Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၂) အပိုင်း (၁၅)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၂) အပိုင်း (၁၅)
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၉

● ကိုလိုနီခေတ် ကျိုင်းတုံ
၃၇ ဆက်မြောက် ကျိုင်းတုံစော်ဘွား စဝ်ခမ်ဖု (၁၈၈၆ - ၁၈၉၆) လက်ထက်မှာ ကျိုင်းတုံသည် အင်္ဂလိပ်လက်အောက်သို့ ကျရောက်သည်။ လက်ရှိ ကျိုင်းတုံစော်ဘွားကို စည်းကမ်းသတ်မှတ်ချက်များနှင့် ဆက်လက်ခန့်ထားသည့်ဖြစ်ရာ အင်္ဂလိပ် တို့ ဝင်ရောက်လာစဉ် ကျိုင်းတုံနယ်အတွင်း ပုန်ကန်မှု မတွေ့ရပါ။

ရှမ်းပြည်နယ်ငြိမ်ဝပ်ပိပြားရေးတာဝန်ကျသော အင်္ဂလိပ်အရာရှိ ဂျေဂျီ စကော့က ဆာနဒ်ဟုခေါ်သော စော်ဘွားခန့်စာကို ၁၈၉၀ ခုနှစ် မတ်လ ၂၉ ရက်မှာ ကျိုင်းတုံစော်ဘွားလက်တွင်း ပေးအပ်ခဲ့သည်။ အဆိုပါစော်ဘွားခန့်စာကို အင်္ဂလိပ်ကော်မရှင် နာချုပ်၏ အတွင်းဝန် ဒီအိပ်ချ်အာရ် တူမယ်က ၁၈၉၀ ခုနှစ် ဖေဖဝါရီ ၁၀ ရက်တွင် ရှမ်းဦးစီးအဖွဲ့သို့ ပေးပို့ပြီးဖြစ်သည်ကို တွေ့ရသည်။ သို့သော် ၁၈၈၇ ခုနှစ် အင်္ဂလိပ်နှင့် ထိုင်းတို့ မယ်ဆိုင်ချောင်းတလျောက် နယ်ခြားသတ်မှတ်ရာတွင် ကျိုင်းတုံ စော်ဘွား သဘောထားမှတ်ချက်မယူခဲ့ပေ။ ထိုစဉ်က ကျိုင်းတုံစော်ဘွားမှ ၁၆ နှစ်ခန့်သာ ရှိသေးသည်။

ကျိုင်းတုံစော်ဘွားခန့်အပ်ရာတွင် မြန်မာနိုင်ငံဆိုင်ရာကော်မရှင်နာချုပ်၏ နောက်ဆုံးသဘောတူညီချက်ဖြင့် အိန္ဒိယဘုရင်ခံ ချုပ်နှင့် ကောင်စီကစည်းကမ်းသတ်မှတ်ချက် ၁၁ ချက်ဖြင့် ကျိုင်းတုံနယ်မြေအတွင်း တရားရာဇဝတ်နှင့် အခွန်ကိစ္စမှန်သမျှကို ဆုံးဖြတ်နိုင်ရန် ရှမ်းအလေ့အလာရှိသည့်အတိုင်း စော်ဘွားခန့်အပ်သည်ဟုဆိုသည်။ သတ်မှတ်ချက်များကို မလိုက်နာပါက ပြန်လည်ရုပ်သိမ်းခံရမည်ဟု ဖေါ်ပြထားရှိသည်။

အင်္ဂလိပ်တို့သတ်မှတ်သည့် အချက် ၁၁ ချက်မှာ အဓိကအားဖြင့် မြန်မာဘုရင်အားပေးသကဲ့သကဲ့သို့ အင်္ဂလိပ်တို့အား လက်ဆောင်ပဏ္ဍာဆက်သရန်၊ အင်္ဂလိပ်တို့မှလွဲ၍ ပြင်ပနိုင်ငံနှင့်ဆက်ဆံမှု မပြုရန်၊ ဥရောပတိုက်သားများအား မည်သည့်တရားစီရင်ခွင့်မရှိဆိုသည်နှင့် ရှမ်းပြည်လုံးဆိုင်ရာဦးစီးအဖွဲ့အား အသနားခံရန်ဟူသော အဓိကအချက်များအောက်တွင် စော်ဘွားအား နယ်မြေအတွင်းအုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့်၊ အခွန်ကောက်ခံခွင့်ပြုထားခြင်းဖြစ်သည်။ အုပ်ချုပ်သူစော်ဘွား အတွက် အခွင့်အာဏာဆက်လက်ပေးထားပြီးနယ်ခံလူထုသည်လည်း မိမိစော်ဘွားနှင့် စော်ဘွား၏အုပ်ချုပ်ရေးယန္တယားအဆင့်ဆင့်ကသာဆက်လက်အုပ်ချုပ်နေသည်ဖြစ်ရာ အပြောင်းအလဲမခံစားခဲ့ရဟု ဆိုရမည်။

အင်္ဂလိပ်တို့ အုပ်ချုပ်ရေးစတင်ရောက်ရှိချိန်တွင် ရှိနေသော ကျိုင်းတုံနယ်မြေအခြေအနေနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း မှတ်တမ်းပြုထားသည်ကို တွေ့ရသည်။ ကျိုင်းတုံနယ်သည် စတုရန်းမိုင်ပေါင်း ၁၂၄၀၀ ရှိသည်။ အရှည် မိုင် ၂၀၊ အကျယ် ၁၅ မိုင်ရှိသောလွင်ပြင်တွင် ကျိုင်းတုံရှိသည်။ မြို့ရိုးသည် ၁၅ ပေမြင့်ပြီး သူရဲသူခိုများပါသည်။ မြို့ရိုးအုတ်များ ဟောင်း၍ ကြေမွစပြုပြီ။ မြို့ရိုး အချို့နေရာများ ပြိုကျစပြုပြီ။ ကြည့်၍လှသော်လည်း မခိုင်ခန့်တော့။ မြို့အနောက်တောင်ဘက် တောင် ကုန်းမှ လိုအပ်လျင် မြို့တွင်းသို့ အမြောက်ဖြင့် ပစ်သွင်းနိုင်သည်။ မြို့ရိုးမှာ ၄ မိုင် ၆ ဖါလုံရှည်ပြီး အဝင်အထွက်တံခါး ၁၀ ပေါက်ရှိသည်။ မြို့ရိုးအတွင်း ပြန့်ပြူးမြေနည်းသည်။ လူနေအိမ် ၇၀၀ ကျော် ၈၀၀ ခန့်ရှိသည်။ ဘုန်းကြီးကျောင်းများပေါများပြီး လှပစွာဆောက်လုပ်ထားသည်။ ကျိုင်းတုံမြို့တွင်းနှင့် ဝန်းကျင်တွင် လူဦးရေ ၂ သောင်းထက် မပိုဟု ခန့်မှန်းသည်။

အင်္ဂလိပ်တက်ခါစတွင် ကျိုင်းတုံနယ်၌ ရှမ်း ၁၀၀၀၀၀ ၊ တောင်ပေါ်သား ၅၀၀၀၀ စုစုပေါင်း ၁၅၀၀၀၀ ဟုဆိုကြသည်။ တဖန် ၁၈၉၇-၉၈ ခုနှစ် အင်္ဂလိပ်တို့ စာရင်းကောက်ယူရာတွင် မြေပြန့် လွင်ပြင်၌နေသူ ၁၁၆၀၀၀၊ တောင်တန်းများ၌နေသူ ၅၆၅၆  ၊ စုစုပေါင်း ၁၇၂၅၆၀ ဆိုသည်။ ဗုဒ္ဓဘာသာ ၁၃၃၄၀၀ ဦး၊ နတ်ကိုးကွယ်သူ ၃၉၁၆၀ ဦးရှိပြီး တနှစ်ကို အခွန်ငွေ ၄၀၀၀၀ ခန့်ရနိုင်သော်လည်း လျှော့ပေါ့၍ ၂၈၃၅၅ ကျပ်သာရသည်ဟု ဒေါက်တာသန်းထွန်း၏ နယ်လှည့်ရာဇဝင်တွင် ဖေါ်ပြထား သည်။ တောင်တန်းများတွင်နေထိုင်သူများအား မည်သည့်လူမျိုးများဖြစ်သည်ဆိုသည်ကို ခွဲခြားဖေါ်ပြခြင်းမရှိပါ။

ကောက်ပဲသီးနှံများ ပျက်စီးခြင်းမရှိ၍ သာယာဝပြောသည်။ သို့သော် တုတ်ကွေးရောဂါ၊ ကျောက်ရောဂါများကျရောက်၍ အဖျားအနာနှင့် အသေအပျောက်များနေသည်။ ကျွဲနွားများ ရောဂါကျနေသည်ကို တွေ့ရသည်။ သို့သော် ယခင်နှစ်များထက် သက်သာသည်ဟုဆိုသည်။ ဝန်တင်လားများဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မှသယ်လာသော ချည်နှင့်ချည်ထည်၊ ပိုး ထည် အမျိုးမျိုး၊ အိမ်သုံးပစ္စည်းအမျိုးမျိုး သယ်ယူရောင်းချသည်ကို တွေ့ရသည ကျိုင်းတုံနယ်တွင် တွင်းထွက်ပစ္စည်းမရှိ၍ သံနှင့်သံနှင့်ပြုလုပ်သောပစ္စည်းများကို မန္တလေးဘက်က သွင်းယူသည်။ တရုတ်နိုင်ငံသုံးရွှေဒင်္ဂါးနှင့်အတူ ငွေဒင်္ဂါးနှင့် ကြေး ပြားများလည်း အသုံးပြုကြသည်။

ထိုစဉ်က ကျိုင်းတုံက အထွက်အများဆုံးသည် ဘိန်းဖြစ်ပြီး ထိုင်းသို့ အများဆုံးပို့ပေးရသည်။ အခြားရှမ်းနယ်များသို့လည်း ပို့ ပေးရသည်ဟုဆိုသည်။ ကျိုင်းတုံမြို့ရိုးပတ်လည်ရှိ လယ်များအား စော်ဘွား၊ သူ့ဆွေမျိုးများနှင့် အမတ်များက ပိုင်ဆိုင်ကြ သည်။ သီးနှံထွက်ကို လယ်ရှင်နှင့်လယ်သမား တဝက်စီခွဲယူကြသည်ဟု ဆိုသည်။

အင်္ဂလိပ်က ကျိုင်းတုံတွင် ၎င်းတို့ကိုယ်စားလှယ်အဖြစ် နိုင်ငံရေးအရာရှိတဦးထားရှိသည်။ နယ်ခြားဝန်ထောက်ကတော့ လွယ်မွေတွင် အခြေပြုသည်။ အင်္ဂလိပ်စစ်တပ်မှ တပ်ခွဲတခွဲပါ အခြေပြုသည်။ အင်္ဂလိပ်တို့သည် ရှမ်းစော်ဘွားများအား သူ့နယ်အလိုက် ဆက်လက်အုပ်ချုပ်ခွင့်ပေးထားသော်လည်း ၎င်းစော်ဘွားများအား ပြန်လည်ထိမ်းချုပ်နိုင်ရန် ရှမ်းမြောက် တွင် လားရှိုး၊ ရှမ်းတောင်တွင် တောင်ကြီး၊ ရှမ်းအရှေ့တွင် လွယ်မွေတို့တွင် ၎င်းတို့၏အုပ်ချုပ်ရေးယန္တယားများ အခြေစိုက် ခဲ့သည်။

ကိုလိုနီခေတ်တွင် စော်ဘွားများအတွက် အင်္ဂလိပ်က ဥပဒေပုဒ်မ ၁၀ ခုသာ ပြဌာန်းပေးခဲ့သည်။ အဓိက ပုဒ်မ ၁၀ မှာ စော် ဘွားများအား သေဒဏ်မှအပ လုပ်လိုရာ လုပ်ခွင့်ပေးထားသောပုဒ်မဟု ဆိုကြသည်။ အပေါ်ပုဒ်မ ၉ ခုမှ လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ မုဒိန်းမှု၊ ခိုးမှုတို့အတွက်ပြဌာန်းထားခြင်းဖြစ်ပြီး ပုဒ်မ ၁၀ မှာ အထက်တွင်မပါသည့် မည်သည့်အမှုမဆို သေ ဒဏ် မှအပ ရှမ်းဓလေ့ထုံးစံအတိုင်း စော်ဘွားစိတ်ကြိုက်စီရင်ခွင့်ပြု ထားသည်ကိုတွေ့ရသည်။

၁၉၄၄ ခုနှစ် အင်္ဂလိပ်တို့စာရင်းအရ စတုရန်းမိုင် ၁၂၀၀၀ ကျယ်သောနယ်အတွင်း လူဦးရေ ၂၂၅၈၉၄ ရှိသည်ဟု ဆိုသည်။ ကျိုင်းတုံမြို့၌ လူဦးရေ ၅၅၀၈ ဦးရှိသည်ဟု ဆိုပါသည်။

ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့၏ ရှမ်းပြည်နယ်အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များမှာ ၁၈၈၈ ခုနှစ် အောက်တို ဘာလ ၂၆ ရက်နေ့တွင် ဘုရင်ခံချုပ်က ရှမ်းပြည်နယ်များအက်ဥပဒေကိုအတည်ပြု၍ ၁၈၈၉ ခုနှစ် ဖေဖဝါရီ ၁ ရက်နေ့မှ စ တင် အာဏာတည်ကြောင်း အမိန့်ထုတ်သည်။ ၁၈၉၀ ခုနှစ် ဖေဖဝါရီ ၄ ရက်နေ့တွင် စော်ဘွားများအား ဆာနာဒ် (Sanad) ခေါ် ခန့်အပ်လွှာဖြင့်ခန့်အပ်ခြင်း၊ မြို့စားနှင့်ငွေခွန်မှူးများ ခန့်အပ်ခြင်းပြုလုပ်ခဲ့ပြီး စော်ဘွားများသည် ရှမ်းဓလေ့ထုံးစံအတိုင်းဆက်လက်အုပ်ချုပ်ခွင့်၊ အခွန်ကောက်ခွင့်၊ တရားစီရင်ခွင့်ရကြသကဲ့သို့ ခန့်အပ်လွှာပါ စည်းမျဉ်းများအား လိုက်နာဆောင်ရွက် ရန် လိုသည်။ ရှမ်းပြည်နယ်အရေးပိုင်၏ အကြံပေးညွှန်ကြားမှုကို လိုက်နာရသည်။ ၁၈၉၈ ခုနှစ်တွင် မြန်မာနိုင်ငံဥပဒေများ အက်ဥပဒေ (The Burma Laws Act. 1898) ကို ထုတ်ပြန်ပြီးနောက် ရှမ်းစော်ဘွား၊ မြို့စားနှင့် ငွေခွန်မှူ းများသည် တရားဝင်နယ်ရှင်များအဖြစ် အသိမှတ်ပြုခံရသည်။

၁၈၉၅ ခုနှစ် ဇူလိုင်လ သတ်မှတ်ချက်များအရ ရှမ်းပြည်နယ်တွင် နယ်ပေါင်း ၄၈ နယ်ရှိသည်။ မြောက်ပိုင်း ၅ နယ်လုံးမှာ စော်ဘွားပိုင်နယ်များဖြစ်သည်။ တောင်ပိုင်း ၂၄ နယ်ရှိရာ ၁၀ နယ်မှာ စော်ဘွားနယ်ဖြစ်ပြီး ၁၄ နယ်မှာ မြို့စားနယ်များဖြစ်သည်။ မြေလပ်ရှမ်းပြည်နယ်ကို ၁၅ နယ်သတ်မှတ်ရာ မြို့စား တနယ်၊ ငွေခွန်မှူး ၁၄ နယ်ဖြစ်သည်။ ကျန် ၄ နယ်အားမြောက်ပိုင်း နှင့်အလယ်ပိုင်း ခရိုင်ဝန်ရှင်တော်မင်းကြီးများက တိုက်ရိုက်အုပ်ချုပ်သည်။

ထိ့ုနောက် ရှမ်းပြည်စော်ဘွားများ၏ သဘောတူညီချက်အရ ၁၉၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ရှမ်းတောင်နှင့် ရှမ်းမြောက်အားပေါင်း၍ ရှမ်းဖယ်ဒရယ်ပြည်နယ်များ (Federated Shan States) ဖွဲ့စည်းသည်။ ဖွဲ့စည်းစက ရှမ်းမြောက် ၆ နယ်နှင ရှမ်းတောင် ၃၅ နယ်ပေါင်း၍ ၄၁ နယ်ပါဝင်ခဲ့သော်လည်း ၁၉၃၅ ခုနှစ်နောက်ပိုင်းတွင် နယ်ငယ်လေးများ ပူးပေါင်း
လိုက်၍ ၃၅ နယ်သာ ကျန်ခဲ့သည်။ လွတ်လပ်ရေးအကြိုခေတ်တွင် ၃၃ နယ်သာ ကျန်သည်ကိုတွေ့ရသည်။

● ကိုလိုနီခေတ် ကျိုင်းတုံစော်ဘွားများ
ကိုလိုနီခေတ် ပထမဆုံးစော်ဘွားစဝ်ခမ်းဖုမှာ ၁၈၉၆ ခုနှစ်တွင် ကွယ်လွန်သည်။ ၎င်းနောက် သူ၏ညီဖြစ်သူ စဝ်ကောင် ကျောက် အင်တလိုင် (၁၈၉၆ - ၁၉၃၅) က ၃၈ ဆက်မြောက် ကျိုင်းတုံစော်ဘွားက ဆက်ခံသည်။ စော်ဘွားသစ်ကို အင်္ဂလိပ် တို့က ၁၈၉၆ မေလ ၇ ရက် မှ ၁၈၇၇ ခုနှစ် ဖေဖဝါရီ ၉ ရက်အထိ အစမ်းခန့်ပြီးမှ အတည်ဆက်ခန့်သည်။ စော်ဘွားသစ် သည် ၁၈၉၈ ခုနှစ်တွင် အင်္ဂလိပ်လွှတ်သော စုံစမ်းရေးအဖွဲ့နှင့်အတူ တရုတ်နယ်နမိတ်သတ်မှတ်ရာတွင် ပါဝင်ခဲ့သည်။ စော် ဘွားသစ်သည် ၁၉၀၆ ခုနှစ်တွင် နန်းဆောင် ၁၂ ဆောင်ပါသော အိန္ဒိယပုံစံဟော်နန်းသစ်ကို ဆောက်လုပ်ခဲ့သည်။ ထိုစော် ဘွားသည် တံခိုးအာဏာကြီးမားပြီး တရားသဖြင့်အုပ်ချုပ်သည်ဟု နာမည်ရသည်။

၎င်းကွယ်လွန်ပြီး သူ၏သားဖြစ်သူ စဝ်ကောင်တိုင်း (၁၉၃၅ - ၁၉၃၇) က ဆက်ခံသည်။ သို့သော် ၁၉၃၇ ခုနှစ် အောက်တို ဘာလတွင် လုပ်ကြံခံရသည်။ ထို့နောက် နောက်တယောက်မခန့်တော့ဘဲ အင်္ဂလိပ်နယ်ခြားဝန်ထောက် ကပ္ပတိန် ဗွီဂျီ ရောဘတ်က တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။

၁၉၄၂ ခုနှစ် ဂျပန်ဝင်လာသောအခါ ကျိုင်းတုံအား ထိုင်းနယ်အဖြစ် ဂျပန်ကလွှဲပေးခဲ့သည်။ ထိုကာလတွင် စဝ်ဖုန်းလူက ထိုင်းအစိုးရ၏ ကျိုင်းတုံဘုရင်ခံဖြစ်ခဲ့သည်။ ၁၉၄၅ ခုနှစ် အင်္ဂလိပ်ပြန်ဝင်လာပြီးနောက် ၁၉၄၆ ခုနှစ်မှစ၍ ကျိုင်းတုံသည် မြန်မာပိုင်နက်ထဲသို့ ပြန်ပါလာသည်။ စဝ်ဖုန်းလူမှာ လည်း ထိုင်းသို့ခိုလှုံသွားပြီဖြစ်၍ ကျိုင်းတုံစော်ဘွားနေရာ လစ်လပ်နေခဲ့
သည်။ ၁၉၄၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လုပ်ကြံခံရသူ စဝ်ကောင်တိုင်၏သား စဝ်ဆိုင်လုံအားစော်ဘွားခန့်အပ်ခဲ့ရာ ၄၀ ဆက်နှင့် နောက်ဆုံးကျိုင်းတုံ စော်ဘွားအဖြစ် တာဝန်ယူခဲ့သည်။ (အချို့က ဂျပန်ခေတ်တွင် တာဝန်ယူသည့် စဝ်ဖုန်းလူအားကျိုင်းတုံစော်ဘွားအဖြစ် ထည့်သွင်းတွက်ချက်ပြီး ၄၁ ဆက်ရှိသည်ဟု တွက်ချက်မှုလည်း ရှိပါသည်)

● ကိုလိုနီခေတ်ကျိုင်းတုံမှတ်စု
၁။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့ စည်းကမ်းသတ်မှတ်ချက် ၁၁ ချက်နှင့် ကျိုင်းတုံစော်ဘွားအား ၎င်း၏နယ်ပယ်အား အုပ် ချုပ်ခွင့်၊ အခွန်ကောက်ခွင့်၊ တရားစီရင်ခွင့်တို့ ပြန်လည်ပေးအပ်ခဲ့သည်။ သို့သော် စော်ဘွားခန့်စာအား အင်္ဂလိပ်တို့က ပေး အပ်သည်။ စော်ဘွားနှင့်တွဲရန် အင်္ဂလိပ်တို့က နိုင်ငံရေးအရာရှိတဦး ခန့်အပ်သည်။

၂။ မြန်မာမင်းအား လက်ဆောင်ပဏ္ဍာပေးသည့်နည်းတူ အင်္ဂလိပ်တို့အား ပေးအပ်ရသည်။ သို့သော် မြန်မာမင်းကဲ့သို့ အင်္ဂ လိပ်တို့က ပြန်လည်လက်ဆောင်ပဏ္ဍပြန်လည်ပေးအပ်ခြင်းမရှိတော့ဘဲ အခွန်ပေးရသည့်စနစ်ဖြစ်သွားခဲ့သည်။ စော်ဘွားဝင် ငွေ၏ ၂၅ % အား တောင်ကြီးသို့သွားရောက်၍ အခွန်ငွေသွင်းရသည်ဟု ဆိုပါသည်။

၃။ အင်္ဂလိပ်တို့ရောက်လာပြီး မကြာမီ ကျိုင်းတုံဒေသတွင်းသို့ ခရစ်ယာန်သာသနာပြု စတင်ရောက်ရှိလာသည်။ နှစ်ပေါင်းများ စွာ ဗုဒ္ဓဘာသာကိုးကွယ်လာသော ရှမ်းများထက် နတ်ကိုးကွယ်သော တောင်ပေါ်သားများကို ပစ်မှတ်ထားသည်။

၄။ အင်္ဂလိပ်တို့ စော်ဘွားခန့်စာပေးသည့် ၁၈၉၀ ခုနှစ်စ၍ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်အထိ အင်္ဂလိပ်ကိုလိုနီခေတ် နှစ်ပေါင်း ၅၀ အတွင်းထူးခြားချက်မှာ ကျိုင်းတုံနယ်မြေအတွင်း စစ်မက်ကင်းဝေးခြင်းဖြစ်သည်။ မြန်မာဘုရင်လက်ထက် တလျောက်လုံး စစ်လမ်းကြောင်းကျပြီး တရုတ်၊ ထိုင်းတို့နှင့် စစ်မက်ပြိုင်ဆိုင်ရာဖြစ်ခဲ့သော ကျိုင်းတုံနယ်မြေအတွက် ငြိမ်း ချမ်းသောကာလဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင် ၃ နှစ်ကာလတွင်ပင် စစ်ဘေးများစွာ မသင့်ဟု ဆိုရမည်။

၅။ အင်္ဂလိပ်တို့က စော်ဘွားများအတွက် ပုဒ်မ ၁၀ ခုပါ ဥပဒေရေးဆွဲပေးထားပြီး ပုဒ်မ ၁၀ တွင် စော်ဘွားအား သေဒဏ်မှအပ စိတ်ကြိုက်စီရင်ခွင့် ပေးထားသည်။

ဆက်လက်ဖေါ်ပြမည်။
မောင်မောင်စိုး