Breaking News

ဆောင်းယွန်းလ ● ဒီလိုနဲ့ မိုးလင်းခဲ့ မိုးချုပ်ခဲ့

ဆောင်းယွန်းလ ● ဒီလိုနဲ့ မိုးလင်းခဲ့ မိုးချုပ်ခဲ့
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၉

စည်းမတားဘဲ သီးခြားဖြစ်နေရတဲ့ဘဝ
နေရင်းထိုင်းရင်း
နေ့လည်နေ့ခင်းဟာ ဘယ်လိုကုန်သွားခဲ့မှန်းမသိလိုက်ဘူး

မိတ်ဆွေသူငယ်ချင်းတချို့ကပြောတော့
တယောက်တည်းနေရင် အထီးကျန် စိတ်ကျလွယ်တယ်တဲ့
ကိုယ့်မှာတော့
ပျော်ပျော်ရွှင်ရွှင် ဒီပရက်ရှင်ပါဘဲ

ရှင်သန်နေမှုဟာ
ငရဲလည်းမဟုတ်ဘူး နိဗ္ဗာန်လည်းမဟုတ်ဘူး
ထူးထူးခြားခြားရခဲတဲ့ လူ့ဘဝလို့ မြွက်ဆိုကြပေမယ့်
ထွေထွေထူးထူး တွေးမနေနိုင်တော့လည်း ဘာမှမထူးဘူးဘဲ

ကိုယ့်အသက်နဲ့ နှစ်သက္ကရာဇ်တွေ တွက်ရေနေရတာဟာ
မလိုအပ်တဲ့ နောက်ဆုံးပေါ်အချိန်ဖြုန်းနည်းတမျိုးပါဘဲ
တဲတဲလေးချည်နှောင်ထားတဲ့ကြိုးထက်မှာ
ပက်လက်အိပ်အိပ် ဇောက်ထိုးဘဲအိပ်အိပ်
မနက်မိုးလင်းတိုင်း ကိုယ့်ကိုကိုယ်ပလက်ထိုးအားသွင်းရင်း
ရှင်သန်ခြင်းတရားကို ကွင်းဆင်းလေ့လာရစမြဲပေါ့

ရယ်စရာတွေကို မရယ်ဖြစ်တာလည်းကြာပြီ
ငိုစရာတွေအတွက် မျက်ရည်မထွက်တာလည်းကြာပြီ
ကမ္ဘာနဲ့ချီပြီး မနားတမ်းသီဆိုနေခဲ့ရတဲ့သီချင်း
ဖြစ်နိူင်ရင် ခလုတ်ပိတ်မီးမှတ်ပြီး အိပ်နေချင်တယ်
မဖြစ်နိူင်တော့ ခြေဆော့လက်ဆော့နဲ့
စိတ်တွေကိုလည်း ကစားနေရ

စည်းမတားဘဲ သီးခြားဖြစ်နေရတဲ့ဘဝ
နေရင်းထိုင်ရင်း
ညနေခင်းရဲ့ဓါတ်မီးတိုင်တွေလည်း မှောင်မိုက်လို့
ဖုန်းသံတွေကြားလည်း
ထုံးစံအတိုင်း ကောက်မကိုင်ဘဲထားလိုက်တယ်

မကြာခင်မှာ
အချက်ပေးနှိုးစက်သံနဲ့
မနက်ခင်းတခုထပ်ရောက်လာဦးတော့မှာ သေချာတယ်
မသေချာတာက ကိုယ်တိုင်အိပ်ယာကနိုးမနိုးဘဲ။

ဆောင်းယွန်းလ