Breaking News

ခွန်ဆိုင်း ● လစ်ဘရယ် တကယ်ကျဖို့ လွယ်လှတယ် မောင် မထင်

 
ခွန်ဆိုင်း ● လစ်ဘရယ် တကယ်ကျဖို့ လွယ်လှတယ် မောင် မထင်
(မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၉

အခန်း (၁)
နိဒါန်း
လူသားတွေ လိုက်မမှီနိုင်တဲ့ မှတ်ဉာဏ်မျိုး - တန်ခိုးရှင်နဲ့  ဘုရားရှင်တွေသာ စွမ်းနိုင်ကောင်းပါတယ်ဆိုတဲ့ မှတ်ဉာဏ်မျိုး (Artificial  Intelligence)  တွေ ကို သိုမှီးထားနိုင် - ပြန်ထုတ်ယူအသုံးချနိုင်တဲ့ စူပါကွန်ပြူတာနည်းပညာတွေ တဟုန်ထိုး တိုးတက်လာနေ။ တကမ္ဘာလုံးဘယ်နေရာဒေသ ကိုမဆို  တချိန်တည်းမှာ ဆက်သွယ်လို့ရ- အဖြစ်အပျက်တွေ အရေး အခင်းတွေကို  ပြန်ပြသ ပြန်ပြောပြနိုင်တဲ့ Generation -5 Telecommunition ဒိုးယိုပေါက်  ဆက်သွယ်ရေးနည်းပညာတွေ ပေါ် လာတယ်။ အလုပ်လုပ်ရာမှာ လူသားတွေထက်သာလွန် -  အမှားအယွင်းမရှိသလောက် နဲပါး  တိကျပြီး မညည်းမညူ လုပ်နိုင်တဲ့ စနေတနင်္ဂနွေ   အနားယူစရာမလို။ အချိန်ပိုလုပ်ခပေးစရာမလိုတဲ့ Killer Robots   စက်ရုပ်လူသားတွေလည်း ပေါ်လာ။ ယာဉ်မောင်းသူပါစရာမလို၊ ကြိုက်တဲ့ နေရာတိုင်းကို ကားမောင်းပို့ဆောင်ပေးလို့ရတဲ့ Remote Control  အဝေး ထိန်းချုပ် အမိန့်ပေးစနစ်တွေ အောင်မြင်စွာ ဖန်တီးလာနိုင်ခဲ့ပြီး။ လူသား  မျိုးရိုးဗီဇတွေကိုလည်း ပြောင်းလဲပစ်တဲ့အထိ အ သေးစိတ် ဖေါ်ထုတ်နိုင်  - တည်ဆောက်လာနိုင်တ ဲ့ဇီဝအင်ဂျင်နီယာ နည်းပညာတွေ (Bioengineering) တွေကလည်း  ဘုရားသခင် တွေ တန်ခိုးရှင်တွေ ဖန်ဆင်းပေးမှ  ရနိုင်ကောင်းတယ်ဆိုတဲ့ အယူအဆတွေကို  တစတစ အန်တုလာနေတဲ့ဒီနေ့ ခေတ်ထဲမှာ ...

 လူသားတွေရဲ့ ဘ၀ နေထိုင်နည်းတွေ - အလုပ်အကိုင်နဲ့ - အတွေးအခေါ်တွေ - ပညာရှာမှီးမှုတွေ -  နယ်မြေသစ်ရှာဖွေမှုတွေ- ကိုးကွယ်ယုံကြည်ရာဝါဒတွေ တစတစ ပြောင်းလဲလာနေပါတယ်။  ဒါကိုလှမ်းမြင်တဲ့သိပ္ပံပညာရှင်တွေ တွေးခေါ်ရှင်တွေ သမိုင်းသုတေသီတွေဟာ  သူတို့ရဲ့ အနာဂတ်ဟောကိန်းတွေ ကြိုတင်မျှော်မြင်ချက်တွေကို ကမ္ဘာလူသားတွေဆီ  ပုံစံမျိုးစုံနဲ့ တင်ပြနေကြပါတယ်။

ဒါကို တချို့က သတိမူပြီး တချို့က  သတိမထားပါဘူး။ အုပ်ချုပ်ရေးဒုက္ခများနဲ့ ချာရပတ်ရမ်းနေတဲ့အစိုးရများက  သူ့စနစ် သူ့ခေတ် သူ့အုပ်ချုပ်ရေးကို  အခြေခိုင်အောင် တည်ဆောက်နေရလို့။   နိုင်ငံရေးသမားကလည်း သူယုံကြည်  မျှော်မှန်းရာ လောကတခုရောက်နိုင်မလား  ယုံကြည်ရာ နိုင်ငံရေးကို လုပ်လို့။  စစ်တိုက်တဲ့သူကလည်း သူပိုင်းဖြတ်  ဦးတည်သိမ်းပိုက် နိုင်ရာနယ်မြေတွေမှာ သြဇာထူထောင်- နောက်ထပ်စစ်ပွဲတွေကို  ဆက်လို့။ ကုန်သည်တွေက  သူတို့ကြီးပွားရာကိစ္စ သူတို့  ကုန်သွယ်။  ဘုန်းတော်ကြီးတွေက  သတ္တဝါတွေ ကျွတ်မလား ချေချွတ်တရား  ဟောမြဲတရားဟောမွက်ကြားလို့။ အမျိုးချစ်သူ တွေက သူတို့ထင်တဲ့ မျိုးချစ်ဝါဒကို ထာဝရပွေ့ဖက်နေချိန် - အနှိမ်ခံ လူနည်းစုတွေဆီက -  ကိုယ့်အမှတ်လက္ခဏာ မပျောက် ရေးမှသည်  တန်းတူရေး ရှေ့တန်းရောက်ရေး   အမှုကိစ္စကိုယ်စီနဲ့ ခရီးဆက်နေကြဆဲ။

ဒီလိုကိစ္စ များမြောင်- ဒီလူ့ဘောင်ထဲ ဒီစာကို ရေးဖြစ်ဖို့ ကျွန်တော်လည်း အတော်ကြိုးစား -အားမွေးခဲ့ ရပါတယ်။  အထူးသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းဟာ  အစဉ်အလာနဲ့  အယူဝါဒတွေ- ရှေးရိုးစွဲတွေ  - တရားတော်တွေ - ဇာတ်လမ်း ပုံပြင်တွေ -သမိုင်းကြောင်းလို့ပြောနေကြတာတွေ-  လက်ရှိအထွေထွေ အကြပ်အတည်းတွေ။ ကိုယ့်အနာဂတ်ကိုယ် မမှန်းဆနိုင်ပဲ  ကိုယ့်နေရာ ပျောက်နေတာတွေ။ ဒါတွေကို မြင်တွေ့သိကြား  နားလည်ပေးနိုင်တဲ့လူတယောက်အနေနဲ့  ဒီနေ့ဒီအခြေဒီလိုစာမျိုး  ရေးရင် လက်ခံ စဉ်းစားပေးဘို့တောင် ခက်လိမ့်မယ်ဆိုတာ မှန်းဆမိပါရဲ။ ဒါပေမယ့် အဓိကက  ခေတ်လူငယ်တွေ- ခေတ်ဝန်ထမ်းလို့ ခေတ်လမ်းလျှောက်မယ့် လူငယ်တွေ-   လတ်ဆတ်တဲ့အတွေး အခေါ်ရှိသူတွေ ဖတ်လိုက်မိရင် ။ ဖတ်ပြီးရင် မနက်ဖြန်တွေ အတွက်  ဆက် စဉ်းစားမေးခွန်းထုတ်ကြပါစေ - လက်ရှိဘဝမှာ  ကိုယ့်ပတ်ဝန်းကျင်နဲ့  ကိုယ့်အနာဂတ်ကို အကောင်းဆုံး ဘယ်လိုပြင်ဆင်ရင်ဆိုင်ကြမလဲဆိုတဲ့ အတွေးမျိုး ဖြစ်ရင် ရေးရကျိုးနပ်ပြီ ဆိုတဲ့စေတနာ နဲ့ ရေးမှာဖြစ်ပါတယ်။

မိရိုးဖလာသမားတွေ လူ့သမိုင်းမှာ တကြိမ်ထပ်ပြီး  နောက်ကောက်ကျမကျန်အောင်  ဘယ်လိုလုပ်ပေးနိုင်မလဲ။ ကိုယ့်ကာယ လုပ်အားကို ရောင်းစားလို့မှမရတဲ့ လူတန်းစား သန်းပေါင်းများစွာ (Useless Class)   ပေါ်လာတဲ့အခါ  ဒီလူသားတွေဒုက္ခ နည်းနိုင်သမျှနည်းအောင် ဘယ်လိုတွေးခေါ်ပြင်ဆင်နိုင်ကြမလဲ။

ဒီအကြောင်းအရာတွေ ပြဿနာတွေကို   ဒီနေ့ နိုင်ငံတကာမှာလည်း ပညာရှင်များ  တာဝန်ရှိသူများဟာ  စတင်စဉ်းစားတွေးခေါ် ကြံဆ ဆွေးနွေးနေကြပြီမို့  ရွှေမြန်မာများလည်း နောက်ကျမနေသင့်ဘူးလို့ ယုံကြည်ရင်း ရေးသွားပါမယ်။

(၇-၀၈- ၂၀၁၉)

● လူဟာ ပုံပြောအကောင်းဆုံး သတ္တဝါ
အခန်း (၂)
၁၉ ရာစုမှာ ရေနွေးငွေ့အင်ဂျင်တွေစလည်နိုင်တယ်။  လျှပ်စစ်ဓါတ်နဲ့ - ရေဒီယိုဆက်သွယ်နည်းကို တွေ့လိုက်ကြတယ်။  အ ထည်စက်ရုံတွေ သံမဏိစက်ရုံတွေကြောင့် လူသားဘဝတွေ စတိုင်ကျ  စိုပြေမြိုင်ဆိုင်လာတယ်။ ကား- မီးရထားနဲ့ ခရီး သွားရတာ  လှည်းနဲ့ နွားထက် ဇိမ်ကျတယ်လို့ သိလာတယ်။  ဆက်သွယ်ရေး မီးရထားလမ်းကြောင်းတွေ လွန်းထိုးသွားလာ ခရီးဆန့်နိုင်တော့ လူတွေ သိန်းသန်းချီ ရေကြည်ရာ မြက်နုရာ ရွေ့လျားကြတယ်။ မိရိုးဖလာ သမရိုးကျ လူ့အဖွဲ့အစည်း ဟာ နိုင်ငံအတော်များများမှာ ခေတ်မှီစက်မှု နည်းပညာတွေကို ကန့်လန့်တိုက်ကြည့်တဲ့အခါ  သွက်ချာပါဒဝေဒနာရတယ်။ မ လိုက်နိုင်တဲ့ဒေသတွေဟာ ဂျွမ်းထိုးမှောက်လှန် -အောက်တန်းနောက်တန်း ကျန်ခဲ့တယ်။ ကိုယ့်နယ် သူများလာမတရား သိမ်းတာခံရတယ်။  လူနေမှုဘဝတွေပြောင်း- အဖြူ အညို အမဲတွေ အကြောင်းပါ ကံဆုံကြတယ်။ 

၁၉ ရာစု စက်မှုတော်လှန်ရေးကနေ   အရင်းရှင်လူတန်းစား အလုပ်သမားလူတန်းစားဆိုတာတွေ မွေး။ ဒီအခြေအနေလှိုင်းကို စီးနိုင်တဲ့ တွေးခေါ်ပညာရှင်တချို့က  ဝါဒတရပ်တီထွင်ပေး။ အရင်းရှင်စနစ်ကို အန်တုဘို့  ကွန်မြူနစ်စနစ်ကို ဖေါ်ထုတ်ကြပါ သတဲ့။ ကားလ်မာခ့်စ် အိန်ဂျယ် ထရော့စကီ လီနင်တို့ဟာ နည်းပညာဘာသာရေး (Techno-religion) ကို ကျွမ်းကျင်သူတွေလို့ ဆိုပါတယ်။ သူတို့က ကောင်းကင်ဘုံတွေ- သေပြီးနောက်ဘဝတွေ- ဝိညာဉ်တွေ -သေလွန်ပြီးငြိမ်းချမ်းရေးအကြောင်း တွေ ကို ငြင်းခုန်အချိန်ကုန်မခံဘူး။  ဂျူးဒစ်ဇင်၊ ခရစ်ယာန်ဝါဒ၊ ဟိန္ဒူဝါဒ စတာ တွေကပေးတဲ့ ကတိကဝတ်တွေအကြောင်းကို မပြောပဲ ပေါ်လာတဲ့နည်းပညာသစ်တွေကို လေ့လာအကဲဖြတ် စီးနင်းလိုက်ပါပြီး ဝါဒသစ်ကို ကြံဆဖေါ်ထုတ်ကြပါသတဲ့။ ကွန်မြူ နစ်ဝါဒကို တကြောင်းထဲနဲ့ ပြောပြစမ်းပါလို့ လီနင်ကို ဆိုတဲ့အခါ လီနင်က ကွန်မြူနစ်ဝါဒဆိုတာ အလုပ်သမားကောင်စီ နဲ့ လျှပ်စစ်ဓါတ်ပေါင်းထားတာ-  Communism is power to workers’ council plus electrification of whole country လို့ပြောပါသတဲ့။ လျှပ်စစ်ဓါတ်မရှိရင် ကွန်မြူနစ်ဝါဒလည်း ရှိမလာနိုင်ဘူးလို့ ပြောပါသတဲ့။

လူတွေဟာ ပုံပြောတဲ့နေရာမှာ ကောင်းသလို -- ပြောတဲ့ပုံပြင်တွေကို ယုံယုံကြည်ကြည်လိုက်နိုင်ကြတဲ့ သတ္တဝါတမျိုးတဲ့။ ဒါက တခြား သက်ရှိတွေအားလုံး ထက်သာတဲ့အချက်ပဲတဲ့။ ရှေးနှစ်သန်းပေါင်းများစွာတုန်းကဆို  လူဟာ တခြား သတ္တဝါတွေ နဲ့  ထူးမခြားနား သမိုင်းဦးလူသား ပရိုင်းမိတ်မျောက်တွေအဆင့်ပဲ။ ဒါပေမယ့်လူသားရဲ့  အထူးခြားဆုံး စွမ်းရည်ဖြစ်တဲ့ အချင်း ချင်းပေါင်းသင်းနေထိုင်ဆက်ဆံတတ်တာ (Social co-operation) ဟာ  ဘယ်သတ္တဝါမှ လိုက်မမှီဘူးတဲ့။ (ချင် ပန်ဇီတွေလဲ အုပ်စုဖွဲ့နေတတ်တာပဲ။ ဒါပေမယ့် အကောင် ၅၀ - ၁၀၀ ထက်ကျော်လာရင် သူတို့အချင်းချင်း  ပြဿနာ မရှင်း နိုင်တော့ဘူးတဲ့။)  လူသားက သန်းထောင်နဲ့ချီပြီး အမိန့်ပေးယုံကြည်ခိုင်းလို့ရတဲ့ သတ္တဝါမျိုးတဲ့။  ပျားတွေ ငါးတွေနဲ့ တခြား သတ္တဝါတိုင်းထက်လည်း အခြေအနေအလိုက်အထိုက် လိုတိုးပိုလျော့ နေထိုင်တတ်ကြသတဲ့။ အကောင်းဆုံးစွမ်းရည်ကတော့ တယောက်ယောက်က ဖန်တီးထီထွင်လိုက်တဲ့ဒဏ္ဍာရီတွေ ဘုရားတွေ့အယူဝါဒတွေကို အတူတကွလိုက်နာပြီး အကျိုးရှိ အောင် အသုံးချတတ်တာပါပဲတဲ့ (fictional story tellers and followers) လူသား သမိုင်းတလျောက် တီထွင်ဖန်ဆင်း လာလိုက်ကြတာမှာ တိုင်းပြည်တွေ (Nations)- ဥပဒေတွေ (Laws) - ငွေကြေးစနစ်တွေ (Currency) ဘုရားတွေ (Gods) ကော်ပိုရေးရှင်းတွေ (Coporate) - ဘဏ်တွေ (Bank) အလံတွေ (Flag)  အမျိုးမျိုးကနေ နောက်ဆုံး (Google Engine) ဂူဂဲလ် အင်ဂျင်ခေတ် အထိရောက်လာခဲ့ပါပြီ-တဲ့။ ဒီလိုနည်းပညာတွေကြောင့် ကောင်းတာတွေလဲရှိ။ဆိုးတာတွေရှိပေါ့ကောင်းတာတွေဘက်ကကြည့်ရင်  အငတ်ဘေး  ရောဂါဘေး စစ်ဘေးတွေကြောင့် သေကျေပျက်စီးရတာမျိုးတွေ အရင်က ထက် စာရင် နည်းပါးလာတာ ပြီးခဲ့တဲ့နှစ်တွေရဲ့ ထုတ်ပြန်တဲ့ကျန်းမာရေးအဖွဲ့ စစ်တမ်းကိန်းဂဏန်းတွေအရ ဒီနေ့ကမ္ဘာကြီးမှာ အစာငတ်လို့သေတဲ့မသာထက် အဝလွန်လို့သေတဲ့လူဦးရေက ပိုများလာတယ်လို့ စစ်တမ်းများက ဆိုပါသတဲ့။

အကြမ်းဖက်ဝါဒကြောင့်သေရတဲ့လူဦးရေထက် စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့လူဦးရေ က ပိုများသတဲ့။ ကူးစက်ရောဂါဘေးကြောင့် သေတဲ့လူဦးရေထက် သေချိန်တန်လို့ အလိုလို  အသက်ကြီးပြီး သေရတဲ့လူဦးရေ က ပိုများပါသတဲ့။

တချိန်ထဲမှာ နည်းပညာတိုးတက်မှုတွေ နောက်က လူသားဖြစ်တည်မှုကို ခြိမ်းခြောက်နေတဲ့ လူသားနေနည်းထိုင်နည်းတွေ ကလည်း တိုင်းပြည်တပြည်  အစိုးရတရပ်ထဲ ထိုင်ဖြေရှင်းလို့မရတဲ့ ကမ္ဘာလုံးဆိုင်ရာပြဿနာတွေ ဖြစ်လာကြပါရော။ ဥပမာဆောင်ရရင် နျူးကလီးယား လက်နက်ဆိုင်ရာပြဿနာများ ကမ္ဘာ့ဂေဟစနစ် ပြိုပျက်ခြင်း (World Ecological system collapse) ကမ္ဘာ့ရာသီဥတုများပြောင်းလဲခြင်းနဲ့ ကမ္ဘာကြီးပူနွေးလာခြင်း  (Global  Climate change and Global Warming)လူများ အစုလိုက်အပြုံလိုက်ရွေ့ပြောင်းခြင်း (Mass Migration)   အဲလိုပြဿနာတွေပါပဲ။

(၇.၀၈ .၂၀၁၉)


● ကမ္ဘာရွာကြီးထဲက အမျိုးသားဆူးလှည်းများ
အခန်း (၃)
လွန်ခဲ့တဲ့ရာစုနှစ်က နိုင်ငံတွေအချင်းချင်းကြား  နိုင်ငံရေးစနစ်တွေ တိုက်ပွဲဆင်ငြင်းခုန်ကြရာမှာ သူက လက်ဝဲဂိုဏ်း ငါက လက်ယာအုပ်စု သတ်မှတ်  အချီအချ အငြင်းပွါး ထိပ်တိုက်တိုးခဲ့ကြရာက ကမ္ဘာရွာကြီးဆီ ရွေ့လျား  ၂၁ ရာစု ရောက်လာချိန် မှာတော့ ကမ္ဘာရွာဝါဒနဲ့ အမျိုးသားရေးဝါဒ (Globalism and Nationalism) တို့ ပိုမိုထိပ်တိုက်တွေလာတဲ့ကာလလို့ ပြောလို့ရပါတယ်။

Think global , Act local - ကမ္ဘာကြည့် - ကြည့်ကြ - ဒေသယိ (-ဒေသအသိ) နဲ့ လုပ်ကြ ဆိုတဲ့ နေထိုင်မှုပုံစံခွက်အသစ် ထဲ ခေတ်စီမံရာအတိုင်း  မျောလာကြတဲ့လူသားတွေဟာ ကမ္ဘာရွာထဲက  အမျိုးသားရေး အလံတလူလူ ဆူးလှည်းတွေ ကန့် လန့်ခံတာကို ကြုံနေတဲ့ကာလလဲဖြစ်ပါတယ်။ စီးပွါးရေးကော်ပိုရေးရှင်းတွေ - အစိုးရယန္တယားတွေ - ပညာရေးစနစ်တွေ - ဒေသဆိုင်ရာ လူအဖွဲ့အစည်းတွေဟာ ဒိုးယိုပေါက်နည်းပညာ ခေတ်ထဲမှာ တနေ့ တနေ့ ကမ္ဘာမှုပြုမလား အမျိုးသားမှုပြု မလား (ကမ္ဘာမှုလား  မြန်မာမှုလား) မေးခွန်းများနဲ့ အလုပ်ရှုပ်တဲ့အချိန်ပါပဲ။

လူတယောက်အတွက် လူမျိုး-ဘာသာ- တိုင်းပြည် အမှတ်လက္ခဏာတွေက အရေးကြီးပါတယ်။ (Nationality , religion and country idendities) လက်ရှိ ပြဿနာတွေက အဲဒီသတ်မှတ်ချက်ဘောင်တွေကို ဘယ်လောက်ကျော်အောင် ကြည့် ကြမလဲ လုပ်ကြမလဲဆိုတာပါ။

ဆိုပါစို့ ဥပမာ  - ခုမနက် ကျွန်တော်တို့ဆီက ခေါင်းကြီးသတင်းတွေမှာ  ဥရောပကလူတွေ အသားလျော့စားမယ်ဆိုရင် ကမ္ဘာကြီး ပူနွေးလာမှုကို လျော့ချပေးနိုင်ပါတယ်လို့ သိပ္ပံပညာရှင်တွေဆော်သြလိုက်တာကို တနေ့လုံး အသားပေးဖေါ်ပြနေ ပါတယ်။ အင်္ဂလန်သားတွေဦးဆောင်ပြီး အသားလျော့စားရေး ကင်ပိန်းလုပ်သင့်တယ်ပြောတဲ့လူကလည်း ပြောပါတယ်။ ကျုပ်တို့အာရှသားတွေအဖို့က အသားလျော့စားတာနဲ့ ကမ္ဘာကြီးပူနွေးလာတာ ဘာဆိုင်လို့တုန်း။  ဟုတ်ပါ့မလား မောင်ကာဌု မေးတုန်းအဆင့်။  သူတို့က ကိန်းဂဏန်းတွေနဲ့ ရှင်းပြနေတာ ကြာပြီ။ ဒါပေမယ့်ဥရောပသားတွေ ကိုယ်တိုင်လည်း အူကြောင် ကြောင်နိုင်လှတဲ့သိပ္ပံပညာရှင်တွေ အဆိုကို ဂရုမစိုက်အားပါဘူး။ အမဲသား- နို့နဲ့ နို့ထွက်ပစ္စည်းတွေမှ မစားရရင် သူတို့မှာ - တခြားလဲ မစားတတ်ရှာဘူး။ ခုလို အသားစားတာလျော့ပြီး အသီးအနှံများများစားကြဘို့ မြန်မာတွေဘက်များ လှည့်ပြော လာရင် ငါတို့ဆီ အသားလှိုင်လှိုင် မစားနိုင်ကြတာ ကြာလှပေါ့။ ငါတို့နဲ့မဆိုင်ဘူးလို့ ပြောမှာပါပဲ။ ဒါပေမယ့်တကမ္ဘာလုံး မိုး တွေ ပိုရွာလာတာ - နေရာအနှံ့ ရေပိုကြီးလာတာတွေဟာ ကမ္ဘာ့ရာသီအပြောင်းအလဲတွေကြောင့် ဖြစ်တယ်။ အစိုးရကို အ လွယ်တကူ မျက်စောင်းထိုးရကောင်းမလား။  ရန်ကုန်မြို့ကြီးရေကြီးတာကို ကမ္ဘာကြီး ပူနွေးလာတာနဲ့ ဆက်စပ်လိုက်ကြ မလား။ ရေကြီးရင်ထမင်းထုတ်ဝေလိုက်ကြတာပေါ့ လောက်နဲ့ ပြီးမလား။  တဖက်မှာ  အမျိုးသားရေးဆူးလှည်းတွေက ဖြတ် မောင်း။ တောတွေခုတ်ရောင်း။  ဒေါ်လာသဲ့တဲ့စိတ်ကူးမျိုးက အားကောင်းဆဲလား။

ကမ္ဘာ့အပူ ၂ ဒီဂရီလျော့ကျအောင် ကမ္ဘာ့ဖန်လုံအိမ်အကျိုးဆက်တွေ လျော့သွားအောင်လုပ်မယ့် ပြင်သစ်သဘောတူညီချက် လုပ်ငန်းစဉ်တွေဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာကိစ္စရှိတယ်။ ကမ္ဘာ့ရာသီကို ပြုပြင်ထိမ်းညှိကြဖို့ နိုင်ငံစုံစည်းဝေးတဲ့ ကျိုတို - ပရိုတို ကော အဆက်ပေါ့။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံတက်ရောက် လက်မှတ်ထိုး အများစု သဘောတူထားတာ။ မြန်မာလည်း ပါတယ်။ ကမ္ဘာနဲ့ အဝှမ်း သစ်တောတွေထိမ်းသိမ်းကြဘို့ - သစ်တောတွေမခုတ်ဘို့ - ကျောက်မီးသွေးလောင်စာတွေ မသုံးဘို့။ ကား တွေကို ဓါတ်ဆီ ဒီဇယ်ဆီတွေနဲ့ မောင်းမယ့်အစား တခြားနည်းနဲ့မောင်းကြမယ့် အစီအမံတွေလုပ်ကြဘို့။  ကားထုတ်တဲ့နိုင်ငံ တွေက  ဓါတ်ဆီ ဒီဇယ်ဆီနဲ့မောင်းတဲ့ကားအမျိုးအစား ထုတ်လုပ်မှုတွေကို ဘယ်နှစ် ဘယ်နှစ်တွေရောက်ရင် လုံး၀ ရပ်တန့် လိုက်ကြဘို့။ တောခုတ်တဲ့နိုင်ငံတွေက တောဆက်မခုတ်ကြဘို့။ ကာဘွန်နဲ့ ကာဘွန်ကွန်ပေါင်းတွေ အထွက်များတဲ့စက်ရုံ တွေ ပိတ်ပစ်ကြမယ်။ စက်ရုံအသစ်တွေ ထပ်မတည်ဘူး။ မလည်ဘူး စတဲ့ စတဲ့- နိုင်ငံအသီးသီး - ကတိ ကဝတ် အသီးသီး-အများကြီးပဲ။ နိုင်ငံတိုင်းနဲ့ပတ်သက်နေတဲ့ ကမ္ဘာ့ကြီး အပူချိန်လျော့ချရေးကိစ္စ။

ဒါပေမယ့်အမေရိကန်သမတတက်လာတဲ့အချိန်မှာ ဘာမပြော ညာမပြော (သူ့အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးလား (America First , America Great Again)။ ကမ္ဘာလုံးဆိုင်ရာပြဿနာတွေ ထဲကနေ တကိုယ်တော် ရုန်းထွက်။ နိုင်ငံစုံ သ ဘောတူထားတဲ့ ကတိကဝတ်တွေကိုပစ်ပယ်။ ပြင်သစ်သဘောတူညီချက်တွေကို မလိုက်နာနိုင်ဘူးလို့  ၂၀၁၇ ဇွန်လထဲမှာ တရားဝင်ကြေငြာပါတယ်။ ပါဝါကြီးတဲ့ဆင် လမ်းချော်ငေါ့တဲ့အခါ ကျန်တဲ့တိုင်းပြည်တွေက ဘာဆက်လုပ်ရမှန်း မသိဘူး။ ကမ္ဘာကြီးပူလာရင် ခံရမှာ လူသားအားလုံးမှန်ပါရဲ့။ ဒါပေမယ့်အခံရဆုံးဖြစ်မှာကလည်း ဖွံ့ဖြိုးဆဲနိုင်ငံ ငမွဲတွေပဲ။ ခုလို သူ ဌေးက သဘောၤအမှောက်ခံမယ်လို့ ပြောလာတဲ့အခါ။

ပြီးခဲ့တဲ့နှစ် မေလထဲမှာ တကြိမ်  အမေရိကန်ဟာ အီရန်ကို  နျူကလီယားလက်နက် မထုတ်နိုင်အောင် အီရန်နဲ့ အပေးအယူ လုပ်ထားတဲ့စာချုပ်ကနေ ဘယ်သူမှ တိုင်ပင်မနေတော့ပဲ နှုတ်ထွက်ပြီး  အီရန်ကို အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့တာတွေလုပ်ပြန်ပါတယ်။ ဒီအလုပ်တွေကြောင့် အခု အီရန်ရေလက်ကြားဒေသမှာ  တင်းမာမှုတွေဖြစ်နေပြီး  စစ်မီးအကြီးကြီးတောက် လေမလား ဝိုင်း  စိုးရိမ်နေရပြန်ပါတယ်။ အီရန်က သူ့ကို စီးပွားရေးပိတ်ရင် သူကလည်း နျူးကလီးယား ထုတ်လုပ်တာတွေကို ဆက်လုပ်မယ်လို့ ပြန်ခြိမ်းခြောက်။ ရေလက်ကြားကို ဖြတ်သွားတဲ့ရေနံတင်သဘောၤတွေကိုအနှောက်အယှက်ပြုနေပါတယ်။ ပြင်သစ် အင်္ဂလန်ဂျာမဏီတို့က အီရန်နဲ့ အမေရိကန်ကြားမှာဝင်  ခေါင်းခြောက်နေရတယ်။  အီရန် နျူးကလီးယားထုတ်လာ မှာကို အစိုးရိမ်ဆုံး တိုင်းပြည်က အစ္စရေးဖြစ်တာမို့ အစ္စရေးက ထရမ့်လုပ်တာကို ပစ်ထောက်ခံတယ်။

မကြာခင် ရက်ပိုင်းမှာပဲ အမေရိကန်က ရုရှားနဲ့ စစ်အေးကာလတုန်းက စာချုပ်ထားတဲ့Intermediate-Range Nuclear Forces (INF) Treaty တာလတ်ပစ်ဒုံးကျည်စာချုပ်ကို ပယ်ဖျက်တယ်လို့ကြေငြာပါတယ်။ အကြောင်းက ရုရှားဟာ တာလတ် ဒုံးကျည်တွေ ထုတ်နေတယ် - ဥရောပကိုချထားနေတယ်လို့ ယူဆလို့ပဲတဲ့။ ဒီစာချုပ်အဟောင်းက အလုပ်မဖြစ်တော့ဘူး။ ထပ်ချုပ်ဖို့ လိုနေပြီ။ ဒီတခါချုပ်ရင် တရုတ်ကိုလည်း ချန်ထားလို့မရဘူး။ ပါစေချင်တယ်လို့ေ ပြာပါတယ်။ တာလတ်ပစ်ဒုံး ကျည်ဆိုတာ မိုင် ၃၄၀၀ အကွာ အထိ အနုမြူထိပ်ဖူးတပ်ပြီး ပစ်လွှတ်နိုင်တဲ့စစ်လက်နက်။ အာရှမှာလည်း ဖြန့်ကျက်မယ်လို့ အမေရိကန်က စိတ်ကူးတော့ ကိုယ်တွေလည်း ရှောင်ဘို့ စဉ်းစားစရာမလို။

ဒီနျူးကလီးယားလက်နက်တွေဟာ ကမ္ဘာလုံးဆိုင်ရာပြဿနာတွေပါ။ ဒါတွေကို တနိုင်ငံထဲက သွားရှင်းလို့မရပါဘူး။ လူ သားတွေဟာ ကိုယ်ထွင်တဲ့ကိုယ့်နည်းပညာတွေနဲ့ ဒုက္ခပြန်ပတ်နေကြပါတယ်။

လူသား မျိုးရိုးဗီဇ ဆိုင်ရာ သုတေသနစမ်းသတ်ချက်တွေကို အမေရိကန်မှာမလုပ်ရဘူးလို့ အမေရိကန်က တားလိုက်တဲ့အခါ (US outlaw all genetic experiments on human) တရုတ်က ဘာမှမပြောဘူး။ သူ့ကိစ္စ သူဆက်လုပ်နေတာပဲ။ ဒီသုတေသနစမ်းသတ်ချက်မျိုးတွေဟာ  လူသားကျင့်ဝတ်နဲ့ ညီသလားမညီဘူးလား - ဘုရားအဆုံးအမတွေကို ကျော်လွန် သလား မကျော်လွန်ဘူးလား တရုတ်မှာ စဉ်းစားမယ့်လူ ရှိပုံမပေါ်ဘူး။ သူ့စံနဲ့သူ။ လူ့ခန္ဓာ အစိတ်အပိုင်းတွေကို  အင်ဂျင်နီ ယာတွေ စက်ရုံက ပစ္စည်းထုတ်လုပ်သလို ပေါပေါထုတ်လုပ်နိုင်ရင် အကျိုးများမယ်။  အမြတ်များမှာပဲ။ ဒီလို စမ်းသပ်ကြိုး စားနေတာကို အမေရိကန်က ထိုင်ကြည့်မလား။ သူလုပ်နေတုန်း  - ငါ ကျန်နေလို့ဖြစ်မလား စဉ်းစားရတဲ့အပိုင်း။

ဆီးရီးယားမှာ စစ်ကြီးဖြစ်တော့ စစ်ပြေးဒုက္ခသည် ၄ သန်းလောက် တိုင်းပြည်အပြင်ရောက် ဥရောပဘက်ကိုလည်း အများ ကြီး ယိုစိမ့်လာတယ်။ ဥရောပနိုင်ငံတွေကြား - လူနဲ့ အစိုးရတွေကြား နိုင်ငံရေးခေါင်းဆောင်တွေကြား  လက်ခံမလား ပြန် တွန်းလွှတ်မလား အငြင်းအခုန်ဖြစ်ကြပါတယ်။ လူ့အခွင့်အရေးသမားတွေနဲ့ နိုင်ငံတကာဝါဒသမားတွေက လက်ခံသင့် တယ်။  ဒုက္ခသည်တွေကိုအီးယူနိုင်ငံတွေက အချိုးကျလက်ခံကြဘို့ပြောပါတယ်။ အစွန်းထွက် အမျိုးသားရေးဝါဒီတွေက အတင်းငြင်းဆန်တယ်။ တချို့က  နယ်စပ်တွေပိတ်ကြတယ်။ ဒေသဆိုင်ရာပြဿနာတခုဟာ ကမ္ဘာလုံးဆိုင်ရာကိစ္စဖြစ်လာတဲ့သဘော။

ဝမ်းနည်းစရာပြောရရင်ကမ္ဘာတဖက်ခြမ်းနယူးဇီလန်က အကြမ်းဖက်မှုတခုဟာ  နောက်ကမ္ဘာတဖက်ခြမ်းသီရိလကာၤက  အ ကြမ်းဖက်မှုတခုနဲ့ သွားဆက်စပ်နေသတဲ့။

ဒီနေ့ ကမ္ဘာ့အရေး ကိစ္စများစွာဟာ အမျိုးသားရေးအမြင်နဲ့ ကမ္ဘာလုံးဆိုင်ရာအမြင်တွေကြားမှာ ရှုပ်ထွေးနေပြီး ဖြေရှင်းရခက် တဲ့ ပုစ္ဆာတွေ ပေါ်လာနေပါတယ်။

(၉.၀၈.၂၀၁၉)


● လစ်ဘရယ်သမားတယောက်ရဲ့သတ္တိ
အခန်း (၄)
ပါမောက္ခ ဒေါက်တာယူဘဲလ်နို ဟာရာရီ Yuval Noah Harari ဟာ သမိုင်းသုတေသီတယောက်ဖြစ်ပြီး ၂၀၁၄ မှာ Homo Sapiens :A Brief History of Humankind (ပညာရှိသော လူသား ၊ လူ့သမိုင်းအကျဉ်း ) ဆိုတဲ့စာအုပ် တအုပ်ထုတ်ဝေခဲ့တဲ့အခါ  နိုင်ငံတကာမှာ( စိတ်ကူးယဉ် မဟုတ်သော)Non- Fiction ရောင်းအကောင်းဆုံးစာအုပ်တအုပ်ဖြစ်လာပါတယ်။ ၂၀၁၆ မှာ တခါ  Homo Deus: A Brief History of Tomorrow အနာဂတ် သမိုင်းအကျဉ်းဆိုတဲ့ Non Fiction စာအုပ်ကိုထပ်မံ ထုတ်ဝေရာမှာလည်း ရောင်းအကောင်းဆုံး စာအုပ်တအုပ်ဖြစ်လာပြန်ပါတယ်။ အခုဆိုရင် ပထမစာအုပ်ကို ကမ္ဘာတဝှမ်း ဘာသာ အမျိုး ၅၀ လောက် ပြန်ဆိုထုတ်ဝေကြပြီးဖြစ်ပါတယ်။ စာအုပ် ၂ အုပ်ပေါင်း အုပ်ရေ ၁၂ သန်းရောင်းခဲ့ရပြီလို့လဲ သိရပါတယ်။

ဟာရာရီဟာ အသက် ၄၃ သာရှိသေးတဲ့ ဂျူးလူမျိုးတယောက်ဖြစ်ပြီး ၁၉၇၆ က အစ္စရေးနိုင်ငံ Kiryat Ata, မြို့မှာ  မွေးဖွား ခဲ့တယ်။  အခု လက်ရှိ  ဂျေရုဆလင်မြို့တော် ဟီးဘရူးတက္ကသိုလ်မှာ စာသင်နေတဲ့ပါမောက္ခတယောက်ပါ။ (medieval history) ဥရောပအလယ်ခေတ် - အေဒီ ၆၀၀ မှ ၁၅၀၀-- လူ့သမိုင်းနဲ့ (military history ) စစ်သမိုင်းတို့ကို ဟီးဘရူး တက္က သိုလ်မှာ ၁၉၉၃ ကနေ ၁၉၉၈ အထိ အထူးပြုလေ့လာခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ်ကနေ ပီအိပ်ချ်ဒီ ဘွဲ့ ရခဲ့ပါတယ်။ သူဟာ လိင်တူအိမ်ထောင်ရှင် တယောက်ဖြစ်ပြီး  Itzik Yahav - အိုက်ဇက် ရဟဖ်ဆိုသူနဲ့  တွေ့ခဲ့ပြီး ၂၀၀၂ က ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ တရားဝင်လက်ထပ်ခဲ့ပါတယ်။ ၂၀၁၉ အထိ လက်ကိုင်ဖုန်းမသုံး ဆိုရှယ်မီဒီ ယာ မသုံးပါဘူး။ သူ့ယောကျ်ားဟာ သူ့အင်တာနက်ပဲတဲ့။  သူ့ကိုယ်ရေးမန်နေဂျာလည်း ဖြစ်ပါတယ်။ သူ့ဆီမှာ  လက် ကိုင်ဖုန်းမရှိ။ ကြိုးလိုင်းဖုန်းသာရှိပါသတဲ့။ ဆိုရှယ်မီဒီယာတွေဟာ လူ့အာရုံစူးစိုက်မှုကို တခြားရောက်စေလို့ သူ မသုံးလိုဘူး လို့ပြောပါတယ်။ သူ့မှာ ဖတ်ရမယ့်စာအုပ်တွေနဲ့ အချိန်ပြည့်ဖြစ်နေတယ်ပြောပါတယ်။

သူ့ရဲ့  ပထမစာအုပ်ကိုလူတွေဖတ်ကြဘို့ တိုက်တွန်းသူတွေထဲမှာ အမေရိကန်သမတအိုဘားမား- ဂျာမဏီအစိုးရအကြီးအကဲ အင်ဂျလာမာကဲလ်၊ မိုက်ခရိုဆော့တီထောင်သူပညာရှင်ကြီး ဘီလ်ဂိတ်။ Face Book ဆိုရှယ်မီဒီယာ တည်ထောင်သူ မာခ်ဇူ ကာဘတ်ဖတ်ဘို့ ပါဝင်ပါတယ်။  သမိုင်းဦး လူသားအနွယ် မျိုးစိတ် ၆ ခု ရှိခဲ့ရာမှာ ဆာပီးယမ်းဆိုတဲ့မျိုးစိတ်တခုသာ ဒီနေ့ ကမ္ဘာပေါ်မှာ ကျန်ခဲ့တယ်။ ဘာကြောင့် ကျန်ရတယ်။ ဘာကြောင့် တခြားသက်ရှိတွေအားလုံးကို ကျော်လွှားပြီး  ဒီကမ္ဘာ လောကကြီးရဲ့ အရှင်သခင်ဖြစ်လာသလဲဆိုတဲ့အကြောင်းကို ဟာရာရီက ဖေါ်ထုတ်ထားတာဖြစ်ပါတယ်။ ဆာပီယမ်းလူသား မျိုးစိတ်ဟာ ဉာဏ်သုံးတယ်။ သက်ရှိသတ္တဝါတွေထဲမှာ အချင်းချင်းအကောင်းဆုံးပေါင်းသင်းနေထိုင်တတ်တဲ့လူမှုရေးသတ္တဝါဖြစ်တယ်။အမဲလိုက်ရင်းအသက်ကိုရှင်သန်ရတဲ့သမိုင်းဦးလူသားဘဝကနေစိုက်ပျိုးလုပ်ကိုင်စားသောက်နေထိုင်တတ်တဲ့လူသားဘဝကူးပြောင်းလာပုံ။ နောက်ပိုင်းတီထွင်မှုအမျိုးမျိုးနဲ့ အဆင့်မြင့် သိပ္ပံလူသားဘဝတတ်လှမ်းလာပုံတွေကို သူရေးပါ တယ်။ လူသားတွေဟာ သိပ္ပံဆိုင်ရာတီထွင်မှုတွေအပြင် ဒဏ္ဍာရီပုံပြင်တွေကိုလည်း တီထွင်တတ်ပြီး ဘုရားသမိုင်းဟာ အကောင်းဆုံးတီထွင်မှုဖြစ်တယ်လို့ပြောပါတယ်။ တိုင်းပြည်- ဥပဒေ - ငွေကြေးစနစ်- ဘဏ်-ကော်ပိုရေးရှင်း စတာတွေကို တစ တစ တီထွင်ရင်း - အားလုံးလိုက်နာယုံကြည်ရင်း လူသားဟာ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယ စာအုပ် ဟိုမိုဒီယပ်စ် က အနာဂတ်လူသား တွေ ပျော်ရွှင်ခြင်း မသေရာဌါနနဲ့ ဘုရားလို စွမ်းအင်တွေကို ရှာဖွေခြင်း အကြောင်းတွေ ကို ဖေါ်ပြတာဖြစ်ပါတယ်။ ဒုတိယစာအုပ်မှာ သူဟာ  သူ့ဆရာ S. N. Goenka,ဂိုအင်ကာ  ရဲ့ကျေးဇူးတရားကို  အထူးအလေးထားဖေါ်ညွန်းပါတယ်။ သူ့ဆရာသင်ကြားခဲ့တဲ့ဝိပ္ပဿနာ ကမ္မဌါန်းတရားက သူ့ရဲ့ အာရုံစူးစိုက်မှု ငြိမ်းချမ်းမှု နဲ့ ဉာဏ်အလင်းတွေ ပေးခဲ့တယ်။ ဒါကြောင့်သာ ဒီစာအုပ်တွေကို ရေးနိုင်တာ လို့ သူဝန်ခံဖေါ်ပြထားပါတယ်။ သူ့ အသက်၂၄ - ၂၀၀၀ ခုနှစ်မှာ ဆရာဂိုအင်ကာနဲ့တွေ့ခဲ့ပြီး အာနာပါဏ ကမ္မဌါန်းကို ဆောက်တည်ခဲ့တယ်။ အခုအချိန်အထိ တနေ့ကို မနက် ၁နာရီ ည၁နာရီ ဝင်လေထွက်လေကို ရှုမှတ်လေ့ကျင့်နေတယ်လို့ ပြောပါတယ်။ တနှစ်ကို ရက် ၃၀ ကနေ ရက်၆၀ အထိ တရားစခန်းဝင်ပြီး အဲဒီအချိန်မှာ အပြင်လောကနဲ့ အဆက်ဖြတ်လို့  ရှူမှတ်မှုကိုသာ လုပ်ပါသတဲ့။ တရားစခန်းကာလမှာ  ဖုန်းပြောတာ စာအုပ်ဖတ်တာတောင် မလုပ်ဘူးတဲ့။ သူ့ အာနာပါဏ ဝင်လေ ထွက်လေ လေ့ကျင့်မှုဟာ အခုဆို ၁၈ နှစ် ရှိလာပြီဖြစ်ပါတယ်။

ဟီးဘရူးတက္ကသိုလ်မှာ သူစာပြနေရင်းက သူစာသင်တဲ့အခါ ကျောင်းသားတွေ အလွယ်တကူ နားလည်ရအောင် ထုတ်ထား တဲ့ သူ့မှတ်စုလေးတွေကို စာအုပ်ထုတ်ဘို့ စိတ်ကူးရတယ်။  ဟီးဘရူးလို ၂၀၁၁ မှာ စာအုပ်ထုတ်လိုက်တဲ့အခါ အစ္စရေးမှာ ရောင်းအကောင်းဆုံးစာအုပ်ဖြစ်လာပါသတဲ့။ ၂၀၁၄ မှာ အင်္ဂလိပ်လို ဘာသာပြန်ထုတ်လိုက်တဲ့အခါ အင်္ဂလန်မှာတင် အုပ် ရေ ၂ သန်းရောင်းရတဲ့စာအုပ်ဖြစ်လာပါတယ်။

ဟာရာရီပြောတာက လူတွေဟာ မှတ်ဉာဏ်စွမ်းရည် intelligence နဲ့ ခံစားနိုင်စွမ်းရည် conciousness မကွဲကြကြောင်း ။ ရောထွေးနေကြောင်း။ နည်းပညာလောကမှာ လွန်ခဲ့တဲ့နှစ် ၅၀ အတွင်း ဖန်တီးမှတ်ဉာဏ်စွမ်းအပိုင်း  Artificial Intelligence ဟာ တဟုန်ထိုးတိုးတက်လာခဲ့ပေမယ့် Artificial Conciousness ဆိုတဲ့ ခံစားသိမြင်နိုင်စွမ်းအပိုင်းကိုတော့ လူသားဟာ ဖန်တီးလို့ လုံး၀ မရနိုင် - တိုးတက်မှုလုံး၀ မရှိသေးတဲ့အကြောင်း။

စီလီကွန်တောင်ကြား (Sillicon Valley) က နည်းပညာရှင်တွေဟာ လူသားတယောက်ရဲ့ စွမ်းရည်ထက်သာလွန်တဲ့ဘုရားရှင် လို အစွမ်းရှိတဲ့တီထွင်မှုတွေကိုတီထွင်ရင်း နည်းပညာရဲ့ အသီးအပွင့်တွေကို စားသုံးနိုင်ကြတယ်။ ဒါပေမယ့် တဖက်မှာ နိုင်ငံရေးအရလည်း သြဇာ ပါဝါ မရှိ- စီးပွါးရေးအရလည်း တန်ဖိုးမရှိတဲ့ အသုံးမဝင်လူတန်းစား (Useless class)  သန်းပေါင်း များစွာပေါ်လာမယ့်ပြဿနာတွေကို ထောက်ပြဆွေးနွေးပါတယ်။

ဘုရားကို ယုံသလားလို့မေးတဲ့အခါ ဘုရား ၂ မျိုး ရှိလိမ့်မယ်။ ပထမဘုရားအမျိုးအစားဖြစ်တဲ့ မဟာပေါက်ကွဲမှု Big Bang ဖြစ်စေတဲ့စကြာၤဝဋ့ါအစ ဘုရားကိုတော့ ယုံနိုင်ပါတယ်။ မိန်းမတွေက ဘယ်လိုဝတ်စားထားမှ ရမယ်၊ ယောကျာ်းနဲ့ မိန်းမမှ အတူ နေထိုင်လို့ရမယ်။ ဘယ်သူ့ကို မဲပေးရမယ်လို့ ပြောတတ်ဟောတတ်တဲ့ သိပ်သိတဲ့ဘုရားမျိုးကိုတော့ သူမယုံဘူးတဲ့။

ဘေဘီလိုးနီးယန်းတွေ ဂျေရုစလင်ကို အောင်နိုင်တဲ့သမိုင်းကို ယုံတယ်။ ဒါပေမယ့် ဧဒင်ဥယျာဉ်ထဲက ကိစ္စတွေ။ ထွက် မြောက်ခြင်း Exodus တွေကို မယုံဘူး။ ဒီလိုပဲ မဟာဘတ်ရတ္တ။ ရာမယန ဇာတ်လမ်းတွေဟာလဲ တကယ့်အဖြစ်မှန်တွေနဲ့ ထိုးဇာတ်တွေ ရောယှက်ပြီး လူတွေဖန်ဆင်းထားတာ။ အဲလိုတီထွင်မှုတွေကို လူတွေကို ယုံကြည်ကြတာလို့ ဟာရာရီက ဆွေးနွေးပါတယ်။

ဒီနေ့မှာတော့ ဟာရာရီဟာ ကမ္ဘာပတ်ရင်း သမိုင်းပညာရှင်တွေ- ဖြစ်တည်မှု ပဓာနသမားတွေ- သိပ္ပံပညာရှင်တွေ -အနုပညာ ရှင်တွေ - တက္ကသိုလ် ပါမောက္ခတွေ - ကျောင်းသားတွေ ဘာသာရေးဆရာတွေနဲ့  အဆက်မပြတ် ဒီဘိတ်တွေ စကားပြောခန်း ဆွေးနွေးခန်း အမေးအဖြေခန်းတွေကို မရပ်မနားလုပ် အလုပ်ရှုပ်နေပါတယ်။ ဇူးကားဘတ် ဘီလ်ဂိတ်တို့နဲ့လည်း  တွေ့ဆုံ အမြင်ခြင်း ဖလှယ်နိုင်ခဲ့ကြပါတယ်။

ဟာရာရီဟာ အသက်သတ်လွတ် သမားတယောက်လည်းဖြစ်ပါတယ်။ သက်သတ်လွတ်စားရတဲ့အကြောင်းထဲမှာ ခေတ်မှီ နည်းပညာနဲ့ နို့ထုတ်လုပ်မှုကို မကြိုက်တာ ပါပါတယ်။ စက်မှုနည်းပညာနဲ့ ခေတ်မှီ နွားနို့ထုတ်လုပ်ခြင်းဟာ လူ့သမိုင်းရဲ့ အကြီးမားဆုံး ရာဇဝတ်မှုတခုဖြစ်ပြီး နွားမကြီးနဲ့ နွားကလေးကြားက စည်းနှောင်ထားတဲ့ကြိုးကို ဖြတ်တောက်လိုက်ကြခြင်း  ဖြစ်ပါသတဲ့။

ခွန်ဆိုင်း
(၁၀.၀၈.၂၀၁၉)