Breaking News

ခွန်ဆိုင်း ● လစ်ဘရယ် တကယ်ကျဖို့ လွယ်လှတယ် မောင် မထင်

ခွန်ဆိုင်း ● လစ်ဘရယ် တကယ်ကျဖို့ လွယ်လှတယ် မောင် မထင်
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၉

အခန်း (၆)
ကြိုးစားနေကြတာ ဘုရားဖြစ်ဖို့လား

လူသား ဟာ တန်ခိုးထွားအောင်  ကြိုးစား တဲ့ ၂၁ ရာစုနှစ် အသစ်ဆီကို ချဉ်းနင်းဝင်ရောက် လာပါတယ်။ လက်တင်ဘာသာမှာ ဟိုမိုဒေးယပ်စ် (Homo Deus) ဆိုတာ လူဘုရား (The God Man) ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ (Homo Sapiens) ဟိုမိုဆေး ပီးယမ်းဆိုတာကတော့ ပညာရှိသောလူ သိမြင်တတ်သောလူ (Man -The wise: Man -The Knower) ဆိုတဲ့အဓိပ္ပါယ်ပါ။ လွန်ခဲ့တဲ့ နှစ် ၇ သောင်းလောက်က သဘာဝတရားရဲ့ ရွေးချယ်မှု (Nature of selection) အရ တခြားအားနည်းတဲ့ လူသား မျိုးစိတ်တွေ ပျက်ဆီးပြုန်းတီးပျောက်ကွယ်သွားပေမယ့် ပရိယာယ်ဉာဏ်ကြွယ်တဲ့ ဆေးပီးယမ်းလူသားမျိုးစိတ်တခု ဟာ ကြွင်းကျန်ခဲ့ပြီး တခြားတိရိစ္ဆာန်တွေနဲ့ ယှဉ်ပြိုင် အသက်မွေး။ အမဲလိုက်စားသောက်ရှင်သန်ရတဲ့ ဘဝကနေ လက်နဲ့ ဦးခေါင်းကိုအသုံးချရင်းချရင်း ခေါင်းတလုံးအသာနဲ့ ဒီကမ္ဘာလောကရဲ့ အရှင်သခင်ဘဝကို အဆင့်ဆင့်တက် လာပါတယ်။ အမဲလိုက်မုဆိုးအဖြစ် ကနေ စိုက်ပျိုးရေးသမားဘဝကိုကူး။ ခေတ်နဲ့ပြောရင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် တွေဖြတ် နောက်ပိုင်း ဘုရင်ခေတ်၊ ကျေးကျွန်ခေတ်၊ အဆင့်ဆင့်ဖြတ်လို့ ၁၉ ရာစု နဲ့ ၂၀ ရာစု တွေမှာတော့ စက်မှုတော်လှန်ရေးခေတ်ကို ရောက်ခဲ့ပြီးပြီ။ အခု ၂၁ ရာစုမှာတော့ လူသားဟာ ကြောက်ခမန်းလိလိ မြန်ဆန်တဲ့အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ လူသား လို့ သမိုင်းပညာရှင်တွေက သုံးသပ်ကြပါတယ်။

(Homo Deus း A Brief History of Tomorrow) - လူဘုရား အနာဂတ်သမိုင်းအကျဉ်းဒီစာအုပ်မှာ ဟာရာရီက ၂၁ ရာစု ဟာ လူသားတွေ ဘုရားလို တန်ခိုးထွားတဲ့ ရာစုလို့မြင်ပါတယ်။ ၂၀၁၆ မှာ စတင်ထုတ်ဝေတဲ့ သူ့ရဲ့ ဒီဒုတိယစာအုပ်ဟာလဲ အောင်မြင်တဲ့ စာအုပ်ဖြစ်လာပြီး နိုင်ငံတကာဈေးကွက်မှာ ၄ သန်းလောက်ရောင်းချနိုင်ခဲ့ပြီး ဘာသာ အမျိုး ၃၀ လောက် ပြန် ဆိုခဲ့ကြပြီး ဖြစ်ပါတယ်။

ဒီနေ့ခေတ် လက်ကိုင်ဖုန်းတွေဟာ မှတ်ဉာဏ်အတော်များများ သိုမှီးနိုင်ပြီး အတော်လည်း အသုံးဝင်တယ်။ ဒီ လက်ကိုင်ဖုန်း ကိုသာ လူ့ဦးခေါင်းထဲထည့်လိုက်နိုင်ရင် (တနည်း လက်ကိုင်ဖုန်းကို ဦးနှောက်နဲ့ချိတ်ဆက်လိုက်နိုင်မယ်ဆိုရင်) လူဟာ အတော့်ကို တန်ခိုးထွားသွားမယ်လို့ တွေးနေကြပါတယ်။ ခေတ်လူတွေက အခုလို ကြံကြီးစီရာတွေ ကြံဆလုပ်ကိုင်နေကြ တာပါ။

နာနိုစကေးပရော့ပ် (Nanoscale probe) လို့ခေါ်တဲ့ အင်မတိ အင်မတန်သေးတဲ့ ဘုသီးလေးတွေ ဦးခေါင်းထဲထည့်ဘို့ သိပ္ပံ ပညာရှင်တွေ ကြိုးစားတယ်။ စစ်ဖြစ်တုန်းက လူနေရပ်ကွက်တွေ ဗုံးကြဲခံရလို့။ စစ်မြေပြင်မှာ အနားကပ်ဗုံးဆံကွဲလို့ဆိုတဲ့ အကြောင်းတွေနဲ့ ဗုံးသီးဆံ၊ ကျည်ဆံ အစအနလေးတွေ ခေါင်းခွံထဲဝင်နေတဲ့ လူတွေစစ်သားတွေရှိတယ်။ သူတို့ထဲမှာ တချို့ မသေကြတာ ကြားဖူးမယ်ထင်ပါတယ်။ ဗုံးစကျည်စကို ခွဲထုတ်ပစ်လိုက်ရင်လဲ သူ့အသက်အန္တရာယ်ရှိလို့ဆိုပြီး သတ္တု အစအနတွေကို မထုတ်ပဲထားရတယ်။ ဒီလိုပဲအသက်ရှင်နေတဲ့ လူသားတွေရှိပေါ့။ သူတို့မှာ တခါ တခါ ခေါင်းကိုက်တာ ဦးနှောက်ဖေါက်တာ၊ အကြောဆွဲတာ၊ တက်တာတွေတော့ ရှိနိုင်သပေါ့။

အခု ဟားဘတ်နဲ့ ဆူးရေး (Surrey) တက္ကသိုလ်တွေက သိပ္ပံဓါတ်ခွဲခန်းတွေမှာ သိပ္ပံပညာရှင်တွေစမ်းသပ်နေတဲ့ နာနိုစကေး ပရော့ပ် (Nanoscale Probe) ဆိုတာမျိုးတွေက အဲလိုဗုံးစကျည်စတွေလောက်ကို အန္တရာယ်ဖြစ်အောင်မကြီးဘူး။ (Probe) ပရော့ပ်တခုဟာ လူ့ဆဲလ်တခုစာလောက်ပဲ ရှိတယ်ဆိုပဲ။ အဲဒီလောက်သေးသေးတာတာလေးတွေ အစွမ်းက ဆဲလ်တွေကြား ထဲမှာရှိနေတဲ့ နဗ်ဖ် အာရုံကြောမျှင်လေးတွေဆီကလွှတ်တဲ့ လျှပ်စီးအနေအထား လှုပ်ရှားမှုတွေကို တိုင်းထွာပေး ဖတ်ပေးမှာ ။ (to read intracellular electrical activities from neurons)။ ဦးနှောက်ဆဲလ်တွေဆီက လျှပ်စစ်စီးလေးတွေရဲ့ လျှပ်စစ်ဇီဝကမ္မ (Electrical physiology) အခြေအနေကို တိုင်းထွာနိုင်စွမ်းရှိကြမယ်။ တချိန်ချိန်မှာ အဲဒီ နာနို စကေးပရော့ လေးတွေဟာ လူနဲ့စက်ကို ချိတ်ဆက်တဲ့ အချိတ်တွေဖြစ်လာကြလိမ်ါမယ်။ (The intersections between human and machines )။ စက်နဲ့ဦးနှောက် ချိတ်တဲ့ အပ္ပလီကေးရှင်းပေါ့ (Brain-machine interface application ) သူတို့က ဦးနှောက်အနေအထားအလုပ်လုပ်နေတာတွေကို ပုံဖေါ်ပေးမယ့် ( brain activity mapping ) နဖ်လက်တံလေးတွေပေါ့။ ( neural prosthetics ) အဲဒါတွေကို လူ့ဦး ခေါင်းထဲမှာ မြုပ်ထားမယ် ပေါ့ ( brain implant ) ခန့်မှန်းတာတော့ ဦးခေါင်းထဲမှာ မြုပ်လို့ရတဲ့ ဆက်သွယ်ရေးကိရိယာ( implantable communicable device ) ကို ဈေးကွက်ထဲရောင်းချနိုင်လောက် တဲ့ အဆင့်ကတော့ ဝေးနေသေးပေမယ့် အခုသူတို့လုပ်နေတဲ့ နာနိုစကေးပရော့ပ်လေးတွေက လာမယ့် ၁၀ နှစ် ၁၅ နှစ်လောက် ဆို အလုပ်ဖြစ်ပြီလို့ ခန့်မှန်းနေကြပါတယ်။

အဲလို လူနဲ့ စက်နဲ့ ချိတ်သွားတဲ့တနေ့- လူဟာ လူနဲ့မတူနိုင်တော့ဘူး။ လူနဲ့ စက်နဲ့ စပ်ထားတဲ့ (Hybrid ) လူစပ်ကြားဖြစ်လာမယ်။ လူဟာအဆင့်တခုကို ခုန်ပြီး- မျိုးစိတ်ပြောင်းသွားတာမျိုး ။ လူမျိုးစိတ် တခုကနေ နောက်မျိုးကွဲတခုကို ပြောင်းသွားတာမျိုး။ အဲဒီလူသားဟာ မဟာမှတ်ဉာဏ်နဲ့ အလုပ်လုပ်မှာမို့ ရိုးရိုးလူထက် တန်ခိုးထက်မှာ အသေအချာ (Superintelligence species) ပဲ။

ဒီဘာသာရပ်ဟာ ၂၁ ရာစုအတွက် အသစ်ပဲ။ ဒီစိန်ခေါ်ချက်ကို လူသားတွေက လက်ခံလိုက်ပြီးပြီ။ လူသားဘဝကနေ နောက်တဘ၀ ပြောင်းလဲသွားခြင်း (Transhumanism) တဲ့။ မကြာသေးခင်က ယောက်ကျားကနေ မိန်းမ။ မိန်းမကနေ ယောက်ကျားအဖြစ် လိင်ပြောင်းကြတာတွေ ကို (Transvestide) လို့ခေါ်တယ်။ ပြောင်းတဲ့လူတွေများလာတဲ့အခါ ကျားမ အပြင် နောက်ထပ် သီးခြားအခေါ်အဝေါ် ထပ်ထွင်ခေါ်ပေးရတာ။ ဒါပေမယ့် အဲလိုပြောင်းလဲကြတာမျိုးက သိတ်မဆန်းလှ ဘူးတဲ့။ အခုဆို လူတွေစိတ်ထဲမှာလည်း ရိုးသွားပြီပေါ့။ ဗီဇနဲ့ပြောရင် သက်ရှိဇီဝရုပ်တခုကနေ နောက်သက်ရှိဇီ၀ ရုပ်တခုကို ပြောင်းတာ (Organic body to another organic body) ။ အခုပြောင်းမှာက လူသားဘဝကနေ စက်တခုနဲ့ ချိတ်စက်ပြီး ( စက်ပစ္စည်းတခုမြုပ်နှံလိုက်ပြီး) အတော် ဉာဏ်ကြီးတဲ့ အစွမ်းထက်မဟာစပ်ကြား လူသားဘဝကိုပြောင်းမှာ။ ဖြစ်လာမှ။ ( Organic being to another organic-inorganic hybrid being) အဲဒီအပြောင်းအလဲမှာ လူသားဟာ ဘုရားလိုတန်ခိုး ထွားမှာမျိုးလား ။ လူသားတွေ ဘ၀ မျိုးတုံးမှုအစလား။ ဟာရာရီ အပါအဝင်တချို့တွေးခေါ်ပညာရှင်တွေ သမိုင်းပညာရှင်တွေ သိပ္ပံပညာရှင်တွေဟာ ဒါကို စိုးရိမ်သံသယရှိနေကြပါတယ်။

ပြီးခဲ့တဲ့ ( သြဂုတ် ၄ - ၂၀၁၉ ) က ပြင်သစ်နိုင်ငံသား တီထွင်သူ ဖရန်ကီစပါတာ (Franky Zapata) ဆိုသူဟာ သူထွင်ထားတဲ့ ခြေနင်းပျံ ( Flying Board ) ကို အသုံးပြုပြီး အင်္ဂလိပ်ရေလက်ကြားကို အောင်အောင်မြင်မြင် ဖြတ်ပျံသွားလိုက်ပါတယ်။ ၂၂ မိုင် ကျယ်တဲ့ ပင်လယ်ရေလက်ကြားကို ၂၂ မိနစ် မျှသာ ကြာအောင် ပျံတယ်။ ပျံသွားတဲ့ အမြန်နှုန်းကလည်း တနာရီကို ၁၀၈ မိုင်အထိ ပျံသန်းနိုင်တယ်။ ဒါတောင် ကြားမှာခ ဏဆင်းပြီး ဆီဖြည့်ရသေး။ သူထည့်ထားတဲ့ ဆီက ၁၀ မိနစ်စာပဲ ပါလို့တဲ့။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အစမ်းပျံတာ ခုလို မအောင်မြင်ခဲ့ဘူး။ ကြားခရီးအဆင်းမှာ ဘေးနဲနဲချော်ပြီး ရေထဲကျသွား သတဲ့။ ခုလို လိုရာကိုပျံနိုင်ဘို့ ကွန်ပျူတာနဲ့ တွက်ချက်ပျံသန်းရတယ်တဲ့။ စပါတာဟာ ဒီခြေနင်းပျံကို အောင်မြင်အောင် ၂၀၁၁ က စတင်ကြိုးစားခဲ့တာ အခုလို ၈ နှစ်အကြာမှ အောင်မြင်မှုရခဲ့တာ။ အခုတော့ သူ့ခြေနင်းပျံကို ပြင်သစ် ကာကွယ် ရေးဌါနက အထူးစိတ်ဝင်စားလို့ သူ့နည်းပညာကိုဝယ်ဘို့ ယူရို ၁.၃သန်းနဲ့ ကမ်းလှမ်းလာပါတယ်။

ကျွန်တော်တို့ငယ်စဉ်က အကျင့်အကြံ သမထ အားကောင်းသောရဟန္တာများ ဈာန်နဲ့ကြွတာကို စာတွေမှာဖတ်ဖူးပေမယ့် မမြင်ဖူးပါ။ အခုတော့ ယူကျုမှာ သူ ဂျက်အင်ဂျင်သုံးပြီး မိုးပေါ် တကိုယ်တော် ပင်လယ်ဖြတ်ပျံနေတာကိုလူတိုင်း မြင်နိုင်ကြပါ တယ်။ သူ တီထွင်ရကြိုးနပ်သွားပါပြီ။ သူ့ခြေနင်းပျံကို စစ်တပ်ကစိတ်ဝင်စားသလို လူအမျိုးမျိုးကလည်း အကြံအမျိုးမျိူးနဲ့ စိတ်ဝင်စားနေကြမှာပါ။

ကျွန်တော်တို့ ကျောင်းသားဘ၀ မဆလအစိုးရလက်ထက်- ငွေစက္ကူသိမ်းတာတွေမဖြစ်ခင် စက်မှုတက္ကသိုလ် ကျောင်းဝင်းထဲ မှာ ရှပ်ပျံယာဉ်တစီး စက်မှုကျောင်းတော်သားတွေ တီထွင်စမ်းသပ်ပျံသန်းတာကို သွားကြည့်ဖူးပါတယ်။ စက်မှုကျောင်းသား တွေ အဲဒီအချိန်က ဘယ်လိုအင်ဂျင်သုံးခဲ့သလဲသေချာမသိပါ။ရှပ်ပျံယာဉ်က နဲနဲ ရှပ်ပျံနိုင်ပေမယ့် အထိမ်းအသိမ်းတော့ သိတ်မဟန်လှပါ။ လိုရာမသွားနိုင်ပဲ သွားချင်ရာလျှောက် သွားနေတာတွေ့ပါတယ်။ ကျောင်းဝင်းထဲမှာကမြက်ခင်းနဲ့ လမ်းပေါ် ဆိုတော့လည်း နေရာက သိတ်မကျယ်ပါ။ မဆလအစိုးရက ကျောင်းသားတွေကြိုးစားကြတာကို အားမပေး - ကုန်ကျစား ရိတ်လေးတောင် ထောက်ပန့်ရကောင်းမှန်းမသိပဲ စိုးရိမ်ပြီး တီထွင်မှုကို တားလိုက်တယ်လို့ ကြားပါတယ်။ နောက်ထပ် ကြိုး စား ပျံကြတာ မတွေ့တော့ပါ။

အမြင်တွေနဲ့ ဆက်စပ်လို့ ပြီးခဲ့တဲ့ တပတ်လောက်က Face Book စာမျက်နှာမှာ မိတ်ဆွေတယောက်တင်ထားတဲ့ ဆောင်း ပါးလေးအကြောင်း တွေးနေမိပါသေးတယ်။ သိန်းတရာလောက်တန်တဲ့ ဒရုန်း (Drone) ကိုသုံးပြီး လယ်ကွင်းတွေက စပါး ဖျက်ပိုးတွေကို ဆေးဖြန်းမယ်ဆို တဧကကို မိနစ် ၃၀ လောက်ပဲ အချိန်ပေးရမယ်။ ထိရောက်တယ်။ စပါးဖျက်ပိုးတွေက သီးနှံတွေကို နာရီပိုင်းအတွင်းဖျက်ဆီး စားသောက်ကြတတ်တာမို့ လက်နဲ့ဖြန်းနေရင်နှေးတယ်။ သိပ်မထိရောက်ဘူး။ အချိန် အကြာကြီးပေးရမယ်။ သူက ဝယ်သုံးချင်တယ်။ ဒါပေမယ့် ဝယ်ယူသုံးစွဲဘို့ ဘယ်ကမှ ခွင့်ပြုချက်မရဖြစ်နေပါသတဲ့။ ဘယ် သူက ခွင့်မပြုနိုင်တာလဲ မသိတဲ့အကြောင်းတင်ပြထားတာ ဖတ်ရပါတယ်။ ဒီနေရာမှာ ဒရုန်းရဲ့အသုံးဝင်မှုကို အငြင်းပွါး စရာမလိုပါ။ ဘယ်နေရာမှာ သုံးမလဲဆိုတဲ့နေရာမှာတော့ နဲနဲ အငြင်းပွါးစရာရှိပါတယ်။ စိုက်ပျိုးရေးသမားတယောက်နဲ့ စစ် ရေးသမားတယောက်လုံခြုံရေးအမြင်- လမ်းယူပုံခြင်းမတူ။ လမ်းမတူ- အသုံးမတူကြတော့ ရှေ့မတက်နိုင်ကြပဲ အားလုံး နောက်ကောက်ကြ နောက်ကျန်နေကြဦးမယ့်အဖြစ်ပါ။

ဒီက မိတ်ဆွေတယောက်အိမ်မှာကြောင်လေး ၃ ကောင်ရှိပါတယ်။ သူတို့လည်ပင်းထဲ မိုက်ခရိုချစ်လေးတွေမြုပ်ထားပါတယ်။ သူက တယောက်ထဲနေသူဆိုတော့ သူအလုပ်သွားတဲ့အချိန်ကြောင်လေးတွေကို အိမ်မှာ လှောင်ပိတ်မထားခဲ့ချင်ဘူး။ ဒီတော့ ကြောင်လေးတွေအတွက် ထွက်ပေါက် ဝင်ပေါက် လုပ်ပေးထားပါတယ်။ သူ့ ထွက်ပေါက်ဝင်ပေါက်တံခါး  မိုက်ခရိုချစ် ကို ဖတ်တယ်။ တခြားကြောင်တွေဆို တံခါးမပွင့်- သူ့အိမ်ထဲ ဝင်ခွင့်မပြုပါဘူး။ မိုက်ခရိုချစ်ထည့်ထားတဲ့ သူ့ကြောင် ၃ ကောင်ကိုပဲ ခွင့်ပြုပါတယ်။

၂၀၁၇ ခုနှစ်က ဘာလင် ပြပွဲတခုမှာ လက်ထဲမြုပ်ထားတဲ့ မိုက်ခရိုချစ်လေးတခုရဲ့ အသုံးဝင်ပုံကို ပြသွားပါတယ်။ သူလက်နဲ့ ဝှေ့လိုက်ပြီး ဘဏ်ကို ငွေလွှဲလို့ရ။ သူ့ကားကို သော့ခတ် သော့ဖွင့်လုပ်လို့ရ။ သူ့လက်ကိုင်ဖုန်းကို ဖွင့်လို့ ပိတ်လို့ရ။ အသုံးဝင် တယ်။ အဲဒီလို လက်ထဲမှာ မြုပ်မယ့်အစား သိပ္ပံသမားတွေက ဒီ မိုက်ခရိုချစ်လေးတွေ ကို လူတွေဦး ခေါင်းထဲထည့်ဖို့အထိ ကြံစည်နေကြပါပြီ။ အဲဒီမိုက်ခရိုချစ်မျိုးက ဂဏန်းတွက်တတ်မယ်ဆိုပါစို့။ သူထည့်ထားတဲ့ ဦးနှောက်ဟာ ဂဏန်းတွက်တာမှာ ဂဏန်းုတွက်စက်လိုမြန်နေမယ်။ ဒီတော့ ကျောင်းတွေမှာ မိုက်ခရိုချစ်ထည့်ထားနိုင်တဲ့ ခလေးတွေက မထည့်နိုင်တဲ့ခလေး တွေထက် အတွက်အချက်မှာ သာနေလိမ့်မယ်။ ဒီတော့ ကျောင်းသားတွေကြား အတန်းအစား ၂ ခု ကွာဟနေမယ်။ ဒီလို ကော ဖြစ်သင့်ကြမလား။