ကမ္ဘာ့ရေနံ သဘာဝဓာတ်ငွေ့ ရှားပါးမှုနဲ့ မြန်မာနိုင်ငံ
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၂ မြင်ကွင်း
(မိုးမခ) ဧပြီ ၃ ၊ ၂၀၂၆
ကမ္ဘာ့ရေနံ သဘာဝဓာတ်ငွေ့ ရှားပါးမှုနဲ့ မြန်မာနိုင်ငံ
ပထဝီသဘာသာရပ်အရ ခေါ်ဝေါ်မယ် ဆိုရင် အနောက်အာရှ၊ အနောက်ဥရောပနဲ့ အမေရိကတိုက်တို့က အရှေ့အလယ်ပိုင်းလို့ ခေါ်ဝေါ်တဲ့ ပင်လယ်ကွေ့နိုင်ငံထဲက တနိုင်ငံဖြစ်တဲ့ အီရန်ကို အစ္စရေးလ်နဲ့ အမေရိကန်တို့က စတင်တိုက်ခိုက်ခဲ့ပြီး တလကျော်လာချိန်မှာ ကမ္ဘာ့ရေနံဈေးနဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ ဈေးနှုန်းမြင့်မားလာနေပြီး တန်းစီဝယ်ယူနေကြရတဲ့ အဖြစ်အပျက်တွေ နိုင်ငံအတော်များများမှာ ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။
ရေနံနဲ့ ရေနံထွက်ပစ္စည်း သဘာဝဓာတ်ငွေ့က ထုတ်လုပ်တဲ့ ပလတ်စတစ်၊ ဓာတ်မြေသြဇာ(မြေဆီ)၊ လောင်စာဆီ ဓာတုစက်မှုကုန်ကြမ်း စတဲ့ ကုန်ပစ္စည်းတွေရဲ့ တင်ပို့မှု အများစုက အီရန်နိုင်ငံနဲ့ အိုမန်နိုင်ငံ မျက်နှာချင်းဆိုင်ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး ကမ္ဘာ့နိုင်ငံတွေကို တင်ပို့ကြတာ ဖြစ်ပါတယ်။ အခုလို ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် အဓိက ထိခိုက်ခံစားနေရတဲ့နိုင်ငံတွေက အရှေ့အာရှနိုင်ငံတွေ ဖြစ်ပါတယ်။ အနောက်အာရှ ပင်လယ်ကွေ့ဒေသက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို အဓိကမှီခိုနေရတဲ့နိုင်ငံတွေက တရုတ်၊ ဂျပန်၊ ကိုးရီးယားလို ချမ်းသာတဲ့နိုင်ငံတွေအပြင် အာဆီယံ နိုင်ငံအများစု၊ တောင်အာရှနိုင်ငံတွေ ဖြစ်ကြပါတယ်။
အရှေ့အာရှက ချမ်းသာတဲ့နိုင်ငံတွေ အနေနဲ့ အရံသိုလှောင်ထားတာတွေကို အတိုင်းအတာတခုထိ အသုံးပြုနိုင်ကြပေမဲ့ အရှေ့တောင်အာရှက ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးစနိုင်ငံတွေနဲ့ တောင်အာရှနိုင်ငံအချို့အဖို့တော့ ပြည်တွင်းစီးပွားရေးကို ကြီးကြီးမားမား သက်ရောက်မှုဖြစ်စေတဲ့အထိ ထိခိုက်ခံစားနေကြရတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးလ်တို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့ရာက ဖြစ်ပွားလာတဲ့ စစ်ပွဲက ဘယ်လောက်ထိ ကြာရှည်ဦးမယ်ဆိုတာ မသိနိုင်သေးပါဘူး။ သို့ပေမဲ့ ၁ လကျော်လာတဲ့ အနေအထားမှာ မြန်မာနိုင်ငံအဖို့တော့ လောင်စာဆီ ပြတ်လပ်မှု၊ ဈေးနှုန်းကြီးမြင့်မှုတွေက လူတွေရဲ့ နေ့စဥ် လူမှုစီးပွားဘဝတွေကို သက်ရောက်မှုကြီးမားစွာ ရှိနေတာ ဖြစ်ပါတယ်။
လောင်စာဆီ တန်းစီရတဲ့ အချိန်တွေ၊ ဒုက္ခတွေ၊ လောင်စာဆီ တန်းစီရင်း ပူပြင်းတဲ့ နွေရာသီဒဏ်နဲ့ မူးလဲတာ၊ အသက်ဆုံးရှုံးတဲ့အထိ ရှိနေတာတွေက နေ့စဥ်လိုလို နိုင်ငံရဲ့ ဟိုနားသည်နားမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရေနံသဘာဝဓာတ်ငွေ့ထွက်ပစ္စည်း ပြတ်လပ်မှုက စိုက်ပျိုးရေးကဏ္ဍကိုလည်း ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေပြီး နောက်ထပ် ဘယ်လောက်ကြာရှည်ဦးမလဲ ဘယ်လောက်ထိ ဆိုးရွားလာဦးမလဲ ဆိုတာ ဘယ်သူမှ မမှန်းဆနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
မြန်မာစီးပွားရေးရဲ့ အဓိက ကဏ္ဍဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ပြည်တွင်းစစ်ကြောင့် မစိုက်ပျိုး၊ မရိတ်သိမ်းနိုင်တဲ့ ဒေသတွေ မကြာခဏ သတင်းတွေမှာ တွေ့ကြရသလို လတ်တလောမှာတော့ စိုက်ပျိုးရရှိတဲ့ စပါးရိတ်သိမ်းဖို့ စက်သုံးဆီ ရှာရခက်ခဲတာ၊ ဈေးနှုန်းမြင့်မားတာတွေက တောင်သူလယ်သမားတွေအဖို့ အရှုံးတွေနဲ့ ရင်ဆိုင်နေကြရပြန်တာ ဖြစ်ပါတယ်။ ဒီအခြေအနေက နောက်စိုက်ပျိုးမဲ့ အခြေအနေကိုလည်း ထိခိုက်စေဦးမဲ့ အလားအလာလည်း ရှိနေပြန်ပါတယ်။
စိုက်ပျိုးရိတ်သိမ်းလို့ရတဲ့ စပါးအိတ်တွေကို စိတ်ဆိုးမာန်ဆိုးနဲ့ ကန်ကျောက်နေတဲ့ လယ်သမားတဦးရဲ့ ဗီဒီယိုကလစ် အတိုတခု ယခင်သီတင်းပတ်က ဆိုရှယ်မီဒီယာ သုံးသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ စိုက်ပျိုးရင်း ရှုံးနေတာကြောင့် ကြံရာမရဖြစ်နေတဲ့ လယ်သမားရဲ့ ခံစားချက်က ဒီနေ့ခေတ်ကာလ လယ်သမားတွေ ကြုံတွေ့နေရတဲ့ အခြေအနေကို ထင်ဟပ်ဖော်ပြနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကာလကလည်း မြန်မာနိုင်ငံ မြေလတ်နဲ့ အညာဒေသမှာ မြစ်ကမ်းနဘေးက နုံးတင်မြေနုတွေမှာ စိုက်ပျိုးကြတဲ့ ကြက်သွန်နီတောင်သူတွေ အရှုံးပေါ်ကြလို့ နောက်ရာသီ မစိုက်တော့ဘဲ ပစ်ထားမယ့်အကြောင်း ပို့စ်တွေ မြင်တွေ့ခဲ့ကြရပါသေးတယ်။ ပြည်တွင်းစစ် ဖြစ်ပွားနေတာရဲ့ အကျိုးဆက်အနေနဲ့ သယ်ယူ ရောင်းချရာလမ်းခရီးမှာ အခွန်အကောက်၊ လုံခြုံရေး မကောင်းတာ၊ နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ဆို့ခံနေကြရတဲ့ အခြေအနေတွေက ကြက်သွန်နီစိုက်တဲ့ တောင်သူတွေအဖို့ အမြတ်မရဘဲ အရှုံးနဲ့ ဆက်တိုက်ရင်ဆိုင်ရစေတဲ့ သဘောလည်း ဖြစ်ပါတယ်။
လာမဲ့ စိုက်ပျိုးရေးရာသီတွေမှာ စပါးနဲ့ အခြားအဓိက သီးနှံစိုက်ပျိုးမှုတွေ ဘယ်လောက် လျော့ကျ သွားမလဲ ဆိုတာ မမှန်းဆနိုင်သေးတဲ့ အခြေအနေ ဖြစ်ပြီး စစ်ပွဲတွေနဲ့ ထိခိုက်မှုရှိနေပြီးသား မြန်မာ့စိုက်ပျိုးရေးကဏ္ဍအဖို့ နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်နိုင်ပါတယ်။ ကုလသမဂ္ဂ ရိက္ခာအစီအစဥ် အဖွဲ့လိုမျိုးက ခန့်မှန်းချက်တွေ သတိပေးမှုတွေ ထုတ်ပြန်ထားတာလည်း တွေ့ရပါတယ်။ သို့ပေမဲ့ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အာဏာသိမ်းထားတဲ့ စစ်အစိုးရတို့က စစ်ရေးအရ အသာစီးရရေးကို ပထမဦးစားပေးနေကြတာ ဖြစ်လို့ အခုလို စီးပွားရေးနဲ့ ရိက္ခာဖူလုံရေးတွေကို ဦးစားပေး စဥ်းစားခြင်း မရှိကြပါဘူး။
မြန်မာပြည်သူတွေ အနေနဲ့ အခုလိုရေနံနဲ့ သဘာဝဓာတ်ငွေ့ ပြတ်လပ်မှု အကျပ်အတည်း မကြုံခင်ကတည်းက မြန်မာပြည်သူလူထု အနေနဲ့ မတန်တဆ ကုန်စျေးနှုန်းတွေနဲ့ ကြုံနေကြရပြီးဖြစ်ပါတယ်။ ရိက္ခာ၊ လောင်စာနဲ့ လူသုံးကုန် သယ်ယူခွင့် ပိတ်ဆို့ခံထားရတဲ့ ရခိုင်ပြည်နယ်လို ဒေသမှာ မတန်တဆ ကုန်ဈေးနှုန်းတွေက ဒေသခံတွေကို အဆိုးဆုံး ဆင်းရဲမှုတွေဆီ ကျရောက်စေခဲ့တာ ဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းအနေနဲ့ တသက်တာမှာ တကြိမ်မျှ မကြုံဖူးတဲ့ ကျပ်တည်းဆင်းရဲမှုတွေနဲ့ ကြုံတွေ့နေကြရတာပါ။
စစ်ပွဲတွေရဲ့ ဒဏ်၊ စစ်ပွဲတွေအတွက် လိုအပ်တဲ့ အသုံးစရိတ်တွေအတွက် ကောက်ခံကြတဲ့ အခွန်အကောက်တွေ၊ တဖက် ရန်သူနယ်မြေကို ရိက္ခာ၊ လောင်စာမရောက်အောင် တားမြစ်ပိတ်ဆို့ကြတဲ့ ကန့်သတ်လုပ်ဆောင်မှုတွေအပေါ် ကမ္ဘာ့လုံးဆိုင်ရာ ရေနံ သဘာဝဓာတ်ငွေ့ အကျပ်အတည်းက ထပ်ဆင့်ပြီး သက်ရောက်မဲ့ အခြေအနေကနေ အသက်ရှင်သန်ဖို့ ဘယ်လိုရုန်းကန်ကြရမလဲဆိုတာ လောလောဆယ်မှာ မျှော်လင့်ချက် မမြင်နိုင်သေးတဲ့ ကမ်းမမြင် လမ်းမမြင် အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar