Breaking News

အမေရိကန်သမ္မတ ထရန့်ကို လွှတ်တော်က ဖြုတ်ချရန် ကြိုးစားပြီ

အမေရိကန်သမ္မတ ထရန့်ကို လွှတ်တော်က ဖြုတ်ချရန် ကြိုးစားပြီ

မိုက်ခဲစိန်၊ မိုးမခ၊ စက်တင်ဘာ ၂၆၊ ၂၀၁၉

အင်္ဂါနေ့ကပဲ အောက်လွှတ်တော်ခေါင်းဆောင် ဒီမိုကရက် နန်စီပလိုစီက ကြေညာလိုက်ပါတယ်။ ဒေါ်နယ်ထရန့်က သမ္မတတဦးရဲ့ ၀တ္တရားနဲ့ မညီညွတ်တဲ့အမှုကြောင့် အရေးယူနိုင်ရန် စုံစမ်းဖို့ လုပ်ကြမယ်တဲ့။ အင်္ဂလိပ်လိုကတော့ Impeachment လို့ခေါ်ပါတယ်။ ဖြုတ်ချဘို့ စွဲချက်တင်ခြင်း ဖြစ်ပါတယ်။ သမ္မတတဦး သို့မဟုတ် နိုင်ငံခေါင်းဆောင်ဝန်ထမ်းတဦး တာဝန်နဲ့ မညီတဲ့ အပြစ်ကျူးလွန်တယ် ယူဆရင် စုံစမ်းရေးအဖွဲ့ အရင်ဖွဲ့ရပါတယ်။ အောက်လွှတ်တော်အမတ်များနဲ့ အဖွဲ့ကို ဖွဲ့ရတာပါ။ အောက်လွှတ်တော်စုံစမ်းရေးအဖွဲ့က အပြစ်ကျူးလွန်တဲ့အချက်အလက်တွေ တွေ့ရင် (ထင်ရှားရင်) စွဲချက်တင်ဖို့ လွှတ်တော်ကို တင်ပြရပါတယ်။ အောက်လွှတ်တော်က လက်ခံရင် အထက်လွှတ်တော် တင်။ အထက်လွှတ်တော်က လက်ခံရင် စွဲချက်တင်ခြင်း အောင်မြင်ပြီး သမ္မတပြုတ်ကရော ဆိုကြပါစို့။

လွန်ခဲ့တဲ့ ဂျူလိုင်လ ၂၅ ရက်က ထရန့် နဲ့ ယူကရိန်းသမတတို့ ဖုန်းနဲ့ စကားပြောကြရာမှာ အမေရိကန်ဒုသမ္မတဟောင်း နဲ့ လက်ရှိသမ္မတအဖြစ် ဝင်ပြိုင်ဖို့ ပြင်နေတဲ့ ဂျိူးဘိုင်ဒင်တို့ မိသားစုကို ယူကရိန်းအစိုးရက ခြစားမှုနဲ့ စုံစမ်းဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို အဲသည်တုန်းက အနားမှာရှိတဲ့ အမျိုးသားလုံခြုံရေးဌာနဝန်ထမ်းတဦးက whistle blower ဖော်ကောင်လုပ် တိုင်ကြားလိုက်တဲ့အကြောင်းကို ပြည်သူတွေက ယခု စက်တင်ဘာ ၂၀ ကျော်မှ သတင်းဌာနတွေ ထုတ်ဖော်လို့ သိကြရတယ်။ အမေရိကန်သမ္မတတဦးအနေနဲ့ အခြားနိုင်ငံခေါင်းဆောင်တဦးကို အခုလို စကားမျိူး နှစ်ကိုယ်ကြား သီးသန့် မပြောသင့်ဖူးလို့ နိုင်ငံရေးသမား အများစုက ယူဆကြပါတယ်။ ပြီးတော့ အဲသည်လို ပုဂ္ဂလိကဆိုင်ရာတောင်းဆိုမှုကို ယူကရိန်းထံပေးမယ့် အမေရိကန်အကူအညီ ဒေါ်လာ ၃၉၁ သန်းကို မပေးဘဲ ဆိုင်းထားဖို့ အမိန့်ထုတ်ပြီးမှ တောင်းဆိုတာနဲ့ အချိန်ကိုက်နေပါတယ်။ နိုင်ငံရေးကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်မှုအဖြစ် စွပ်စွဲခံရပါတယ်။ သည်လို သတင်းဖြစ်တော့မှ အောက်လွှတ်တော်ခေါင်းဆောင် ပလိုစီက အဲသည် စကားပြောဖိုင်ကို သမ္မတရုံးအဖွဲ့က တောင်းဆိုရပါတယ်။ တောင်းဆိုတာကို သမ္မတကော သူ့ပါတီကပါ ညင်းဆန်နေလို့ အောက်လွှတ်တော်မှာ မဲဆင့်ခေါ်ပြီး တရားဝင်တောင်းရပါတယ်။ တရားဝင်တောင်းမှ စကားပြောဖိုင်ကို အကန့်အသန့်နဲ့ ထုတ်ပေးပြီး လွှတ်တော်က ဖတ်ရပါတယ်။ သမ္မတက ယူကရိန်းကို သည်လိုတိုက်တွန်းစကားပြောတာ ထင်ရှားလို့ စုံစမ်းရေးကော်မရှင် စဖွဲ့မယ့်အကြောင်း ပလိုစီက အင်္ဂါနေ့မှာ ကြေညာခြင်း ဖြစ်ကြောင်းပါ ခင်ဗျား။

၂၁ ရာစုထဲမှာ သမ္မတတယောက်နဲ့ မတူဘဲ လူမိုက်ခေါင်းဆောင်လို အလွန်ရမ်းတဲ့ သမ္မတကတော့ ထရန့်ပဲ ဖြစ်ပါတယ်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲကာလကလည်း ရုရှားတွေက သူ့ပြိုင်ဖက်တွေကို အပုပ်ချတိုက်ခိုက်တာတွေ လုပ်ပေးဖို့ စင်မြင့်ကနေ ထုတ်ဖော်တောင်းဆိုပါတယ်။ ရုရှားတွေနဲ့ ရုရှားအစိုးရကိုယ်တိုင်က အမေရိကန်မှာ သမ္မတလောင်း ဝင်ပြိုင်ခဲ့သူ ဟီလာရီကလင်တန် သိက္ခာကျအောင် သတင်းမှားတွေ ကောလဟလတွေနဲ့ တိုက်ခဲ့ကြောင်း ရောဘတ်မူလာဦးဆောင်တဲ့ အစိုးရတရားရေးဌာန (Justice Dept) က စုံစမ်း ဖော်ထုတ် အစီရင်ခံခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် ရီပတ်ဘလစ်ကန်ကြီးစိုးတဲ့ အထက်လွှတ်တော်က သမ္မတနဲ့ မဆိုင်ဘူးလို့ ဆုံးဖြတ်သလို ထရန့်ခန့်ထားတဲ့ တရားရေးဌာန ခေါင်းဆောင်တွေကလည်း အရေးမယူဘဲ ထားခဲ့ပါတယ်။ အဲသည်လိုပဲ ထရန့်က ရွေးကောက်ပွဲရန်ပုံငွေ အလွဲသုံးပြီး သူ့လိင်အရှု့ပ်တော်ပုံတွေကို ဖုံးခဲ့ နှုတ်ပိတ်ခတွေ ပေးခဲ့တဲ့အကြောင်းလည်း FBI က စုံစမ်းရာမှ သမ္မတအထိ အရေးမယူနိုင်ဘဲ ထရန့်မဲဆွယ်ကာလတုန်းက သူ့ရှေ့နေတွေ အကြံပေးတွေ အဖွဲ့ဝင်တွေကိုပဲ ပြစ်တင်စွပ်စွဲအရေးယူ ထောင်ချနိုင်ခဲ့ပါတယ်။ ထရန့်ကြီးတော့ လွတ်နေဆဲပေါ့ခင်ဗျား။ ထရန့်ကြီးကလည်း အတင့်ရဲသည်ထက် ရဲဖို့ ဖြစ်နေတာကလည်း သူ့ပါတီက ရီပတ်ဘလစ်ကန်အမတ်တွေအားလုံးက ဖင်ပိတ်ပြီး ငြင်းနေကြ၊ အကာအကွယ်ပေးနေကြတာကလည်း အဓိကဖြစ်ပါတယ်။ လက်ရှိအာဏာရ သမ္မတနဲ့ သူ့ပါတီအမတ်တွေဟာ အာဏာကလွဲရင် အမှန်တရားနဲ့ တရားမျှတမှုဆိုတာကို ကျောခိုင်းထားကြပုံရတာကလည်း အာဏာရှင်တိုင်းပြည်တွေက အစိုးရတွေနဲ့ တူတယ် ဆိုရမယ်။

အခုတော့ အမေရိကန်ဒီမိုကရက်တွေ အတိုက်အခံတွေ အလွန်မျက်မုန်းကျိူးလှတဲ့ သမ္မတကြီးတယောက်တော့ တရားဝင်စုံစမ်းစစ်ဆေးရေးခံရပါတော့မယ်။ ဖြစ်ချင်တော့ သူနဲ့ပြိုင်မယ့် ဂျိူးဘိုင်ဒင်ကို နောက်ကွယ်ကနေ ချဖို့ သူများနိုင်ငံကို သွားတောင်းဆိုရတယ်ဆိုတော့ မျက်နှာပူရတဲ့ ကိစ္စပေ့ါလေ။ သို့သော်လည်း ထရန့်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေ သူ့ဝါဒဖြန့်သတင်းဌာနတွေကတော့ (Fox News အပါအဝင်) ကတော့ သူတို့သမ္မတကြီးက အောင်မြင်လွန်း ရုပ်ချောလွန်း တော်လွန်းတတ်လွန်းလှလို့ မနာလိုပြီး တိုက်ခိုက်နေကြတယ်လို့ ဆက်ပြီး အပေါက်စုံပိတ် ငြင်းချက်တွေ ထုတ်နေဆဲ ဖြစ်ပါတယ်။ ကြည့်ကောင်းမယ့်ပွဲပေါ့ခင်ဗျာ။

အမေရိကန်သမိုင်းမှာ impeach လုပ်ဖို့  စုံစမ်းရေးကော်မရှင်အဖွဲ့ခံရတာ (ပြုတ်တာ မပြုတ်တာ အပထား) ၄ ဦးပဲ ရှိပါတယ်။ အင်ဒရူးဂျွန်ဆွန်၊ ဘီလ်ကလင်တန်တို့ကိုတော့ အထက်လွှတ်တော်က ပလပ်ခဲ့လို့ မပြုတ်ခဲ့ကြပါဘူး။ နစ်ဆွန်ကတော့ အောက်လွှတ်တော်က စုံစမ်းပြီး စွဲချက်တင်ရန် မဲခွဲဖို့ မတိုင်ခင်မှာ သူ့ဖာသာသူ နှုတ်ထွက်ခဲ့ပါတယ်။ အခုကတော့ ထရန့်ကြီး ဖြစ်ပါတယ်။

ဒီနေရာမှာ ပလိုစီတို့ ဒီမိုကရက်တွေဘက်က အစောကတည်းက အင်န်ပိချ် (အပြစ်ရှိတယ်လို့ စွဲချက်တင်ဖို့) မကြိုးစားခဲ့ကြတာလဲ။ ထရန့်ဟာ ခုချိန်ထိ သူ့ဝင်ငွေခွန်တွေကို လူထုသိအောင် ချမပြသေးပါဘူး။ သူ၏ အုပ်ချုပ်ရေးကာလမှာ ဗရမ်းဗတာဆောင်ရွက်မှုတွေဆိုတာ အများကြီးပါ။ သမ္မတဖြစ်ပြီးတာနဲ့ သူ့ကုမ္မဏီတွေကနေ ဦးဆောင်မှုအခန်းကနေ နောက်ဆုတ်ထားဖို့ ကို ငြင်းပါတယ်။ သူ့မိသားစုဝင်တွေကို သမ္မတရုံးမှာ ခန့်ထားပါတယ်။ ရွေးကောက်ပွဲမဲဆွယ်ကာလ အလွဲသုံးမှု၊ ပြည်ပနိုင်ငံတွေကနေ မဲအနိုင်ရရေး ဆက်သွယ် တောင်းဆိုမှု၊ အစိုးရကာလအတွင်း ထင်ရာစိုင်းမှုတွေ အများကြီး ရှိပါတယ်။ အတိုက်အခံဒီမိုကရက်တွေက အာဏာရ ရီပတ်ဘလစ်ကန်တွေ၏ ပိတ်ဆို့မှုတွေကို မကျော်နိုင်တဲ့သဘောတွေ ရှိပါတယ်။ ခုထိဒီမိုကရက်တွေမှာ သမ္မတလောင်းတောင် ကောင်းကောင်း မရွေးနိုင်သေးပါ။ သမ္မတလောင်း ဝင်ပြိုင်နေတာ အယောက် ၂၀ တောင်ဆိုတော့ နဲနဲတော့ သူတို့လည်း ကြောင်တဲ့ သဘောပေါ့။ ဒီမိုကရေစီ၏ မူအရ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှု၊ အကျင့်သီလသိက္ခာနဲ့ ပြည့်စုံထိန်းသိမ်းမှုတွေနဲ့ သွားကြတဲ့ အစဉ်အလာတွေဟာ အခု အမေရိကားမှာတောင် မတွေ့ရတာဟာ အခု impeachment inquiry အထိတောင် ရောက်လာပြီ ဝိုးတိုးဝါးတားပဲ။ ဒီမိုကရက်တွေကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ထရန့်ကို နိုင်အောင်ဘဲ ဒီလို နိုင်ငံရေးကစားနေတာလား၊ ဒီမိုကရေစီ၏ တန်ဖိုးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နေတာလား မသဲကွဲသေးပါ။ စောင့်ကြည့်ရပါဦးမယ်။ (impeachment inquiry နော်၊ စွဲချက်တင်ဖို့ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ကြိုးစားတဲ့ အဆင့်ပဲ ရှိပါသေးတယ်)

ဗမာပြည်မှာဆိုရင်တော့ ဝီရသူတို့ ဘူးလက်လှဆွေတို့ ရွှေသဌေးစိုးထွန်းရွှေတို့ကို ဥပမာ ပြနိုင်ပါတယ်။ ဒီမိုကရေစီ၏ မူအရ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှု၊ အကျင့်သီလသိက္ခာနဲ့ ပြည့်စုံထိန်းသိမ်းမှုတွေနဲ့သာ တိုင်းပြီး အရေးယူရမယ်ဆိုရင် စောစောစီးစီး ပြတ်ပြတ်သားသား ပြီးသွားရမှာ။ ကဲ အရေးယူပြီ ဆိုတဲ့ အဆင့်လည်းရောက်ကော အခုအချိန်မှာ ဟိုလိုလို ဒီလိုလို ဖြစ်နေတော့ ဘယ်သူက ရူးချင်ယောင်ဆောင်နေသလဲလို့ မေးချင်စရာပါ။ အမေရိကန်မှာလည်း အာဏာလွန်ဆွဲပွဲမှာ ရူးချင်ယောင်ဆောင်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ ပြီးမသွားပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါရဲ့။