မောင်တူး - စာရေးဆရာမောင်သော်က ရာပြည့် ၂ နှစ်အလို
စာရေးဆရာမောင်သော်က ရာပြည့် ၂ နှစ်အလို
မောင်တူး
မိုးမခ ၊ ဧပြီ ၆ ၊ ၂၀၂၆
ဗိုလ်မှူးသော်က၊ မောင်သော်က သည်
ဟာသစာပေ၊ သုတတွေရေး
နိုင်ငံရေးလည်း၊ မနှေးဦးဆောင်
ထောင်လည်းမတွန့်၊ အသက်စွန့်သွား
ထိုသူအားရဲ့၊ မွေးဖွားခဲ့နှစ်
ကိုးဆယ့်ရှစ်သို့ ရောက်ပါပြီ။ ။
စာရေးဆရာ နိုင်ငံရေးခေါင်းဆောင် ထောင်တွင်း သူရဲကောင်းပီသစွာ ကျဆုံးခဲ့သူ ဆရာ မောင်သော်ကဟာ ရေကြောင်းဗဟုသုတစာပေ၊ ဟာသနဲ့ သရော်စာတွေ ပြောင်မြောက်လှစွာ ရေးသားခဲ့သူပါ။ တပ်မတော်(ရေ) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း “ဗိုလ်ဘသော်” ကလောင်အမည်နဲ့ ဟာသ ရသ ဗဟုသုတ ဖြစ်ဖွယ်ရာ စာပေတွေ ရေးခဲ့ပါတယ်။ “မောင်သော်က” ကလောင်နဲ့ကတော့ ဟာသဝတ္ထု၊ နိုင်ငံရေးစာပေ၊ ကဗျာတွေလည်း ရေးသွားခဲ့တာပေါ့။ ၈၈၈၈ အရေးတော်ပုံကြီးမှာ စာပေအဖွဲ့အစည်းတွေကနေ ဦးဆောင် ပါဝင်ခဲ့သလို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း CEC နဲ့ တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၉ မှာ ထောင် အနှစ် ၂၀ ကျခဲ့ပြီး ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက်က အင်းစိန်ထောင် ဆေးရုံ အချုပ်ခန်းမှာ ကျဆုံးသွားခဲ့သူပါ။ သူ ကျဆုံးတာကို နှလုံးရောဂါကြောင့်လို့ စစ်အစိုးရက ဆိုပါတယ်။ တကယ်တမ်း သူသေရတာဟာ အပြင်း အထန် နှိပ်စက်ခံထားရတဲ့ ဒဏ်တွေရယ် ထောင်တွင်း အစာငတ်ခံပွဲကို ထောက်ခံခဲ့တာတွေကြောင့် ရိုက်နှက်ခံရတဲ့ ဒဏ်တွေကြောင့်လို့ အတူအကျဉ်းကျခဲ့သူတွေက ပြောပါတယ်။ ထောင်ဆေးရုံကို ထမ်းစင်နဲ့ပို့ချိန်မှာ သူဟာ သေဆုံးပြီး ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒီနေရာမှာ စကားညှပ်ကလေး နည်းနည်းပြောလိုတာက မောင်သော်ကဟာ ၁၉၈၁ ခုနှစ် ဇွန်လထုတ် သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းမှာ ဆရာကြီး သခင်ဘသောင်း ဈာပနအကြောင်း ဆောင်းပါးရေးခဲ့စဉ်တုန်းက “ကျနော်သည် စာပေနယ်သို့သာ မရောက်ရှိခဲ့လျှင် စာရေးဆရာကြီး သခင်ဘသောင်း အကြောင်းကို ရေးသားရန် ထိုက်တန်သူတဦး မဟုတ်ပါ။ သခင်ဘသောင်းနဲ့ ခေတ်ပြိုင် သခင်စာရေးဆရာကြီးများသာလျှင် ရေးသားရန်သင့်သည့် ဆောင်းပါး ဖြစ်ပါသည်” လို့ အစချီခဲ့ပါတယ်။
အခုလည်း ကျနော် ပြောလိုတာက သခင်ဘသောင်း ကွယ်လွန်ဆောင်းပါးကို ဆရာမောင်သော်က ၁၉၈၁ ခုနှစ်မှာ ရေးခဲ့သလို အခု “မောင်သော်က ရာပြည့် ၂ နှစ်အလို” ဆောင်းပါးကို ကျနော် တတ်သလောက် မှတ်သလောက် ရေးနေပါပြီ။ “ကျနော်ဟာ စာရေးဆရာကြီး မောင်သော်က အကြောင်းကို ရေးဖို့ ထိုက်တန်သူတဦး မဟုတ်ပါ။ မောင်သော်ကနဲ့ ခေတ်ပြိုင် စာရေးဆရာကြီးများ တခြား ဝါရင့်သူများသာ ရေးသားသင့်တဲ့ ဆောင်းပါးဖြစ်ပါတယ်” လို့ ကြားညှပ်စကား ပြောလိုပါတယ်။
မောင်သော်က ဆိုတာ
မောင်သော်က (အမည်ရင်း) ဦးဘသော်ကို ၁၉၂၈ ခုနှစ်၊ ဧပြီလ ၆ ရက်က ရွှေဘိုမြို့မှာ အဖ ဦးမှန်ကြီး၊ အမိ ဒေါ်မြိုင်တို့ မွေးဖွားခဲ့ပါတယ်။ မြန်မာမွတ်စလင်တဦးဖြစ်ပြီး သားသမီး ၄ ယောက်အနက် အကြီးဆုံးသားပါ။ တခြားအမည်ကတော့ “နူးရ်မာမက်” ပါ။ ၁၉၄၇ ခုနှစ်က တက္ကသိုလ်ဝင်တန်း အောင်ခဲ့ပြီး အဲဒီနှစ်မှာပဲ ဗမာ့ရေတပ်မတော်ကို တပ်သားအဖြစ် ဝင်ရောက် အမှုထမ်းခဲ့တယ်။ တပ်မတော်ရဲ့ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းခဲ့ပါတယ်။ အခု ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်ဟာ သူ့ကို မွေးဖွားခဲ့တဲ့ ၉၈ နှစ်ပြည့် (ရာပြည့် ၂ နှစ်လို) ဖြစ်ပါတယ်။ (မောင်သော်က မွေးနေ့ ဧပြီ ၆ ရက်ကို AAPP ထုတ် ‘၈ စက္ကန့်ငြိမ်’ စာအုပ်ပါ မောင်သော်က အတ္ထုပ္ပတ္တိမှ ယူပါတယ်။)
သရော်စာ ရေးသူ
ဆရာမောင်သော်ကရဲ့ စာတွေဟာ ဟာသနဲ့ သရော်စာတွေဖြစ်လို့ ဖတ်ပြီးတော့ စေ့စေ့တွေးမှ ပြုံးမိတာမျိုးတွေပါ။ ဒေါ်အောင်ဆန်းစုကြည်က မောင်သော်က အကြောင်းကို အခုလို ရေးခဲ့ပါတယ်။
“သူ့မိတ်ဆွေ စာရေးဆရာတယောက်က သူဟာ တစ္ဆေယုံတယ်လို့ တခြားတယောက်ကို ပြောပြတော့ ဆရာမောင်သော်က က ချက်ချင်းပဲ အဲဒီလူက ဘာဖြစ်ဖြစ် ယုံတာပါပဲဗျာ။ (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုတောင် ယုံသေးတာပဲလို့ ပြန်ပြောလိုက်တယ်လေ” လို့ ဟာသလုပ်ခဲ့တာ ဆိုပြီး ရေးခဲ့ဖူးပါတယ်။ မြန်မာပြည်ကလာတဲ့စာ ဆောင်းပါးမှာ ဒေါ်စုက ရေးခဲ့တာပါ။ မောင်သော်ကသာ သက်ရှိထင်ရှား ရှိနေသေးရင် ဒီနွေဦးတော်လှန်ရေးမှာ “မင်းတို့က မင်းအောင်လှိုင် ပြောတဲ့ အာဏာထိန်းတယ် ဆိုတာလည်း ယုံတာပဲ။ မဲစာရင်း မှားနေတယ် ဆိုတာလည်း ယုံတာပဲ” လို့ ပြောဆို သရော်လေဦးမလားပဲ။ မောင်သော်က က သူ့ရဲ့ ဟာသဉာဏ်အကြောင်းကို အခုလို ပြောခဲ့ပါတယ်။
ကျုပ် “မောင်သော်က” ကတော့ ခက်တယ်။ မောင်သော်က က ဟာသဝတ္ထုနဲ့ အစပြုခဲ့တယ်။ ဒီဟာသညာဉ်က ဖျောက်လို့ မရဘူး။ အကောင်းဆုံး ဟာသညာဉ် တခုကို ပြောပြမယ်။ တခါက အမေရိကန်ပြည်မှာ လူတယောက်ကို လျှပ်စစ်ဓာတ် ကုလားထိုင်မှာ အထိုင်ခိုင်းပြီး သတ်တယ်။ သူ့ကို သတ်ခါနီးမှာ နောက်ဆုံးအနေနဲ့ ဘာပြောချင်သလဲလို့ မေးတော့ သူက ကျနော် တခုပဲ သိချင်တယ်။ အခုလွှတ်မဲ့ လျှပ်စစ်ဓာတ်အားဟာ အေစီ လား၊ ဒီစီ လားလို့ မေးသွားခဲ့တယ်။ ဒီလူရဲ့ ဟာသ ဇဝနဉာဏ်ကို ဘယ်သူ လိုက်လို့ မီနိုင်ပါ့မလဲ။ သေခါနီးတောင် နောက်ဖြစ်အောင် နောက်သွားသေးတယ်။
နောက်တယောက်က စာရေးဆရာကြီး မာ့ခ်တွိန်းပဲ။ သူက တသက်လုံး ဘုရား မယုံကြည်တဲ့သူ။ သူ သေခါနီးမှာ ခရစ်ယာန်ဘုန်းတော်ကြီးတပါးက လာပြီး နောက်ဆုံး အာပတ်ဖြေတဲ့အနေနဲ့ “ဆရာကြီး မာ့ခ်တွိန်း.. အခု ခင်ဗျားဟာ ထာဝရဘုရားသခင်နဲ့တွေ့ဖို့ အဆင်သင့် ပြင်ထားပြီးပြီလား” လို့ မေးတော့ မာ့ခ်တွိန်းက “ကျုပ်ကတော့ အဆင်သင့်ပါပဲ၊ ခင်ဗျားရဲ့ ဘုရားကိုလည်း တဆိတ် မေးကြည့်ပါဦး” လို့ ပြောသွားခဲ့တယ်။ နောက်ဆုံးအချိန်အထိ ခနဲ့သွားတဲ့ ဟာသမျိုးပါ။ (ပေဖူးလွှာမဂ္ဂဇင်း အမှတ် - ၆၅ - ၆၆ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ၁၉၈၆ ခုနှစ်။ ဦးဝင်းငြိမ်းနဲ့ မေးမြန်းခန်းမှာ ဆရာမောင်သော်က က ဖြေသွားခဲ့တာလေးပါ။)
တခါကလည်း ရန်ကုန်မှာ သူ့သမက်ရဲ့ နောက်ဆုံးပေါ်ကားနဲ့ အတူသွားတုန်း ရန်ကုန်ရဲ့ ဆိုးလှတဲ့ လမ်းချိုင့်တခုက ဆောင့်တော့ ကား လေးကျိုးသွားခဲ့တယ်။ သူ့သမက်က လမ်းက ဆိုးပါတယ်လို့ ပြောတော့ လမ်းက မဆိုးဘူး “မြေပေါ်လျှပ်ပျံတဲ့ကား မဝယ်ဘဲ လမ်းပေါ်မောင်းရတဲ့ကားကို မင်း ဝယ်ထားတာက ဆိုးတာ” လို့ ဆိုပြီး မောင်သော်က က ပြောခဲ့ပါတယ်။ ကားပျက် ကားပြင် ဒုက္ခရောက်ချိန်တောင် ဟာသ ပြောတတ်တာပါ။
ဇာတ်ဆရာ
ငါ့ဇာတ်စင် ငါထိုး
ဇာတ်ပိုးတော့ ထပြီလေ။
မကတတ် ကတတ်
ငါ့ဇာတ် ငါခင်း
ငါမင်း ငါဘုရင်ပေါ့
ထင်ချင်ရာ ထင်ပါဘိ
မင်း မကြည့်ချင်နေ။
စင်ပေါ်မှာ ကျွမ်းထိုးလို့
စင်ကျိုးပြီး သေပေစေ
နေသာသပ လေညာက။
စည်းမမှန် ဝါးမမှန်
ကကြိုးတွေ မဟန်လို့
တပ်လန်ကာ
ကြည့်သူ ပြောပြန်တော့
ရုံကြေးတွေ အကုန်ရ
ဒါမှ ငါပ ။ ။ (မောင်သော်က) ထောင်တွင်းရေးကဗျာ
ကဗျာမှာတောင် ဟာသပါသလိုလို၊ သရော်သလိုလိုပါ။ မောင်သော်က ကဗျာက ငါလုပ်ချင်ရာ ငါလုပ်မယ် ဆိုတဲ့ မင်းအောင်လှိုင်ကို စောင်းချိတ် ရေးထားသလိုပါပဲ။ ဒီကဗျာကို ကျနော့်ဆောင်းပါးမှာ ဖော်ပြတဲ့အချိန်ကတော့ မင်းအောင်လှိုင် သမ္မတသစ် စလုပ်ချိန်နဲ့တော့ တိုက်ဆိုင်နေပေမဲ့ ဒီကဗျာကို ရေးခဲ့တဲ့အချိန်က နှစ်ပေါင်းများစွာရှိခဲ့ပါပြီ။ တိုက်ဆိုင်လိုက်တာနော်။
မောင်သော်ကဟာ ကဗျာတွေ ရေးသလို ကမ္ဘာ့ကဗျာဆရာကြီးတွေရဲ့ ကဗျာစာအုပ်တွေကိုလည်း ဘာသာပြန်ပါတယ်။ “အင်္ဂလိပ် စာရေးဆရာတွေ ဖြစ်ကြတဲ့ ရှိတ်စပီးယား၊ ဂျွန်ဒန်းနဲ့ ရှယ်လီတို့ရဲ့ ကဗျာတွေကိုလည်း မြန်မာပြန်ခဲ့တယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာထဲ သင်္ဘောပျက်ပြီး ကျွန်းတကျွန်းမှာ သောင်တင်နေတဲ့ စကော့တလန် သင်္ဘောသားတယောက်အကြောင်း စပ်ဆိုထားတဲ့ “အလက်ဇန်းဒါး ဆဲလ်ကဒ်က်ရဲ့ အထီးကျန်နေ့ရက်များ လင်္ကာတွေကိုလည်း မြန်မာပြန်ခဲ့တယ်။” လို့ ဆောင်းပါးရှင် ဘာတေးလင့်တနာရဲ့ ဆောင်းပါးတပုဒ်မှာ ရေးသားထားတာ တွေ့ရပါတယ်။
ဘုန်းမော်ကျဆုံးတနှစ်ပြည့်ကဗျာ
“ငါ့တွင်ဒဏ်ရာ၊ ရခဲ့ပါ၏
သို့ငြားသော်လည်း ငါမသေ။
ငါ့ဒဏ်ရာလျှင်၊ သွေးစိမ်းရှင်ထွက်
တသက်မသေ၊ ငါမကျေ။
လဲလျောင်းခဏ၊ မနက်ဖြန်ထလို့
ငါတို့တိုက်ပွဲ ဆက်ဆင်နွှဲ။ ။”
မောင်သော်က
၈၈၈၈ မှာ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်သူ
၈၈ ကျောင်းသား လှုပ်ရှားမှုတွင်း သေသွားတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ဝမ်းနည်းနေတဲ့ စာရေးဆရာ မောင်သော်ကဟာ စာပေသမားတွေ အနေနဲ့ ၈၈ အရေးမှာ နှုတ်ဆိတ်နေကြတော့မည်လား ဆိုပြီး မေးခဲ့ဖူးပါတယ်။ သူ့ရဲ့လှုံ့ဆော်မှုကြောင့်ပဲ မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံသမိုင်းမှာ အရေးပါတဲ့ စာပေနဲ့ အနုပညာရှင်တွေရဲ့ “သဘောထားကြေညာချက်” ထွက်ပေါ်လာခဲ့တာလို့ ဦးလှဝင်း(လေသူရဲတဦး)က သူ့ရဲ့ “ရေစုန်နဲ့ ရေဆန်” စာအုပ်မှာ ရေးခဲ့ပါတယ်။ နောက်အကျိုးဆက် “စာနယ်ဇင်းသမဂ္ဂ” ပေါ်ပေါက်လာပါတယ်။ ၁၉၈၈ ခု ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ စာနယ်ဇင်းသမဂ္ဂမှာ မောင်သော်က ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပါတယ်။ ဆက်တိုက်ပဲ ၈၈ မှာ မြန်မာ့နိုင်ငံရေးကို ဦးဆောင် နိုင်ငံခေါင်းဆောင်ကို ရှာဖွေထုတ်ဖော်ခဲ့ကြပါတယ်။ မြန်မာ့နိုင်ငံရေးစင်မြင့်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာဖို့ မောင်သော်က၊ ဦးဝင်းတင်၊ ဘကြီးမိုးတို့ ၂ ကြိမ်တိုင်တိုင် သွားရောက် ပြောဆိုပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခဲ့ကြောင်း ဘာတေးလင့်တနာ ဆောင်းပါးတပုဒ်မှာ ရေးသားထားခဲ့ပါတယ်။
မောင်သော်က ရာပြည့် ၂ နှစ်အလို
၂၀၂၆ ဧပြီ ၆ ရက်ဟာ မောင်သော်က ၉၈ နှစ်ပြည့်ပေါ့။ စာပေကျေးဇူး၊ ပညာကျေးဇူး၊ တော်လှန်ရေးအတွက် အသက်စွန့်သွားခဲ့တဲ့ ဆရာ မောင်သော်ကရဲ့ ကျေးဇူးတွေဟာ ကျနော်တို့ မျိုးဆက်တွေအပေါ်နဲ့ နောင်မျိုးဆက်သစ်တွေအပေါ် တင်ကျန်နေခဲ့ကြရပါပြီ။ ကျနော်ရေးဖွဲ့ခဲ့တဲ့ မောင်သော်က သတိတရစာဟာ သူ့ရဲ့ တော်လှန်ဂုဏ်ပုဒ်၊ စွမ်းဆောင်ချက်၊ ခံယူချက်၊ တော်လှန်သစ္စာတွေအကြောင်းရဲ့ အနည်ငယ်ကလေးမျှကိုသာ ဖော်ထုတ်နိုင်ခဲ့တာပါ။ သူ့ရဲ့ တော်လှန်ဂုဏ်ပုဒ်၊ စွမ်းဆောင်ချက်၊ ခံယူချက်၊ တော်လှန်သစ္စာ သတ္တိတွေဟာ ကျနော် ရေးဖွဲ့ခဲ့တာရဲ့ အဆ ထောင်သောင်း ကြီးမားနေကြောင်းပါ။ ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar