Breaking News

ငြိမ်းစုစီဖြင့် တရားစွဲခံရသော နော်အုန်းလှက အာမခံမယူသဖြင့် အင်းစိန်ထောင်ပို့

ငြိမ်းစုစီဖြင့် တရားစွဲခံရသော နော်အုန်းလှက အာမခံမယူသဖြင့် အင်းစိန်ထောင်ပို့

ဖြိုးသီဟချို (MYANMAR NOW)
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၉

“ကရင့် အာဇာနည်နေ့” ဆိုသည့် အသုံးအနှုန်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခံထားရသည့် ၃ ဦးအနက် ဖမ်းဆီးခံထားရသူ နော်အုန်းလှမှာ အာမခံရယူခြင်းမရှိသဖြင့် အင်းစိန်အကျဉ်းထောင်သို့ ယနေ့ ခေါ်ဆောင်သွားပြီဖြစ်သည်။

ကရင်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဋ္ဌ နော်အုန်းလှကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က မနေ့ညက ဖမ်းဆီးခဲ့ပြီးနောက် ယနေ့မနက်တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

“ဝရမ်းနဲ့မို့လို့ ကျွန်မကို အာမခံမပေးဘူးပြောတယ်။ ခုမှ တရားသူကြီးက အာမခံပေးမယ်ပြောတယ်။ မနေ့ညကတည်းက သူ(အာမခံ) ပေးရမှာလေ။ မပေးဘူးလေ။ မပေးတဲ့အတွက် အခု ကျွန်မ (အာမခံ) ယူစရာ အကြောင်းမရှိဘူး” ဟု နော်အုန်းလှက ပြောသည်။

ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုရာတွင်လည်း ရဲတပ်ဖွဲ့ကစာဖြင့် အကြောင်းကြားခြင်းမရှိဘဲ ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ကြောင်း၊ ယမန်နေ့ညပိုင်းက လာရောက်ဖမ်းဆီးချိန်တွင်လည်း ဝရမ်း မပါဘဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ငြိမ်းစုစီ ပုဒ်မ ၂၀ မှာ အာမခံရနိုင်သည့် ပုဒ်မဖြစ်သော်လည်း အာမခံမယူရခြင်းမှာ အာဏာပိုင်အဖွဲ့အစည်း၏ လုပ်ထုံး၊လုပ်နည်းကို ကန့်ကွက်လို၍ ဖြစ်သည်ဟု နော်အုန်းလှက တရားခွင်မှ အထွက်တွင် Myanmar Now ကို ပြောဆိုသည်။

ကျောက်တံတားမြို့နယ် ရဲမှူး ဦးမျိုးသန့်က နော်အုန်းလှ၊ စောအဲလိဇဘတ်ချို နှင့် စသိန်းဇော်မြင့်တို့ ၃ ဦးကို ကျောက်တံတားတရားရုံးသို့ တရားခံပြေးအဖြစ် တင်သွင်းထားပြီး တရားရုံးက ဖမ်းဝရမ်း ထုတ်ထားကြောင်း သို့သော်လည်း အာမခံပေးနိုင်သည့် ပုဒ်မသာဖြစ်ကြောင်း ပြောသည်။

“သူတို့လာရင်တော့ တစ်ခါတည်းပြီးသွားတာပေါ့။ သုံးယောက်လုံး အာမခံပေးမှာပေါ့။ နော်အုန်းလှကို လည်းပေးပါတယ်။ သူက မယူဘဲနဲ့ အချုပ်ထဲသွားတာ” ဟု ၎င်းက ပြောသည်။

ဩဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ၆၉ ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားကို ဦးဆောင်ကျင်းပသူများဖြစ်သည့် နော်အုန်းလှ၊ စောအဲလိဇဘတ်ချိုနှင့် စသိန်းဇော်မြင့်တို့ကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် ကျောက်တံတားမြို့နယ် စခန်းမှူးက ဩဂုတ်လ ၁၅ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ကျောက်တံတားမြို့နယ်ရဲမှူး ဦးမျိုးသန့်က ကရင့်အာဇာနည်နေ့ဆိုသည့် အသုံးအနှုန်းကို မသုံးရန် သတိပေးခဲ့သော်လည်း သုံးစွဲခဲ့၍ ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုရခြင်းဖြစ်သည်ဟု သြဂုတ်လတွင် Mynamar Now ကို ဖြေကြားခဲ့သည်။
ကရင့်အာဇာနည်နေ့ ကျင်းပခဲ့သည့် နော်အုန်းလှ အပါအဝင် ၃ ဦးကို အမှုဖွင့်

“ကရင့်အာဇာနည်နေ့” ဆိုသည့် အသုံးအနှုန်းကို သုံးစွဲခဲ့သည့်မှာ ၆၉ နှစ်တိုင်နေပြီဖြစ်ပြီး သူစတင်ခဲ့သည့် အသုံးအနှုန်း မဟုတ်သည့်အတွက် ပြောင်းလဲပေးရန် မဖြစ်နိုင်ကြောင်း ထိုအသုံးအနှုန်းကို ပြောင်းလဲပေးရန် အကြောင်းပြချက် တောင်းသည့်အခါတွင်လည်း ကျောက်တံတားရဲတပ်ဖွဲ့က မပေးနိုင်သည့်အတွက်ကြောင့် “ကရင့်အာဇာနည်နေ့” ဟုပင် သုံးစွဲခဲ့ကြောင်း နော်အုန်းလှက ပြန်လည်တုံ့ပြန်ထားသည်။

အဆိုပါအမှုကို ကျောက်တံတားမြို့နယ်တရားရုံး၌ နောက်တစ်ပတ် အင်္ဂါနေ့ (စက်တင်ဘာလ ၁၇)တွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ၁၉၅၀ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ကို “ကရင့် အာဇာနည်နေ့” အဖြစ် သတ်မှတ်ကျင်းပခဲ့သည်မှာ ၆၉ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါနေ့တွင် ကရင်အမျိုးသားတစ်ဦးက သတင်းပေးသည့်အတွက် ၎င်းရှိနေသည့်နေရာကို မြန်မာတပ်မတော်က ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်သဖြင့် စောဘဦးကြီး ကျဆုံးခဲ့ကြောင်း KNU ဌာနချုပ်၏ ဝက်ဘ်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။

အာဏာပိုင်များဘက်က အာဇာနည်နေ့ ဆိုသည့် အသုံးအနှုန်း သုံးစွဲခြင်းကို ကန့်ကွက်ခဲ့ကြပြီး ကရင်နိုင်ငံရေးသမားများကတော့ ထိုအသုံးအနှုန်းတိုင်းသာ အစဉ်တစိုက် သုံးစွဲခဲ့ကြသည်။

စောဘဦးကြီးမှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်ခင်ကာလနှင့် လွတ်လပ်ရေးရပြီးကာလ တစ်လျောက်လုံး ကရင်တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် အစဉ်တစိုက် တောင်းဆိုခဲ့သူဖြစ်သည်။