ်သည်။ စော်ဘွားရဲ ၁၅၀ ခန့်ရှိ ပြီး အမတ်ချုပ်က အုပ်ချုပ်သည်။ မိုင်းယန်းနှင့် မိုင်းဖြတ်တို့တွင် ရဲစခန်းများ ထားရှိသည်။ ကျိုင်းတုံတွင် စော်ဘွား၏ထောင်ရှိပြီး အကျဉ်းသား ၁၅၀ ခန့်ဆန့်သည်။ စော်ဘွားစဝ်ဆိုင်းလုံခေတ် အခွန်ကောက်ခံမှုမှာ အိမ်ထောင်စုတစုလျင် ၁ ကျပ်ခွဲကောက် ခံပြီး ဘိန်းတပိဿလျင် ၁၀၀ ကျပ်ကောက်ခံသည်။ ထိုစော်ဘွားခေတ်က ဘိန်းပိသာထောင်ချီ ထွက်ရှိပြီး လာအိုနှင့်ထိုင်းသို့ပိ့ုဆောင်သည်။ စော်ဘွား၏ အဓိကအခွန်ငွေရလမ်းတခုဖြစ်သည်။ စော်ဘွားအတွက် နောက်ထပ် အခွန်ငွေရလမ်းတခုမှာ သီတင်းကျွတ်၊ တပေါင်းနှင့် တရုတ်နှစ်သစ်ကူးပွဲမားတွင် လောင်းကစားဝိုင်းများ ကျင်းပခွင့်ပြုခြင်းဖြစ်သည်။ တကြိမ်လျင် ၇ ရက်ခန့်ခွင့်ပြုပြီး စော်ဘွားအတွက်ပင် အခွန်ငွေ ၈၀၀၀၀ ခန့်ရရှိသည်။

လွတ်လပ်ရေးရသည်အထိ ဂုံရှမ်းတို့သည် ကျိုင်းတုံနယ်၌ အများစုဖြစ်သကဲ့သို့ အုပ်စိုးသူများလည်းဖြစ်သည်။ နောက်ပိုင်း ကာလများတွင် တောင်ပေါ်သားများမှ လားဟူအချို့သည် စော်ဘွားရဲများအဖြစ် အမှုထမ်းလာသည်ကို တွေ့ရသည်။

● ဂုံရှမ်း
ကျိုင်းတုံဒေသရှိ ရှမ်းများအား တိုင်းခင် ဝါ ဂုံရှမ်းဟုခေါ်သည်။ ဂုံရှမ်းတို့သည် ရှမ်းမျိုးနွယ်များဖြစ်သော်လည်း လေယူ လေ သိမ်း ကွဲပြားသော ရှမ်းစကားအားပြောဆိုကြပြီး ကွဲပြားသော ဝတ်စားဆင်ယဉ်မှု များရှိသည်။ မူလက ဇင်းမယ် ယွန်းရှမ်း ဖရားမန်ရိုင်းမှ အစပြု၍ ကျိုင်းတုံစော်ဘွားဆက်ကို တည်ထောင်ခဲ့သော်လည်း စဝ်နမ်တောန် ခေါ် စဝ်နမ်ထုမ့် (၁၂၅၃-၁၂၆၄) ခေတ်တွင် ကျိုင်းတုံရှမ်းအား ယွန်းရှမ်းမှ ဂုံရှမ်းဟုခေါ်ရန် အမိန်ထုတ်ပြီး သုံးစွဲသောစာအား ဂုံရှမ်းစာဟု ခေါ်တွင် စေခဲ့သည်ဟု ဆိုပါသည်။

၇ ရာစု၌ အိန္ဒိယတောင်ဖက် ဗြဟ္မီစာပေမှ ပလ္လဝစာပေထွန်းကားပြီး အရှေ့တောင်အာရှသို့ရောက်ရှိခဲ့သည်။ မွန်များဆီမှ ယွန်းရှမ်း ၎င်းမှတဆင့် ဂုံရှမ်းစာပေဆင်းသက်လာသည်ဟု ဆိုပါသည်။ ဂုံရှမ်းစာတွင် ဗျည်း ၄၂ လုံးနှင့်သရ ၈ လုံးပါရှိပါသည်။ ကျိုင်းတုံဒေသသို့ ၁၄ ရာစု၌ စတင်ဝင်ရောက်လာသော ဗုဒ္ဓကျမ်းစာများသည် ဂုံရှမ်းစာနှင့်ဖြစ်သည်။ ဂုံရှမ်းစာသည် ရှမ်း အရှေ့၌ ဦးစွာရောက်ရှိခဲ့သော စာပေတခုဖြစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ကထိက (ငြိမ်း) ဆရာစိုင်းခမ်းမိုင်၏အဆိုရ ရှမ်းစာ ၂ မျိုးအနက် မောရှမ်းစာအား ရှမ်းမြောက်၊ ရှမ်းတောင်၊ ကယားနှင့်ကချင်ပြည်နယ် ခန္တီးနယ်တို့တွင် အသုံးပြုကြသည်။ ယွန်းရှမ်းစာကို ကျိုင်းတုံ၊ ဆစ်ဆောင်ပဏ္ဏားနှင့် ရှေးလာအိုတို့တွင် အသုံးပြုကြသည်။ ကျိုင်းတုံစော်ဘွားဆက်စတင်ခဲ့သည့် စဝ်နမ်ထုမ့် ဝါ စဝ်နမ်တောန် (၁၂၅၃-၁၂၆၄) ခေတ်တွင် ယွန်းရှမ်းစာကို ပြုပြင်ထားသည့် ဂုံရှမ်းစာအစပြုခဲ့သည်။ ကျိုင်းတုံစော်ဘွား မဟာခနန် (၁၈၁၉-၁၈၆၂) လက်ထက်တွင် ထပ်မံ၍ ဂုံရှမ်းစာအား ပြုပြင်မွမ်းမံ၍ ဂုံရှမ်းစာပီပြင်လာခဲ့သည်ဟု ဆိုသည်။ မောရှမ်းစာသည် အက္ခရာအသံသင်္ကေတ မပြည့်စုံ၊ ပါဠိလိုရေးမရပေ၊ ပါဠိအား ယွန်းစာ၊ ဂုံစာနှင့်သာ ရေး၍ရသည်။ အဘိ ဓမ္မာကျမ်းနှင့် ဇတ်ကြီး ဆယ်ဘွဲ့အား ဂုံရှမ်းစာဖြင့်ရေးသားထားသည်ကို ၁၈၅၂ ခုနှစ်တွင်၎င်း၊ သိန္နီ၌ ၁၈၆၉ ခုနှစ်တွင် တွေ့ရှိရသည်ဟု ဆိုပါသည်။ တအာင်းအသံထွက်အတိုင်း ယွန်းရှမ်းစာဖြင့် ဝိပသနာတရားတော်ရေးသားထားသည်ကို နမ့် ဆမ်နယ်တွင်တွေ့ရှိရပြီး ယူနန်ပြည်နယ် မိုင်းလင်းစော်ဘွားနယ်တွင် ဝိနည်းကျမ်းကို ယွန်းရှမ်းစာဖြင့်တွေ့ရှိရသည်ဟုဆိုသည်။

ကျိုင်းတုံနောက်ဆုံးစော်ဘွားစဝ်ဆိုင်းလုံ၏ ကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ် ဂုံရှမ်းစာပုံနှိပ်တိုက်၊ ၁၉၆၀ ခုနှစ် ဂုံရှမ်းစာ လက် နှိပ်စက်တို့ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုပါသည်။ ဂုံရှမ်းပြက္ခဒိန်လည်း သီးသန့်ထုတ်သည်ကို တွေ့ရသည်။

လွန်ခဲ့သော နှစ် ၂၀၀ ခန့်မှစ၍ မြန်မာဘုရင်ကိုပုန်ကြသည့် မိုးနဲဒေသမှ ရှမ်းကြီး (တိုင်းလုံ) များ ကျိုင်းတုံဒေသသို့ တစစ ရောက်ရှိလာပြီး လွတ်လပ်ရေးရပြီးနောက် ပိုမိုပြောင်းရွှေ့ ကူးလူးဆက်ဆံခဲ့သည်ကို တွေ့ရသည်။ ရှမ်းကြီးစာမှာ ဗြဟ္မီစာပေ ခွဲ နာဂရီစာပေမှ ၁၄ ရာစုတွင် ဆင်းသက်လာသည်ဟု ဆိုပါသည်။ မူလက ဗျည်း ၁၈ လုံးနှင့်အသံ ၃ သံရှိသည်။ ကိုလိုနီ ခေတ်တွင် ရှမ်းပြည်ပညာရေးဝန်ကြီး စဝ်ဆိုင်မိန်းမန်ရိုင်းက ဂုံရှမ်းစာအမှီပြုပြီး အသံ ၅ သံပြည့်အောင် တည်ထွင်ပေးခဲ့ သည်ဟု ဆိုပါသည်။ ရှမ်းကြီးစာမှာ လွယ်ကူ၍ လူသုံးများသော်လည်း ပါဠိလို ရေး၍မရပေ။

ယနေ့ခေတ် ရှမ်းအရှေ့တွင် ဗုဒ္ဓဘာသာစာပေအား ဂုံရှမ်းစာဖြင့်ရေးသားပြီး အရပ်သုံးအား ရှမ်းကြီးစာဖြင့်ရေးရန် ညှိနှိုင်းပြော ဆိုမှု များတွေ့ရသည်။ ဂုံရှမ်းဘုန်းတော်ကြီးကျောင်းများတွင် ဗုဒ္ဓဘာသာကျမ်းဂန်များအား ဂုံရှမ်းစာဖြင့်တွေ့ရပြီး မိုင်းယန်း မြို့နယ်အတွင်း၌ ဂုံရှမ်းစာအား အရပ်သုံးအဖြစ်လည်း အသုံးပြုသည်ကို တွေ့ရပါသည်။

ကျိုင်းတုံ ဂုံရှမ်းဒေသသို့ ဦးစွာရောက်ရှိလာသော ဗုဒ္ဓဘာသာမှာလည်း ထိုင်းနိုင်ငံ ယွန်းရှမ်းဒေသမှဖြစ်သည်။ ကျိုင်းတုံရှိ ဂုံရှမ်းစာဖြင့် ရေးသားထားသည့် ပါလျံ မှတ်တမ်းပုရပိုဒ်ကျမ်းစာအရ ဒေဒီ ၁၁ ရာစုတွင် မုတ္တမမှ ထေရဝါဒဗုဒ္ဓဘာသာသည် ချင်းမိုင်မှတဆင့် ကျိုင်းတုံသို့ရောက်ရှိလာကြောင်းဖေါ်ပြထားသည်။ ဒုတိယအကြိမ် ထေရဝါဒဗုဒ္ဓဘာသာရဟန်းများ ကျိုင်း သေဉ်းမှ ကျိုင်းတုံသို့ ၁၄၄၁-၁၄၅၆ ကာလတွင် ထပ်မံရောက်ရှိလာသည်ဟု ဖေါ်ပြပါသည်။ ထို့ကြောင့်လည်း ကျိုင်းတုံဒေသ၌ ဂုံရှမ်းစာဖြင့်ရေးသား ဗုဒ္ဓကျမ်းစာသုံးသော ဘုန်းတော်ကြီးကျောင်းများ ပိုများသည်ကို တွေ့ရသည်။ မြန်မာပြည်မမှ ဗုဒ္ဓ ဘာသာဝင်ရောက်သည်မှာ ၁၅ ရာစုနောက်ပိုင်းမှဖြစ်ရာ ဂုံဂိုဏ်းဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းက ပိုများပြားသည်ကို တွေ့ရသည်။

ရှမ်းအရှေ့တွင်တွေ့ရသော ဘုန်းတော်ကြီးကျောင်းစာရင်းအရ အောက်ပါအတိုင်းတွေ့ရသည်။
● ကျိုင်းတုံမြို့ နယ်
ဂုံရှမ်းဘုန်းကြီးကျောင်း ၂၂၄ ကျောင်း
မြန်မာကျမ်းစာသုံး ရှမ်းဘုန်းကြီးကျောင်း ၂၆ ကျောင်း
မြန်မာဘုန်းကြီးကျောင်း ၃၀/၄၀ ကျောင်းခန့်

● မိုင်းယောင်းမြို့နယ်
ဂုံရှမ်း/လိရှမ်း ဘုန်းကြီးကျောင်း ၁၁၄ ကျောင်း
မြန်မာကျမ်းစာသုံးရှမ်းဘုန်းကြီးကျောင်း မရှိ
မြန်မာဘုန်းကြီးကျောင်း ၅ ကျောင်း

● တာချီ လိတ်
ဂုံရှမ်းစာသုံးရှမ်းဘုန်းကြီးကျောင်း ၁၁၅ ကျောင်း
မြန်မာကျမ်းစာသုံးရှမ်းဘုန်းကြီးကျောင်း စီစစ်ဆဲ
မြန်မာဘုန်းကြီးကျောင်း စီစစ်ဆဲ
(ကျန် ၂ မျိုးပေါင်း ၅၂ ကျောင်းခန့်)

● မိုင်းဖြတ်
ဂုံရှမ်းစာသုံးရှမ်းဘုန်းကြီးကျောင်း ၂၇ ကျောင်း
မြန်မာကျမ်းစာသုံးရှမ်းဘုန်းကြီးကျောင်း စီစစ်ဆဲ
မြန်မာဘုန်ကြီးကျောင်း စီစစ်ဆဲ
(ကျန် ၂ မျိုးပေါင်း ၂၃ ကျောင်းခန့်) တို့ဖြစ်သည်။

သို့ဖြစ်ရာ ကျိုင်းတုံဒေသတွင် ဂုံရှမ်းတို့သည် ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဘာသာရေးနှင့်အုပ်ချုပ်ရေးတို့တွင် သူ့ခေတ် ကာလ၌ သီးခြားပုံစံတခုဖြင့် ရပ်တည်ခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော် ယနေ့ခေတ်ကာလ ကူးလူးဆက်ဆံမှု၊ ရောယှက်နေထိုင်မှုများအောက်တွင် ကျိုင်းတုံနယ်မြေရှိ ရှမ်းတို့အား ဂုံရှမ်း ဆိုသည်ထက် ရှမ်းလူမျိုးများအဖြစ် သဘောထားသည့်စဉ်းစားသည်ကို တွေ့ရပါသည်။

● တောင်ပေါ်သားများ
အင်္ဂလိပ်များ ကျိုင်းတုံသို့ရောက်ပြီးနောက် တွေ့ရသောမှတ်တမ်းများတွင် ရှမ်းလူမျိုးအပြင် တောင်ပေါ်သားဟုသာ အခြား တိုင်းရင်းသားလူမျိုးများအား မှတ်တမ်းပြုထားသည်ကို တွေ့ရသည်။ ကျိုင်းတုံနယ်မြေအတွင်း ဂုံရှမ်းတို့သည် တောင်ကြား မြေပြန့်လွင်ပြင်တွင် နေထိုင်ကြပြီး တောင်တန်းများပေါ်တွင် အခြားတိုင်းရင်းသားလူမျို းများနေထိုင်ကြသည်။ လားဟူ၊ အာခါ၊ ဝ၊ လွယ်၊ အာခေး၊ လီဆူး၊ အင်န် စသည်ဖြင့် တိုင်းရင်းသားလူမျိုး များစွာနေထိုင်ကြသည်။ တောင်ပေါ်တွင် နေ ထိုင်ကြသော တိုင်းရင်းသားများအား ရှမ်းတို့က "ကွန်းလွယ်" တောင်ပေါ်သားများဟုခေါ်သကဲ့သို့ အင်္ဂလိပ်တို့ကလည်း တောင်ပေါ်သားဟု ခေါ်ကြပုံရသည်။

ထိုခေတ်ကာလမှတ်တမ်းများတွင် တောင်ပေါ်နေတိုင်းရင်းသား လူမျိုးများအား ခွဲခြားဖေါ်ပြထားသည်ကို မတွေ့ရပါ။ တဖက်ကလည်း ယခင်ခေတ် မှတ်တမ်းများသည် အုပ်စိုးသူကိုသာ မှတ်တမ်းပြုလေ့ရှိသဖြင့် တောင်ပေါ်နေ တိုင်းရင်းသား တို့၏မှတ်တမ်းများ မတွေ့ရခြင်းလည်း ဖြစ်ပုံရသည်။ ထိုစဉ်ကာလက တောင်ပေါ်နေတိုင်းရင်းသားများသည် မြေပြန့်လွင်ပြင်သို့ပြောင်းရွှေနေထိုင်ခြင်းမရှိသေးသဖြင့် ကူးလူးဆက်ဆံမှုနည်းပါးခြင်းကြောင့်၎င်း၊ လူဦးရေနည်းနေသေးခြင်းကြောင့်၎င်း၊ ထိုတိုင်းရင်းသားများတွင် စာပေမရှိသေးခြင်းကြောင့်၎င်း အကြောင်းများစွာကြောင့်၎င်း ဖြစ်နိုင်ပါသည်။

တောင်ပေါ်တိုင်းရင်းသားအားလုံးလိုလိုမှာ မိရိုးဖလာနတ်ကိုးကွယ်သူများဖြစ်ပြီး ဘာသာစကားအရရော၊ ဘာသာရေးအရ ရောပါ ဂုံရှမ်းတို့နှင့် မတူညီမှုများကြောင့်၎င်း၊ နေထိုင်မှုပုံစံအရ၎င်း ကွာခြားမှုများတွေ့ရသည်။ အင်္ဂလိပ်တို့နှင့်အတူ တောင်တန်းဒေသများသို့ ခရစ်ယန်သာသနာပြုများ ရောက်ရှိလာခြင်း၊ စာပေများတည်ထွင်လာခဲ့ခြင်း၊ နောက်ပိုင်းကာလများ တွင်တောင်တန်းပေါ်မှ တိုင်းရင်းသားလူမျိုးများ မြေပြန့်လွင်ပြင်များသို့ ပြောင်းရွှေ့အခြေချလာပြီး နေထိုင်မှုပုံစံ၊ အသက်မွေးဝမ်းကျောင်းပုံစံပြောင်းလဲလာခြင်း၊ ပညာတတ်များထွက်ပေါ်လာခြင်း၊ လူဦးရေတိုးပွါးလာခြင်းတို့အပြင် လွတ်လပ်ရေးရပြီး နောက်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်ဖြစ်ပေါ်ခဲ့သောကူမင်တန်တရုတ်ဖြူများ ကျူးကျော်ဝင်ရောက်မှုခြင်း စသည့် ပြင်း ထန်သော နိုင်ငံရေး စစ်ရေးလှုပ်ရှားမှုများတွင် ယခင်တောင်ပေါ်သားဟု ခေါ်ဆိုခဲ့သည့် တောင်ပေါ်နေတိုင်းရင်းသားလူမျိုး များသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရှမ်းများနည်းတူ အရေးပါသောတိုင်းရင်းသားလူမျိုးများအဖြစ် တစ တစ ထွက်ပေါ် လာခဲ့ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။

မောင်မောင်စိုး