Breaking News

မောင်လူပေ - ဟောင်ကောင်လေဆိပ် ဒုတိယမြောက်ပိတ်

မောင်လူပေ - ဟောင်ကောင်လေဆိပ် ဒုတိယမြောက်ပိတ်

(မိုးမခ) ဩဂုတ် ၁၃၊ ၂၀၁၉

အနက်ရောင်ဝတ်ထားတဲ့ ဆန္ဒပြသူတွေ ထောင်နဲ့ချီပြီး ထပ်ရောက်လာကြတဲ့အတွက် ဟောင်ကောင်လေဆိပ်ကို ဒုတိယမြောက်နေ့အဖြစ် ပိတ်ရမဲ့ အနေအထားဖြစ်နေရတယ်။

Live လွှင့်နေတဲ့သတင်းမှာ ကြည့်ရတာကတော့ဆန္ဒပြတဲ့သူတွေဟာ အနက်ရောင်ဝတ်ထားကြသူ မျက်နှာဖုံးထားတဲ့ လူငယ်လေးတွေဖြစ်တယ်။ သူတို့ဟာ ဆိုက်ရောက် ထွက်ခွာ နေရာနှစ်ခုလုံးကို ရောက်နေကြတယ်။ ခရီးသည်တွေကို သူတို့ဆန္ဒပြရခြင်း အကြောင်းရင်း ရှင်းပြနေတယ်။ လမ်းကိုလုံးဝ ပိတ်ဆို့ထားတဲ့အနေအထားမဟုတ်ဘူး။ ခရီးသည်တွေကို ကူညီနေတာ တွေ့ရတယ်။

ဒါပေမဲ့ လေဆိပ်အာဏာပိုင်တွေက လေဆိပ်ကို လုံးဝပိတ်လိုက်ဖို့ ကြေညာနေတယ်။ တရုတ်အစိုးရကလည်း ဆန္ဒပြသူတွေကို အကြမ်းဖက်သမားတွေလို့ ကြေညာနေတယ်။ အခြေအနေက မတိုးတက်ပဲ အင်အားသုံးတော့မဲ့ အရိပ်လက္ခဏာတွေ မြင်နေရတယ်။

၁၀ပတ်ကြာပြီဖြစ်တဲ့ ဆန္ဒပြမှုတွေဟာ အရင်ကတော့ ရုံးပိတ်ရက်တွေမှာ လုပ်ကြတာပဲ။ ဒီအပတ်တော့ ရုံးဖွင့်ရက် နှစ်ရက်ပါ ထပ်တိုးလာတယ်။

တရုတ်ပြည်က အလိုရှိတဲ့ အကျဉ်းသားကို တရုတ်ပြည်ပို့ပြီး တရုတ်ဥပဒေနဲ့ စီရင်စေမဲ့ ဥပဒေကြမ်းတင်သွင်းရာက စခဲ့တဲ့ ဆန့်ကျင်ဆန္ဒပြပွပွဲကို ဦးဆောင်နေသူတွေဟာ ကျောင်းသားအရွယ်လူငယ်တွေဖြစ်တယ်။ ဟောင်ကောင်မှာ အလုပ်အကိုင်ရှားပါးမှု၊ အိမ်စျေးမြင့်နေမှု၊ နေထိုင်စားရိတ်ကြီးမြင့်မှု၊ တွေကို စိတ်ပျက်နေကြသူတွေဖြစ်တယ်။ လူငယ်တွေပီပီ ထောက်ထားငဲ့ညာစရာမရှိကြတော့ အမှားအမှန်ခွဲခြားပြီး မှန်တယ်ထင်တာကို မကြောက်တန်း ရဲဝံ့စွာ လုပ်ဆောင်နေကြတာပဲ။

တရုတ်အစိုးရက နှစ်ငါးဆယ်အာမခံထားတဲ့ ဒီမိုကရေစီဥပဒေတွေကို တဖြေးဖြေး တင်းကျပ်လာတာကိုလည်း သူတို့တွေ မကြေနပ်ကြဘူး။ ဒေသန္တရရွေးကောက်ပွဲတွေအထိ အစိုးရက ဝင်ရောက်စွက်ဖက်လာတာကို လက်မခံကြဘူး။ မကြေနပ်ချက်တွေပေါက်ကွဲကြတာဖြစ်တယ်။ မြန်မာပြည်ရဲ့ ရှစ်လေးလုံးဒီမိုကရေစီတောင်းဆိုမှုနဲ့ ဆင်တူနေတယ်။ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအသွင် ကူးပြောင်းသွားခဲ့ပြီ။ တရုတ်က တိုက်ရိုက်ခန့်ထားတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးအမျိုးသမီးကို နှုတ်ထွက်ပေးဖို့ တောင်းဆိုကြတယ်။ အာဏာရှင်ကလည်း အလျှော့ပေးမဲ့ပုံမရှိ။ ကျောင်းသားတွေကလည်း နောက်ဆုတ်မဲ့ပုံမတွေ့။

ဆန္ဒပြပွဲတွေက အစပိုင်းမှာ ငြိမ်းချမ်းခဲ့တယ်။ ဒါပေမဲ့ လူအုပ်စုရဲ့ထုံးစံအတိုင်း သွေးဆူသူအချို့( အကြမ်းဖက်သူတွေအသွင်ဖြစ်အောင် တရုတ်က ထည့်ထားတဲ့ တန်ပြန်တွေလည်း ဖြစ်နိုင်) ကြောင့် ရဲတွေနဲ့တိုက်ခိုက်ကြတယ်။ အဲဒီလူတွေအပြင် ရဲတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကိုပါ ငရုတ်ကောင်းရည်တွေနဲ့ပက်၊ ရာဘာကျည်တွေနဲ့ အနီးကပ်ပစ်ခတ်တဲ့အတွက် အများကြီး ထိခိုက်ခဲ့တယ်။ အဲဒီမှာ ကျောင်းသားများက ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်တွေဝတ်ဆင်ပြီး သူတိုလှုပ်ရှားမှုကို ကမ႓ာက အာရုံစိုက်လာအောင် လေဆိပ်ထိမ်းချုပ်တဲ့အထိ ဖြစ်လာခဲ့တာပဲ။

ဒီမိုကရေစီစနစ်ကို ဟောင်ကောင်မှာ အမြဲတမ်းတည်ရှိရေး အာမခံဖို့ကတော့ တရုတ်အစိုးရက လက်ခံမယ်မထင်။ လူငယ်တွေခေါင်းဆောင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်သူတွေအဖြစ်ပုံဖျက်ပြီး ဖမ်းဆီးထားတာ လူခုနှစ်ရာကျော်လောက် ရှိနေပြီ။ အဆုံးသတ်ချေမှုန်းတော့မဲ့ သဘောတွေ မြင်နေရတယ်။