Breaking News

ကျော်မိုးလွင် - ဆာလောင်တဲ့ ငြိမ်းချမ်းရေး

than htay maung


ကျော်မိုးလွင် - ဆာလောင်တဲ့  ငြိမ်းချမ်းရေး

(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၉

ပြည်သူများ ဆာလောင်နေတဲ့ငြိမ်းချမ်းရေးကို
အချိန်မီ ချကျွေးနိုင်ဖို့
ပခုံးပေါ် ထမ်းတင်မယ်လုပ်တန်း
ဗြုန်းဆို ကျကွဲတယ်

မျက်လှည့်ဆန်ဆန်ပြကွက်တွေထဲ
ကိုယ်တိုင် မျက်စိလည်

ခါးပြီ....
ငြိမ်းချမ်းရေးကန်းနေတဲ့ ကယ်တင်ရှင်ကြီးများ
အမြဲပြောတတ်တဲ့ ချွေးသိပ်စကား.....
ငြိမ်းချမ်းရေးကို ကမ်းနေတဲ့လက်များ
စမ်းတဝါးဝါး....

မိုးမချုပ်ခင် အကျိုးမယုတ်စေချင်ဘူး
အပေါ်ယံအပြုံးကွပ်ထားတဲ့ စကားလုံးတွေအစား
တကယ့်အလင်းစစ်စစ်ကို ကြားချင်တယ် မြင်ချင်တယ်

ငါတို့ဟာ မြေစာမြက်တွေပါ
နှစ်ဖက် အကျိုးစီးပွားအတွက်
ချနင်းခံရတဲ့ ရိုးရိုးသားသား လူသားတွေပါ
အိမ်မက်ဆိုးတွေထဲက ရုန်းထွက်ဖို့
ငါတို့ လယ်ယာတွေကို ထွန်ယက်စိုက်ပျိုးနိုင်ဖို့
ဒီစစ်ပွဲတွေ အမြန်ရပ်ဖို့ လိုအပ်တယ်။

အိမ်ပြန်ချိန်တွေ
ဘယ်လောက်ထိ ဝေးကွာနေဦးမှာလဲ
ဒုက္ခသည်စခန်းမှာ ကြီးပြင်းရတဲ့ ဘဝတွေ
အဓိပ္ပာယ်မဲ့နေခဲ့တာကြာပြီ....
မငြိမ်းချမ်းသေးတဲ့ ငြိမ်းချမ်းရေး

ညကအိမ်မက် မက်တယ်
ငြိမ်းချမ်းရေး...ငြိမ်းချမ်းရေး.....
ငြိမ်းချမ်းရေး....ငြိမ်းချမ်းရေး.....
ဒိုင်း...ဒိုင်း....ဒိုင်း....ဒက်...ဒက်...ဒက်


မန္တလေး ငြိမ်းချမ်းရေးပွဲ အမှတ်တရ