Breaking News

ဆောင်းယွန်းလ ● မြင်ကွင်းပျက်များ

ဆောင်းယွန်းလ ● မြင်ကွင်းပျက်များ
(မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၉

နောက်ဆုံးပေါ်တွေကို အသုံးပြုရင်း
အရင်ဦးဆုံးပေါ်တဲ့
မူလလက်ဟောင်းကိုယ့်ကိုကိုယ် အသုံးပြုဖို့ မေ့သွားတဲ့နေ့တွေ
ကိုယ်ကအသုံးမကျတော့
မြင်လေရာအားလုံးက ကိုယ့်ကိုအသုံးချသွားခဲ့တယ်
ဆုံးရှုံးမှုကို အကျိုးအမြတ်လို့ ထင်မှတ်မှားမိတဲ့ ဦးနှောက်နဲ့
သဲထဲရေသွန်နေခြင်းတွေ အဆင့်မြင့်လာလို့
နာရီကို လက်မှာပတ်ထားရင်း 
အချိန်ကြည့်ဖို့ အချိန်မရခဲ့ခြင်းများ
သတင်းတွေနောက် မုဆိုးတယောက်လိုလိုက်ရင်း
အမှောင်ခန်းကျဉ်းထဲ သားကောင်ဖြစ်သွားရပုံတွေ
အိမ်ထဲနေရင်းမှတ်ထားခဲ့တဲ့တရားနဲ့
လမ်းထိပ်မရောက်ခင်မှာ ပျက်သွားခဲ့တဲ့တရားတွေ
ကြယ်တွေတဖြုတ်ဖြုတ်ကြွေတာကိုကြည့်ရင်း မှောင်သွားလိုက်
လူတွေတဖြုတ်ဖြုတ်သေတာကိုကြည့်ရင်း လင်းလာလိုက်နဲ့
သာသာယာယာဆိုတဲ့ မြို့အဝင်ဆိုင်းဘုတ်ဟာ
တဖြေးဖြေးဝေးသွားခဲ့တဲ့ မြင်ကွင်းပေါ်မှာ။

ဆောင်းယွန်းလ