Breaking News

အမိမြေကိုအနှစ် (၃၀)ကျော်ကြာ စွန့်ခွာလာရသူ တပ်မတော်လေ တပ်သားဟောင်းကြီးတဦး၏ ၈-လေးလုံး (၃၁)မြောက်အလွန် ဆန္ဒအိပ်မက်များ

အမိမြေကိုအနှစ် (၃၀)ကျော်ကြာ စွန့်ခွာလာရသူ တပ်မတော်လေ တပ်သားဟောင်းကြီးတဦး၏ ၈-လေးလုံး (၃၁)မြောက်အလွန် ဆန္ဒအိပ်မက်များ

မိုးမခအဖွဲ့ဝင်တဦး

မိုးမခ၊ သြဂုတ်(၉)ရက်၊ ၂၀၁၉
လေတပ်မတော်တပ်သားဟောင်းဦးမြင့်သူ(ခ)ဦးဝေလု
-

“၁၉၈၈- ဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့ခေါ်တဲ့ ၈ လေးလုံးအရေးတော်ပုံကြီးမှာ တပ်မတော်သားတဦး အနေနဲ့ ပြည်သူရင်ခွင်မှာခိုလှုံပြီး ပါဝင်ခဲ့ရာက စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ကို စွန့်ခွာခဲ့ရတယ် လို့သိထား ပါတယ်။ အဲဒီတော့ အဲဒီအကြောင်းနဲ့ ကိုယ့်ကိုယ်ကို စတင်မိတ်ဆက်ပေးပါလား”



- ကျနော်အမည်ကို မြင့်သူပါ။ တပ်မတော်လေတပ်သားဟောာင်းတယောက်ပါ။ ကိုယ်ပိုင်နံပါတ်က (လေ-၁၉၃၀၇) ဖြစ်ပါတယ်။ အမှတ် ၅၀၁ လေတပ်စခန်း မှော်ဘီ၊ အမှတ် ၄ အုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။

ကျနော် ၁၉၈၈ သြဂုတ်လမှာစတင်ဖြစ်ပွားခဲ့တဲ့ ၈ လေးလုံး လူထုအရေးတော်ပုံကြီးမှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူရဲ့ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးတွေအပြည့်အဝရရှိဖို့တောင်းဆိုတိုက်ပွဲဝင်မှုမှာ ပါဝင်ခဲ့ရတဲ့ အကြောင်း ရင်းကတော့ အဲဒီ့ကာလ တပ်မတော်က ပြည်သူလူထုအပေါ်ပြုမူခဲ့မှုတွေအပေါ် မကျေနပ်တာကိုအစပြုပြီး ယုံကြည်မှု ကင်းမင့်လာတာကြောင့် ပြည်သူတွေဘက်ကို ခိုလှုံဝင်ရောက်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နယ်စပ်ဒေသကို ရှောင်တိမ်းခဲ့သူဖြစ်ပါတယ်။

+++

“ နယ်စပ်ဒေသရောက်တော့ ဘာတွေ ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာ …”



-စောစောကပြောသလိုပဲ ၈ လေးလုံးအရေးတော်ပုံကို စစ်တပ်က အင်အားသုံးဖြိုခွင်းပြီး တလက်စထဲ တိုင်းပြည်အာဏာ ကိုသိမ်းယူလိုက်တဲ့အချိန်မှာတော့ ကျနော်ဟာ ရန်ကုန်မြို့ ကုန်သည်ကြီးများ အသင်းက အဖွဲ့တဖွဲ့ရဲ့ကူညီမှုနဲ့ ထိုင်း နိုင်ငံ ရနောင်းမြို့ကို ရှောင်တိမ်းထွက်ခွာလာနိုင်ပါတယ်။ အဲဒီကတဆင့် ထိုင်း အာဏာပိုင်တချို့ရဲ့အကူအညီနဲ့ နယ် စပ်ဘုရားသုံးဆူစခန်းကိုရောက်ရှိပါတယ်။ အဲဒီ့အချိန်မှာ မုဒုံ၊ သံဖြူ ဇရပ်၊ ကမာဝက် စတဲ့ မွန်ပြည်နယ်အနှံ့က ကျောင်းသားတော်တော်များများလည်း ဘုရားသုံးဆူစခန်းမှာ ရောက်ရှိနေပါပြီ။

အဲဒီ့စခန်းမှာ ကျနော်တို့အားလုံးပူးပေါင်းမိကြပြီး ကျနော်က ကျောင်းသားတပ်မတော် အမှတ်(၁၀၁) မှာ စစ်ရေးနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။

၁၉၉၂-၃ လောက်မှာတော့ ကျနော်ငှက်ဖျားရောဂါအပြင်းအထန်ခံစားရတဲ့အတွက် ကိုရင်ကြီးအဖြစ် သာသနာ့ဘောင် ဝင်ပါတယ်။ နောက် နတ်အိမ်ထောင်ဆိုတဲ့ နယ်စပ်မြို့ဆီ ထွက်ခဲ့ပါတယ်။ အဲဒီကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားပြီး ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှာ ဒုက္ခသည်အဖြစ် ခံယူခဲ့ပါတယ်။

အဲဒီ့ကာလတွေမှာ ပြည်သူလူထုအတွက်ရော ကျောင်းသားထုအတွက်ပါ ကူညီဆောင်ရွက်မှုတွေ အများအပြား လုပ်ခဲ့ ပါတယ်။

သက္ကရာဇ် ၂၀၀၀ ခု စက်တင်ဘာ ၅ ရက်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ နယူးဇီလန်နိုင်ငံကို ဒုက္ခသည်အဖြစ် အခြေချပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။

+++

“ အခု ဒီမိုကရေစီထွန်းကားတဲ့ နယူးဇီလန်နိုင်ငံကိုရောက်လာတာ အနှစ် ၂၀ လောက်နီးပါး ရှိပြီဆိုတော့ ဘယ်လို ရပ်တည်နေထိုင်ပါသလဲ”
….

- လက်ရှိအချိန်မှာတော့ ကျနော် နယူးဇီလန်နိုင်ငံရဲ့ (Citizen Advice Bureau) လို့ခေါ် တဲ့ အမျိုးသား လူမှုရေးရာ ကော်မတီ အုပ်ချုပ်မှုအဖွဲ့(Ohtahuhu) မှာ (Senior Officer) အဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။
+++

 “ဒီမိုကရေစီနဲ့လူ့အခွင့်အရေးမရှိတဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ နယူးဇီလန်ကိုရောက်လာတာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီဆိုတော့ လက်ရှိ ဒီမိုကရေစီအသွင် ကူးပြောင်းနေပြီလို့ပြောတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ နှိုင်းယှဉ်ပြောပြပါအုံး ”

…..

-ကျနော့်အမြင်အရပြောရရင် ဒီမိုကရေစီနိုင်ငံပဲဖြစ်ဖြစ်၊ ဒီမိုကရေစီမဟုတ်တဲ့နိုင်ငံပဲဖြစ်ဖြစ် ဘယ်နိုင်ငံပဲ မဆို နိုင်ငံတခုမှာနေထိုင်တဲ့ နိုင်ငံသားတိုင်း လူ့အခွင့်အရေးအပြည့်အဝရရှိဖို့လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ လူ့အခွင့်အရေးဆုံးရှုံးလာတာ နှစ်ပေါင်း ၇၀ နားနီးနေပါပြီ။

ဘာဖြစ်လို့လူ့အခွင့်အရေးဆုံးရှုံးရတာလဲဆိုတော့ အာဏာရှင်စနစ်ကြောင့်ပဲပေါ့။ အဲ့ဒီ့အာဏာရှင်စနစ်ကို အဆုံးမသတ်နိုင်လို့ပဲပေါ့။ ဘာလို့အဆုံးမသတ်နိုင်လဲဆိုရင် အာဏာကိုင်ဆုပ်ထားသူတွေက ကိုယ်ကျိုး အတ္တ
သာသိတဲ့ လောဘရမ္မက်တွေကြီးနေလို့ပေါ့။ အထူးသဖြင့် အာဏာပိုင်စိုးထားသူတွေမှာ မေတ္တာ တရား ခေါင်းပါး နေကြလို့ပြောရမှာပေါ့။ ဒါ ကျနော် အရိုင်းဆုံး အရှင်းဆုံးပြောတာပါ။

ကျနော် ဒီကနေ နိုင်ငံတော်တော်များများကို ရောက်ဖူးတယ်။ ကျနော်ရောက်ခဲ့တဲ့ နိုင်ငံတိုင်းမှာ လူတွေဟာ တယောက်နဲ့တယောက် မေတ္တာတရားထားကြတယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ကြတယ်။ သူတပါးအလုပ်ကို ဝင်မလုပ်တာ မနှောင့်ယှက်တာလဲ မေတ္တာတရားမှာ အခြေခံတာပဲ။

ကျနော်တို့နိုင်ငံမှာက လူတွေဟာ ကိုယ့်တာဝန်ကိုယ်မလုပ်ဘူးဗျ။ အခုဗျာ စစ်တပ်က (ကျနော်လဲ စစ်တပ် မှာနေခဲ့တာပါ) မရှက်ဘူးဗျာ။ ကိုယ့်အလုပ်ကိုမလုပ်ဘူး။ အခု ကျနော်ဒီကိုရောက်တာ အနှစ် ၂၀ နားနီး နေပြီ။ တခါမှ ကျနော် စစ်သားမမြင်ဖူးဘူး။ စစ်သားဆိုတာ လမ်းပေါ်မှာမရှိဘူး။ ဒီလိုပဲ ပုလိပ်(ရဲ)က ပြည် သူတဦး တယောက်ကို ရိုက်တာနှက်တာ တခါမှ မတွေ့ဖူးဘူး။ လူထုကသာ ပုလိပ်ကိုမကျေနပ်တာရှိလို့ ဆဲချင်ဆဲတာ မျိုးရှိတာ။ အဲ ပုလိပ်ကလဲ သူ့ဘာသာ ခပ်ပြုံးပြုံးနဲ့သူ့အလုပ် သူလုပ်နေတာပဲဗျ။

အဲဒါမျိုး ကျနော်တို့ စံနမူနာ ယူရမှာ…။

အပြစ်ရှိလို့အရေးယူရင်တောင် သူ့ရဲ့လူ့အခွင့်အရေးကိုမချိုးဖောက်ဘူးဗျ။ ကျနော်တို့နိုင်ငံမှာက အပြစ်ရှိ မရှိမသေချာသေးဘူး၊ ရိုက်နှက် နှိပ်စက်တာတွေရှိတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုတောင် အဓမ္မ ရိုက်နှက် ထိုးကြိတ်တာမျိုးလုပ်တယ်ဗျာ။ ကားပေါ်အတင်းဆွဲတင်တယ်ဗျာ။ ဒီမှာမရှိဘူးဗျ။ သူက မလိုက်ဘူးဆို လိုက်တဲ့အထိ ပုလိပ်က ထိုင်စောင့်ရတာ။ အဲဒါ သူ့အလုပ်ဗျ။ ဒါပေမဲ့ ပုလိပ်က အကျိုးအကြောင်း ရှင်းတော့ ရှင်းပြရတာပေါ့။ အဲ ပုလိပ်ကမရှင်းနိုင်တော့ဘူးဆိုရင် ကျနော်တို့လို လူမှုရေးအဖွဲ့အစည်းတွေက ကူညီပေးရတယ်။ ရှင်းပြရတယ်။ ဒါဟာ လူလူချင်းမေတ္တာတရားအခြေခံတာပဲဗျ။ လူ့အခွင့်အရေးဆိုတာ လူလူချင်းမေတ္တာတရားအခြေခံတာပဲ။

ကျနော်တို့နိုင်ငံမှာလည်း မေတ္တာတရားနဲ့ လူ့ယဉ်ကျေးမှု လူတန်ဖိုးကို တယောက်နဲ့တယောက် ထိန်းသိမ်း ကြဖို့လိုတယ်ပေါ့ဗျာ။

မေတ္တာတရားနဲ့အခြေခံရင် သူ့နေရာ ကိုယ့်နေရာ၊ သူ့အလုပ်ကိုယ့်အလုပ် လုပ်ကြဖို့ပဲ။ ဒီနေရာမှာ အလျဉ်း သင့်လို့ စစ်တပ်ကိုလည်းပြောရရင် တိုင်းပြည်ကိုမေတ္တာစေတနာထားပြီးစဉ်းစားရင် နိုင်ငံရေးဟာ သူ့အလုပ် မဟုတ်ဘူး ဆိုတာ သိရမယ်ဗျ။ ဥပမာ ဒီနိုင်ငံမှာဆိုရင် ပါလီမာန်မှာ ဘယ်စစ်သားမှ ဝင်ထိုင်နေတာမရှိဘူး ဗျ။ အရိပ်တောင်မမြင်ရဘူး။ ပါလီမာန်မပြောနဲ့၊ ပါလီမာန်ကိုချီတက်တဲ့လမ်းမှာတောင် အရိပ်မမြင်ရဘူး။ သူတို့ကတာဝန်ကျတဲ့နေရာကနေ ဘယ်မှမသွားဘူး။ အဲဒါ သူ့အလုပ် သူလုပ်တာပဲ။

+++

 “ လက်ရှိ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရလက်ထက်အခြေအနေကို လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ၈- လေးလုံးကာလနဲ့နှိုင်းစာကြည့်ရင် ဘာတွေ ကွာခြားလာတယ်လို့မြင်ပါသလဲ”
…….

-သမိုင်းကြောင်းကြီးက နှစ် ၃၀ ကျော်ကြာပြီဆိုတော့ တရှည်တဝေးကြီးပါပဲ။ ပြောမယ်ဆိုရင် မဆုံးနိုင် မကုန်နိုင်တော့ပါ ဘူး။ အချုပ်ပြောရရင် ကျနော်တို့ငယ်စဉ်ကာလကနေ ကျနော်ကြီးပြင်းအရွယ်ရောက်၊ နောက်ဆုံး တပ်မတော်ထဲနေခဲ့တဲ့ကာလအထိ ကျနော်တို့ဘာကိုကြောက်နေရလဲဆိုတော့ စစ်အာဏာရှင် တွေရဲ့အုပ်စိုးအောက်မှာ အုပ်ချုပ်သူလူတန်းစားတွေကို ကြောက်ကြရတယ်။ ကြောက်လာကြရတယ်။

အဲဒါကို အခု မနေ့တနေ့ကမြင်လာရတဲ့မြင်ကွင်းတွေအရပြောရင်တော့ အရင်အခြေအနေထက် အုပ်ချုပ်သူ လူတန်းစားကိုကြောက်နေရတဲ့အဖြစ်ကနေ လျော့ကျသွားပြီလို့ လွတ်လပ်စွာပြောဆိုနိုင်ခွင့်ပိုရှိလာတယ်။

လွတ်လပ်စွာရေးသားနိုင်ခွင့်ပိုရလာတယ်။ ကိုယ်ရဲ့ဆန္ဒကို အရင်ကထက် လွတ်လပ်စွာဖော်ပြခွင့်ပိုရှိလာ တယ်။

ဒါ တိုးတက်လာတာတွေပေါ့။

အဲဒီ့အပေါ်မှာ ကျနော်တို့က ဘာဆက်လုပ်ရမလဲဆိုတော့ အနာဂတ်အတွက် ကျနော်တို့မျိုးဆက်သစ်တွေ ကိုလျှောက်လှမ်းဖို့လမ်းဟာ ဖြောင့်ဖြူးညီညာဖို့ ကျနော်တို့တွေ တိုးတက်လာမှုတွေအပေါ် အကောင်းမြင် ဝါဒလေးကိုင်စွဲပြီး ကိုယ့်ဘက်ကနေ တတ်နိုင်သမျှ အုတ်တချပ် သဲတပွင့်အဖြစ် ဆက်လက်ကြိုးစားနေကြ ဖို့လိုပါတယ်။ အဲဒီ့အချိန်လဲရောက်နေပြီဖြစ်ပါတယ်။

အခုကာလမျိုးမှာ ဘာမဟုတ်တဲ့ကိစ္စလေးတွေအပေါ် ရေးကြီးခွင်ကျယ်လုပ်နေရင် တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေကိုဆောင်ရွက်နေတဲ့ ခေါင်းဆောင်လုပ်သူတွေလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်ကောင်းဖြစ် သွားတတ်တယ်ပေါ့ဗျာ။

သူတို့ကိုလည်း ဖိအားမရှိတဲ့ လုပ်ပိုင်ခွင့်တွေပေးဖို့လိုတယ်ပေါ့ဗျာ။ တိုင်းသူပြည်သားတွေကလည်း ငါတို့ တတ်နိုင်တဲ့ဘက်က တာဝန်ယူသွားကြမယ်ဆိုရင် မလှုပ်သာမလူးသားအခြေအနေကနေ တိုင်းပြည် ပိုတိုးတက်လာလိမ့်မယ်လို့မြင်တယ်ဗျာ။

+++

“ ၂၀၀၈ ခြေဥလို့ပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်က နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကနေ ပါမယ်ဆိုတဲ့အပေါ် တပ်မတော်သားဟောင်းတယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ပြီးတော့ အနှစ် ၃၀ ကျော်ကြာ အိမ်ပြန်မရောက်နိုင်သေးတဲ့ နိုင်ငံချစ်စိတ်ကြီးမားတဲ့သူတယောက်အနေနဲ့ တိုင်းပြည်နဲ့လူထု အပေါ်မှာ ဘာများ သတင်းစကားပါးချင်ပါသေးလဲဗျာ”

…..

-ကျနော်အနေနဲ့တိုင်းပြည်ရဲ့လက်ရှိနိုင်ငံရေးလိပ်ခဲတည်းလည်း ဖြစ်နေရတဲ့အဓိက အကြောင်းရင်းက ၂၀၀၈ ခြေဥကြောင့်လို့ဆိုချင်တယ်။ ဒီအခြေခံပေါ်မှာ ဘာကိုမှရှေ့ဆက်သွားလို့မရအောင် ထစ်နေတာပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် တပ်မတော်က နိုင်ငံတော်ရဲ့အမျိုးသားရေးနိုင်ငံရေးဦးဆောင်မှုအခန်း ကဏ္ဍမှာ အစဉ် တစိုက်ပါဝင်ဖို့်ဆိုတာကြီးက မြန်မာပြည်ကို ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာဖို့ အကြီးမားဆုံး အဟန့်အတားဖြစ်နေတဲ့ အတွက်ပါပဲ။

ဒါကို တိုတိုပြောရရင် တပ်က ကိုယ့်နေရာ ကိုယ့်တန်းလျားပြန်ကိုပြန်ရမယ်ဗျ။ နိုင်ငံရေးဟာ သူတို့အလုပ် မဟုတ်ဘူး။ စောစောကပြောခဲ့သလို သူတို့အလုပ်က နိုင်ငံတော်ကိုလုံခြုံအောင်ကာကွယ်ဖို့အလုပ်ပဲဗျ။ ဆိုတော့ တပ်မတော်က ကိုယ့်အလုပ်မဟုတ်ဘဲ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခြေဥကြီးမှားယွင်းတယ်ဆိုပြီး တိုင်းရင်း သားအားလုံးက ဒီနေ့ထောက်ပြနေကြတာပဲ။

 ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့အမတ်တွေက ရေးဆွဲရမှာဗျ။ မြန်မာပြည်က ပညာမဲ့တွေနေတဲ့တိုင်းပြည်မဟုတ်ဘူး။ ကျနော်တို့ဘိုးဘွားတွေလက်ထက်ထဲက ပညာ တတ်ကြတဲ့သူတွေ၊ အခုအချိန်အထိ အဲဒီလိုလူတွေအများကြီးတိုင်းပြည်မှာရှိတယ်။ ဆိုလိုတာက ပညာ အမြော်အမြင်လည်းရှိ တဲ့ ပြည်သူကလည်း ယုံကြည်အားကိုးလို့တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ က ရေးဆွဲရမှာဗျ။

အထက်ကပြောခဲ့သလို တိုင်းပြည်နဲ့လူထုအပေါ်မေတ္တာစေတနာထားကြမယ့်လူတွေမှန်ရင် ကိုယ့်အလုပ် ကိုယ်လုပ်ကြရမယ်ပြောခဲ့တယ်မဟုတ်လား။

လိုရင်းက အုပ်ချုပ်မှုယန္တရားမှာ အာဏာရှင်မရှိဘူးဆိုရင် အားလုံးအဆင်ပြေသွားမှာပဲ။

ဒါကြောင့် ကျနော်ပြောတာက မြန်မာနိုင်ငံမှာ မေတ္တာတရားနဲ့အချင်းချင်းပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံကောင်းမှာပဲ။

အဲ တပ်ကပြောတာက တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေမရှိမှ နိုင်ငံရေးကထွက်မယ် ပြောပြန်တယ်။

ဒါလဲ စဉ်းစားကြည့်ဗျ။ တိုင်းရင်းသားတွေလက်နက်ကိုင်တယ်ဆိုတာ သူတို့လိုချင်တာတောင်းဆိုဖို့ပဲဗျ။ သူတို့ရမှမရခဲ့ဘဲ။ အဲ မတောင်းဘဲနဲ့ရတာက အာဏာရှင်ပဲ။ သူက လက်နက်အားကိုးပြီးတိုက်ယူတာကိုး။ ကျန်တဲ့လူတွေကတော့ တရားမျှတမှုနဲ့ လုံခြုံမှုရမှမရဘဲ။ သူတို့ဒေသတွေတိုးတက်ဖွံ့ဖြိုးမှုမရှိ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်မရှိတော့ တောင်းမှာပဲဗျ။ ဒါတွေရှိရင်  ဘယ်သူမှမတောင်းဘူး။]

ဥပမာ ကချင်ပြည်နယ်စပ်မှာ ဗမာစစ်တပ်က ကောင်းကောင်းနေကြည့်ပါလား။ ကချင်မိသားစုက ချက်ပြုတ်ကျွေးမွေးနေတာ။ သူက တိုက်မှတော့ ဟိုလူတွေကလည်း ဘယ်ခေါင်းငုံ့ခံနေမလဲ ပြန်တိုက် မှာပေါ့ဗျ။

အဲဒါတွေမလုပ်ဘဲ လယ်သိမ်း၊ ယာသိမ်း၊ နွားသိမ်း နောက်ဆုံး သမီးပါ သိမ်းသေးတာဆိုတော့ အဲဒါကို ဘယ်သူမှမကျေနပ်ဘူးလေ။ ပြန်ချမှာပေါ့။

ခက်တာက ကမ္ဘာကြီးမှာ ဟိုတုန်းကလို အာဏာရှင်စနစ် အာဏာရှင်ခေတ်လုပ်လို့မရတော့ဘူးလေ။ နည်းပညာ ခေတ်ကြီးဖြစ်လာတာရော၊ လူတွေက ဘဝအတွေ့အကြုံတွေအရရော တိုးတက်ပြောင်းလဲ လာပြီဗျ။ အဲဒီလို လက်နက်နဲ့ မင်းမူချင်တိုင်းမူနေလို့မရတော့ဘူး။

ပြဿာနာတွေထိပ်တိုက်ဖြစ်လာရင် စာပွဲပေါ်မှာ ညှိနှိုင်းရမယ်။ တကမ္ဘာလုံးက စာပွဲပေါ်မှာ ညှိနှိုင်းနေကြ တာဗျ။ ဒီလိုမဟုတ်ဘဲ စစ်တပ်က လက်နက်အားကိုး ဖြေရှင်းနေရင်တော့ ဘယ်တော့မှစစ်ပွဲတွေအဆုံး မသတ်နိုင်ဘူး။

တိုင်းရင်းသားပြည်သူတွေအားလုံးလိုလားတဲ့ အေးအတူပူအမျှ နိုင်ငံတော်လည်း ဖြစ်လာမှာမဟုတ်ဘူး။

ကိုယ့်အတ္တအကျိုးစီးပွားနဲ့အာဏာရူးနေကြလို့သာ စစ်တပ်ဟာ သူ့နေရာသူမပြန်ဘဲ နိုင်ငံတော်ရဲ့ အမျိုး သားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ အစဉ်တစိုက်ပါဝင်မယ်လို့အကြောင်းပြနေတာပဲနေမယ်ဗျ။
ဒါ တပ်မတော်နဲ့ပတ်သက်ပြီးကျနော်ပြောချင်တာပါ။

တိုင်းပြည်ကနေ အနှစ် ၃၀ ကျော် ဝေးကွာလာခဲ့တဲ့လူတယောက်အနေနဲ့ နိုင်ငံတော်နဲ့ကိုယ့်နိုင်ငံသားတွေ ကိုပြောချင်တာကတော့ ကျနော်ထပ်ခါထပ်ခါပြောခဲ့သလိုပဲ ကိုယ်တာဝန်ကိုသိပါ။ ကိုယ့်နေရာကိုသိပါ။ လူအချင်းချင်း မေတ္တာထားကြပါ။ အပြန်ပြန်အလှန်လှန်မေတ္တာတရားနဲ့ကြည့်မြင်ကာမှ အမှန်ကိုတွေ့မှာ ဖြစ်တယ်။ အတ္တလောဘတွေ ပိတ်ကာထားရင် ဘယ်သူမှအမှန်တရား ရှာမတွေ့ဘူး။

အဲဒီလိုထားနိုင်ဖို့အတွက်လည်း ကျနော်တို့ပညာရေးစနစ်တွေ ကောင်းဖို့လိုတယ်။ ပညာတတ်မှာ အမြင် ကျယ်မယ်။ ရင်ခွင်ကျယ်ကျယ်မြင်နိုင်တွေးနိုင်မယ်။ နိုင်ငံတနိုင်ငံမှာ တော်တဲ့မှန်ကန်မျှတတဲ့ တရားစီ ရင်ရေးစနစ်ဟာ နိုင်ငံတနိုင်ငံရဲ့ ပင်မမဏ္ဍိုင်ဖြစ်သလို ပညာရေးအခန်းကဏ္ဍကလည်း တိုင်းပြည်တပြည်ရဲ့ ပင်မအင်အားဖြစ်တယ် ဗျ။

ပညာမတတ်ရင် စီးပွားရေးမကောင်းဖြစ်မှာပဲ။ စီးပွားပျက်တော့ သူတပါးကျွန်ဖြစ်ရတာပဲ။ ဆိုတော့ လူတိုင်း ပညာသင် ကြားနိုင်ဖို့နည်းလမ်းတွေ ပေးဖို့လိုတယ်။

ကျနော်ဆို အခု အသက် ၅၉ နှစ်ရှိပြီ။ တလောကပဲ လူမှုရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ ဒီပလိုမာတခုရတယ်။ ခုလဲ ကျောင်းဆက်တက်နေတယ်။ ပိုက်ဆံမှမကုန်ဘဲ။

အဲဒီလိုမျိုး ပညာသင်ကြားနိုင်ခွင့်တွေ ဖန်တီးပေးဖို့လိုတယ်။

ပညာတတ်ပြီး မေတ္တာတရားပြည့်ဝရင် ကိုယ့်တိုင်းပြည်နဲ့လူမျိုးကို တိုးတက်အောင် အမြော်အမြင်ရှိရှိ လုပ်ပေးနိုင်တယ်။

ကျနော်တို့တွေဟာ ၁၉၆၂ ခု စစ်တပ်အာဏာသိမ်းလိုက်ထဲက မှားယွင်းနေတဲ့အုပ်ချုပ်မှုယန္တရားအစီအမံ ဗအာက်မှာ ကိုယ့်အတ္တအကျိုးစီးပွားကိုသာရှေ့တန်းတင်တဲ့လူတွေအဖြစ် သင်ကြားပေးခံ လိုက်ရသလိုဖြစ်သွားခဲ့ တယ်။ ဒါတွေကို အသိပညာနဲ့ဆင်ခြင်ပြီး ပြင်ရမှာဖြစ်တယ်လို့ဆိုချင်တယ်။

+++

 “ နောက်ဆုံးမေးခွန်တွေထဲက နောက်ဆုံးအကျဆုံးလေး သိပါရစေအုံး။ အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့လို့ တော်လှန်ပုန်ကန်ရာက ပြည်ပမှာ အနှစ် ၃၀ ကျော်ကြာနေလာရတဲ့အဖြစ်ကနေ မိခင်မြေကို ဘယ်တော့ များပြန်နိုင်မယ်မှန်းသလဲ”

…..

- ပြောခဲ့ပြီးပါပြီ။ မေတ္တာတရားထွန်းကားပြီး အာဏာရှင်တွေထိန်းချုပ်ထားတဲ့ အုပ်ချုပ်မှုယန္တရားကင်းမဲ့ သွားတဲ့ ဒီမိုကရေစီနိုင်ငံတော်စစ်စစ်ဖြစ်လာတဲ့ တချိန်ဆိုပါတော့ဗျာ။

+++