Breaking News

၃၈ ကြိမ်မြောက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အလှူနဲ့ ဂုဏ်ပြုပွဲ ကျင်းပ



၃၈ ကြိမ်မြောက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အလှူနဲ့ ဂုဏ်ပြုပွဲ ကျင်းပ

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၁၃၊ ၂၀၁၉
မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ဖမ်းဆီးထိမ်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၄င်းတို့၏မိသားစုများ၊ အခြားကူညီလိုအပ်နေသည့် ဘဝတူစာနယ်ဇင်းသမား မိသားစုများအား ကူညီထောက်ပံ့ရန်ရည်ရွယ်ပြီးဖွဲ့စည်းထူထောင်သည့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၏ (၃၈)ကြိမ်မြောက်ထောက်ပံ့ငွေပေးအပ်ပွဲကို ၁၂.၉.၂၀၁၉ခုနှစ် ရွှေဂုံတိုင် တော်ဝင်နှင်းဆီ( ငြိမ်းချမ်းရေးခမ်းမ)တွင်ကျင်းပပြုလုပ်ခဲ့သည်။

လက်ရှိနိုင်ငံရေးအကျဉ်းသား(၁)ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်း(၇)ဦးနှင့် ဘဝတူစာနယ်ဇင်သမား(၁)ဦးနှင့် NLD လူငယ်ဘုံရိပ်သာတို့အတွက် စုစုပေါင်း(၂၁)သိန်းကျပ်ကို (၃၈)ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။ လက်ရှိနိုင်ငံရေးအကျဉ်းသား ဦးမင်းထင်ကိုကိုကြီး(အင်းစိန်ထောင်) ၂သိန်း၊ နိုင်ငံရေးအကျဉ်သားဟောင်းနှင့် ဘဝတူစာနယ်ဇင်းသမားများဖြစ်သည့် ဦးဃောတိသ (၄၃)နှစ်(ကွမ်းခြံကုန်း)၂သိန်း၊ ဦးလှဖေ ( ၉၄)နှစ်(တာမွေ) ၂သိန်း၊ ဦးခင်မောင် (၇၄)နှစ် (မန္တလေး) ၂သိန်း၊ ဦးဌေးမြင့် (ခ) သင်းအောင်ပန် (၆၉) နှစ် (မင်္ဂလာတောင်ညွှန့်) ၂ သိန်း၊ ဦးအောင်ကျော် (၆၇) နှစ် (မ/ဒဂုံ) ၂သိန်း၊ ဦးအေးမင်း (၆၃) နှစ် (မန္တလေး) ၂သိန်း၊ ဦးမောင်မောင်လွင် (၆၀) နှစ်(မန္တလေး) ၂သိန်း၊ ဒေါ်ခင်မာအေး (၄၆)နှစ် (သဲကုန်း) ၂ သိန်း နှင့် NLD လူငယ်ဘုံရိပ်သာ ရန်ကုန် အတွက် (၃)သိန်းတို့ဖြစ်သည်။


ဟံသာဝတီဖောင်ဒေးရှင်းမှ ၁၂.၃.၂၀၁၂ခုနှစ်တွင်ပထမအကြိမ်ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်ခဲ့ပြီး ၂လတစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ရာ ယခုအခါ ၃လတစ်ကြိမ်ပြုလုပ်ရာ ၁၂.၆.၂၀၁၉ခုနှစ်တွင်ကျင်းပပြုလုပ်ခဲ့သည့် (၃၇)မြောက်တွင် ထောက်ပံ့ငွေပေး အပ်ပွဲအထိ စုစုပေါင်း အကြိမ် (၃၇) တွင် ဖမ်းဆီးသတ်ဖြတ်ခံ နိုင်ငံရေးအကျဉ်းသား(၁)ဦး လက်ရှိနိုင်ငံရေး အကျဉ်းသား(၁၆၉) ဦး နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘဝတူစာနယ်ဇင်းသမား(၇၀၃)ဦး၊ စုစုပေါင်း (၈၇၃)ဦး တို့အား ထောက်ပံ့ငွေစုစုပေါင်း(၂၀၈၇) သိန်းထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ဖြစ်ရာ ယနေ့ ၁၂.၉.၂၀၁၉ နေ့တွင် (၃၈)ကြိမ်မြောက်အဖြစ်ပေးအပ်သည့် လက်ရှိအကျဉ်းကျဆဲ နိုင်ငံရေးအကျဉ်းသား(၁)ဦး၊ နိုင်ငံရေးအကျဉ်းသား ဟောင်းနှင့် ဘဝတူစာနယ် ဇင်းသမား(၉)ဦးတို့အတွက် ထောက်ပံ့ငွေ(၂၁)သိန်း၊ ယခုအထိ ဖမ်းဆီးသတ်ဖြတ်ခံ နိုင်ငံရေးအကျဉ်းသား (၁)ဦး၊ လက်ရှိနိုင်ငံရေးအကျဉ်းသား(၁၇၀)ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘဝတူစာ နယ်ဇင်းသမား (၇၁၂)ဦး၊ စုစုပေါင်း(၈၈၃)ဦးတို့အတွက် ထောက်ပံ့ငွေ(၂၁၀၈)သိန်း တို့အားထောက်ပံ့ပေးအပ်ခဲ့ သည်။


“ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ဆရာဦးဝင်းတင်ရှိစဉ်က အရမ်းကိုအဆင်ပြေပါတယ်၊ ဆရာဦးဝင်းတင်ကွယ်လွန်ပြီတဲ့နောက် ဖောင်ဒေးရှင်းမှာ လုပ်တဲ့သူတွေရဲ့အခြေအနေမဟုတ်ပဲနဲ့ ဖောင်ဒေးရှင်းကိုမတည်နိုင်မယ့်ဟာတွေက တဖြည်းဖြည်းလျော့နည်းလာတာတွေရှိတယ်၊ အဲဒီအတွက်ဖြည့်ဆီးနိ်ုင်အောင် ပထမဆုံးစဉ်းစားတာကတော့ အလှူခံဖို့ဆိုတဲ့နေရာမှာ နှစ်မျိုးရှိပါတယ်၊ ပထမအလှူခံဖို့က လက်ရှိ ကျနော်တို့ ပြည်နယ်နှင့်တိုင်းတွေမှာ တာဝန်ယူနေကြတဲ့ ဝန်ကြီးချုပ်အပါအဝင် လွှတ်တော်ဥက္ကဌတွေ၊ သဘာပတိတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ သူတို့တွေဆီအကူအညီတောင်းဖို့ အလှူခံဖို့ဖြစ်ပြီး ဒုတိယအလှူခံမှာက သံဃာတော်တွေ ဆရာတော်ကြီးတွေဆီကလည်း မေတာရပ်ခံဖို့ စဉ်စားနေကြပါတယ်၊ အချို့လည်းကူညီနေကြပါတယ်၊ အထူးသဖြင့် ဆရာဦးဝင်းတင်ကိုလေးစားပြီးကူညီတဲ့သူတွေလည်းရှိပါတယ်၊ နိ်ုင်ငံတကာမှာရောက်နေတဲ့ ဒီမိုကရေစီအဖွဲ့အဝင်တွေလည်း ကူညီကြပါတယ်၊ လုပ်ငန်းပေါင်းစုံက စီးပွားရေးပညာရှင်တွေလည်း ကူညီကြပါတယ်၊ ဒီထက်ပိုပြီးဖြစ်တာက ပြီးခဲ့တဲ့လ ကပဲ “နိုင်ငံကြီးသား” ရုပ်ရှင်ကားက ဆရာဦးဝင်းတင်ရဲ့ သြဝါဒလေးကို အဓိကထားပြီးရိုက်ဖြစ်တယ်၊ အဲဒီကားရဲ့ ပထမနေ့ပထမပွဲမှာရတဲ့ ဝင်ငွေရဲ့တစ်ဝက်လှူပါမယ်လို့ကတိပေးခဲ့တဲ့အတိုင်း သိန်းတစ်ရာလှူပါတယ်၊ ဆရာဦးဝင်းတင်ဖောင်ဒေးရှင်းမှာ ရန်ပုံငွေတွေပြန်ပြည့်လာ ဖြည့်လာတာဟာ ဦးဝင်းတင်ဖောင်ဒေးရှင်းကိုလုပ်ကိုင်ကြတဲ့ ရဲဘောတွေ မိတ်ဆွေတွေအားလုံးရဲ့ ကြိုးစားမှုပါပဲ၊ ဆရာဦးဝင်းတင်ကိုလေးစားကြတဲ့ ယုံကြည်ကြတဲ့မိဆွေများရဲ့ လေးစားမှုရဲ့ တုန့်ပြန်မှုပဲဖြစ်ပါတယ်၊ ကျနော်တို့ကတော့ ဆရာဦးဝင်းတင်ရဲ့ မူအတိုင်းပဲ ဆက်လက်ပြီး ရပ်တည်ပြီးတော့လုပ်ကိုင်နေဆဲဖြစ်ပါတယ်၊ ကျနော်တို့ ဒီဖောင်ဒေးရှင်းကို နောက်လဲဆက်လက်ပြီးတော့ လက်ဆင့်ကမ်းပြီးလုပ်ကြဖို့ အောင်မြင်လိမ့်မယ်လို့လဲယုံကြည်ပါတယ်” မုံရွာအောင်ရှင်ကပြောသည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၄င်းတို့၏မိသားစုများ၊ ဘဝတူစာနယ်ဇင်းသမားများအတွက်လည်း ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းစေတနာဆေးခန်းကို ရန်ကုန် ပုဇွန်တောင် မြို့နယ် အမှတ်(၁၁၉)၊ လမ်း(၅၀)တွင် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆောင်ရွက်ပေး လျှက်ရှိသည်။ 

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းသို့ အလှူငွေထည့်ဝင်လိုသူများအနေဖြင့် Hot Line ဖုန်းနံပါတ်- ဝ၉၄၅၀ဝ၄၅၀ဝ၀၊ ဖုန်း-ဝ၁ ၂၀ဝ ၂၇၆ ၊ ဖုန်း-ဝ၉ ၅၀၂၆၄၅၀၊ ဖုန်း-ဝ၉ ၂၅၃၄၃၆၈၀၈၊ ဖုန်း-ဝ၉ ၅၅၅၁၅၆၊ ဖုန်း-ဝ၁၅၅၉၉၉၃၊ ဖုန်း- ဝ၉ ၂၂၅၀၅၀၃၆၈၇ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

၄င်းအခမ်းအနားတွင် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းအတွက်အလှူငွေထည့်ဝင်ခဲ့သူများကို ဂုဏ်ပြုလွှာမှတ်တမ်းများပေးအပ်ခဲ့ပြီး ဖောင်ဒေးရှင်းနာယကများ၊ ဖောင်ဒေးရှင်းအလုပ်အမှုဆောင်များ၊ အလှူရှင်များနှင့် ထောက်ပံ့ငွေရရှိသူ အကျဉ်းသားဟောင်းများကလည်း ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဟန်သစ်နိုင်