Breaking News

ဆောင်းယွန်းလ ● မဆုံးတဲ့ပုံပြင်ဟာ ရုံတင်ဆဲ

ဆောင်းယွန်းလ ● မဆုံးတဲ့ပုံပြင်ဟာ ရုံတင်ဆဲ
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၉

လေထဲလွင့်နေတဲ့အလံမှာ အဓိပ္ပါယ်တွေရှိနေသလိုမျိုး
လေထဲလွှင့်နေတဲ့အသံမှာလည်း အဓိပ္ပါယ်တွေရှိဖို့ လိုတယ်
ငါတို့အကြံတွေကုန်ခဲ့ကြပြီလား
ဂဠုန်ကိုဆားချက်ခဲ့တော့ အပြက်အပြက်နဲ့ နှာခေါင်းသွေးထွက်ရတယ်

မျက်နှာငယ်ရသူ ပြည်ပရောက်များနဲ့
မျက်နှာမွဲ ပြည်ထဲကပြည်သူဟာ ဘာမှမခြားနားဘူး
တပေါင်းတန်ခူးအကြောင်းထူးဖို့အရေး
ခေါင်းမူးအောင်တွေးလည်း ခေါင်းအေးစရာရှာမရတဲ့အဖြစ်
အဖြစ်က မနှစ်ကနဲ့မတူ တမူထူးခြားဆိုးဝါးမှုများသာ

ဓါးခုတ်ရာထဲ လက်ဝင်လျှိုခံနေရတဲ့အမှု
ဆေးကုရင်း ဆေးမရှိလို့ အသက်ဆုံးခံလိုက်ရတဲ့အရေး
ပရဟိတကိုအားကိုးလို့ အသုဘချနေရတဲ့ကိစ္စ
ကတိမတည်ခြင်းတွေနဲ့အဂတိလိုက်စားခြင်းအထွေထွေ
စိတ်ကူးနဲ့ဆောက်တဲ့မြို့ကြီးကဟီးပြီး
လက်တွေ့မှာပျောက်ဆုံးသွားတဲ့ ပင်လယ်မြစ်ချောင်းများ
လူသားချင်းစာနာထောက်ထားမှုဆိုင်းဘုတ်အောက် 
ခရီးတထောက်နားရင်း သက္ကရာဇ်များကြီးထွားသန်မာခဲ့ရပုံ

ပြည်သူ့လက်နဲ့ပြည်သူထူနေရတဲ့ဖွံ့ဖြိုးတိုးတက်ခြင်း
အဲဒီလိုနေ့တွေထဲ ငါတို့ကြီးပြင်းခဲ့ကြရင်း
ကမ္ဘာမကြေသီချင်းကို တလှည့်ပြီးတလှည့်ဆိုလိုက်ကြ
ရဲဘော်ရောင်းရင်းများကျဆုံးခြင်းအတွက် ပူဆွေးလိုက်ရနဲ့

ဘဝရဲ့
မတည့်မတ်နိုင်သေးတဲ့ ကာလကြီးထဲမှာ
အဓိပ္ပါယ်ရှိတဲ့အလံနဲ့ အဓိပ္ပါယ်ရှိတဲ့အသံတွေကိုရှာရင်း
တနေ့ပြီးတနေ့ တကွေ့ပြီးတကွေ့။

ဆောင်းယွန်းလ