Breaking News

ဖိုးသံ(လူထု) - စာမရေးဘဲမနေနိုင်လို့ပါ

Than Htay Maung


ဖိုးသံ(လူထု) - စာမရေးဘဲမနေနိုင်လို့ပါ

(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၉

ဒီနောက်ပိုင်းများမှာ ကျွန်တော့်ရဲ့ရင်းနှီးသူတွေနဲ့ ပတ်သက်ရာပတ် သက်ကြောင်းတွေက ကျွန် တော်စာရေးတာပါးသွားတယ်၊ ဘာလို့မရေးတာလဲလို့မေးကြပါတယ်။ ကျွန်တော်ကရေရာတဲ့အဖြေမပေး ခဲ့ဘူးလို့ပဲ မှတ် မိနေပါတယ်။
မှန်ပါတယ်။ ကျွန်တော်စာရေးတာအရင်ကထက်နည်းသွားပါတယ်။ ဒီအတွက်ကိုယ့်ကိုယ်ကိုလည်း အားမရ၊ မကျေနပ်ပါဘူး။ ကိုယ့်ကိုယ်ကို  ဘာဖြစ်နေတာလဲ လို့လည်း မကြာခဏမေးတတ်ပါတယ်။ တချိန်တည်းမှာအမေပြောလေ့ရှိတဲ့ စာဆိုတာမပြတ်ရေးနေမှ၊ မှန်မှန်ရေးနေမှ၊ နို့မို့ရင်ကလောင်ဆိုတာ တုံးသွားတတ်တယ်ဆိုတဲ့ စကားမျိုးတွေကိုလည်း ပြန်-ပြန်စဉ်းစားမိပါတယ်။ နောက်ပြီး အမေက အသက် ၉၀ကျော်အထိ စာရေးသွား တယ်ဆိုတာကလည်း ကျွန်တော့်ကို တမျိုး ခြောက်လှန့်နေပါတယ်။
တကယ်ရောစာရေးတာနည်းသွားပါသလား။ နည်းသွားပါတယ်။ ဘာကြောင့်လဲ။ ပျင်းတာလည်း ပါပါတယ်။ ဒါပေမဲ့အဓိကက ရေးစရာ အကြောင်းအရာနည်းပါးတာပါ။ လူတယောက်စာရေးတယ်ဆိုတာ က
သန်ရာ-သန်ရာ မဟုတ်လား။ ကျွန်တော်ကကိုယ့်ဘဝ၊ ကိုယ့်ဖြတ်သန်းမှုအတွေ့အကြုံတွေကို ရေး ရတာပိုသန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အဓိကအားဖြင့် လျှို့ဝှက်ရတဲ့လုပ်ငန်းတွေကိုလုပ်ခဲ့တာပါ။ တောထဲမရောက်ခင်ရော၊ ရောက်ပြီးနောက်မှာရော ပြောပြရင်သူများတွေစိတ်ဝင်စားမယ့်  အကြောင်း အရာတွေ မနည်းပါဘူး။ ဒါပေမဲ့ ရေးလိုက်ရင် သူများတွေကို ထိခိုက်စရာတွေရှိလို့ မရေးဘဲနေရပါတယ်။ ကိုယ့်ကိုကျေးဇူးပြုခဲ့တဲ့လူတွေကိုတောင် နာမည်ဖော်ပြီးကျေးဇူးတင်ကြောင်းမပြောနိုင်တာမျိုးတွေလည်း မနည်းပါဘူး။ နောက်ပိုင်းကျတော့ အမိနိုင်ငံမှာနေရတာ မဟုတ်လေတော့ ဒီမှာဖြတ်သန်းကြုံတွေ့ ရတာတွေကို စာဖွဲ့ချင်စိတ် သိပ်မရှိဘူးလိုလည်းဖြစ်နေပါတယ်။ 

အရင် အခြေခံဒေသမှာနေတုန်းကတော့ အထိမ်းအမှတ်စာစောင်တွေထုတ်လို့ စာမူလိုတယ်ဆိုရင် ကျွန်တော့်အတွက်ကုန်ကြမ်းဟာ ပေါမှပေါပါ။ ပတ်ဝန်းကျင်မှာမေးလို့ရနိုင်တဲ့ တော်လှန်ရေးသူရဲကောင်း တွေရဲ့ အကြောင်းတွေက ရေးစရာတပုံတပင်မဟုတ်လား။ ဒါကြောင့်ရဲဘော်ဟောင်းကြီးများဖြစ်ကြတဲ့ ရဲဘော်ဇော်ဝင်း၊ ရဲဘော်ခင်ညို၊ ရဲဘော်ငွေစသူတွေကို မေးပြီးသူရဲကောင်းဂုဏ်ပြုဝတ္ထုတိုလိုဟာလေးတွေ အတော်များများပဲရေးခဲ့ပါတယ်။
အခုကျွန်တော်နေတဲ့ ယူနန်ပြည်နယ်အနောက်တောင်ပိုင်းက၊ မြစ်ကြီးနားနဲ့အရှေ့အနောက်တန်း နေတဲ့ ထိန်ချုံးဆိုတဲ့မြို့မှာ ဒီကိုလာပြီး အရောင်းအဝယ်လုပ်၊ အလုပ်မျိုးစုံ လုပ်နေကြတဲ့ ဗမာပြည်သား တွေအများကြီးရှိပါတယ်။ လူမျိုးအားဖြင့်လည်းစုံလှပါတယ်။ ဘယ်လောက်များ၊ ဘယ်လောက်စုံလိုက် သလဲဆိုရင် ဒီကနေ (မြစ်ကြီးနားကတဆင့်) ဗမာပြည်အလယ်ပိုင်းက ချောက်၊ ကျောက်ပန်းတောင်းလို နေရာတွေအပြင် ရခိုင်ပြည်နယ်သံတွဲအထိ လူနဲ့ပစ္စည်းတွေကို တိုက်ရိုက်ပို့တဲ့ကယ်ရီတွေတောင်ရှိ ပါတယ်။  ကိုယ့်တိုင်းပြည်ဆင်းရဲလို့ ပြည်ပထွက်လုပ်ကိုင်နေကြရတာကို ဒီလိုပဲ စိတ် မကောင်းစွာ ကြည့်နေရပါတယ်။ ဒီမှာတရုတ်အလုပ်ရှင်တော်တော်များများကလည်း ဗမာပြည်ကအလုပ်သမားတွေဟာ တရုတ် ပြည်သားအလုပ်သမားတွေရဲ့လစာထက် တဝက်လောက်ပေးရတာကတကြောင်း၊ ဗမာပြည်သားအလုပ် သမားတွေက ဂျီး-ဂျွတ်မများတာကလည်းတကြောင်းတို့ကြောင့် ဗမာပြည်သားအလုပ်သမားတွေကို လိုချင်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ကဆင်းရဲနောက်ကျတဲ့နိုင်ငံကလာရတာဖြစ်လေတော့ ဒီမှာသူများ တွေက အထင်သေးတာ၊ မရှိခိုးနိုး-မလှစုန်းယိုးအထင်ခံရတာမျိုးတွေလည်း ကြုံကြရပါတယ်။ 

သူတို့ထဲက တချို့ ဟာ ကျွန်တော်နဲ့ရင်းနှီးလာတာနဲ့အမျှ သူတို့ တတွေဗမာပြည်ထဲမှာ၊ ဒီတရုတ်ပြည်ထဲမှာ၊ နယ်စပ် အဝင် အထွက်တွေမှာ၊ ဗမာပြည်ကိုယ့်ရပ်ကိုယ့်ရွာမှာ ကြုံတွေ့ရတာလေးတွေကို ပြောပြကြ၊ ညည်းညူပြကြတာတွေကြားရပါတယ်။ ဒယ်အိုးထဲကနေမီးတောက်တွေထဲကို ခုန်ချရသလိုဖြစ်သူတွေလည်း မနည်း တာသတိထားမိပါတယ်။ ဒါ့အပြင်သူတို့က အကူအညီတောင်းလို့ ဆေးရုံကိုလိုက်ပြီး ဘာသာပြန်ပေး ရတာမျိုးတွေလည်းရှိတာပေါ့။ ဒီလိုကိုယ့်ဇာတိမြေ ကိုစွန့်လွှတ်လာသူတွေရဲ့ သူတို့ ရဲ့ဖြတ်သန်းမှုတွေ၊ အတွေ့အကြုံတွေမှာ စာဖွဲ့စရာတွေအများကြီးရှိပါတယ် ။ သူတို့ကကျွန်တော့်ကို မခြွင်းမချန်ပြောဖို့ ဝန် မလေးကြပါဘူး။ မမေးးဘဲပြောတာလည်းရှိ၊ မေးလို့ပြောတာလည်းရှိပါ။ ဒါပေမဲ့သူတို့အကြောင်းကို
ရေးရင် သူတို့တတွေ ကျွန်တော်နဲ့ပတ်သက်တယ်ဆိုပြီး သူတို့ဗမာပြည်ကို ပြန်တဲ့အခါမှာ ဒုက္ခရောက် ကုန်မှာစိုးလို့မရေးပါဘူး။ သူတို့နဲ့အတူတူတွဲ ပြီးတောင် ဓာတ်ပုံမရိုက်ပါဘူး။
လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်လောက်တုန်းက ဗမာပြည်နိုင်ငံရေးနဲ့ ဆက် စပ်နေတဲ့ နိုင်ငံခြားသား အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကိုအင်တာဗျူးတဲ့အခါမှ ကျွန်တော့်ဖြတ်သန်းမှုကိုအကျဉ်းချုပ် လောက်ပြောပြပါလို့ဆိုတာနဲ့ ဂျပန်အပြေးကက်စဘီခေတ်မှာ မွေးတာကနေ မန္တလေးကွန်ဗင့်ကျောင်း (အခုအမှတ်၈ကျောင်း)၊ စိန်ပီတာကျောင်း (အခု အမှတ်၉ကျောင်း)၊  မန္တလေးတက္ကသိုလ်တို့မှာနေခဲ့တာ၊ ထောင်ကျတာ၊ ကိုကိုးကျွန်းရောက်တာ၊ ထောင်ကလွတ်လို့အိမ်ကိုပြန်ရောက်ပြီးနောက် ပြန်ထွက်ပြေး ရတာ၊ ဝနယ်ပန်ဆန်းကိုရောက်တာ၊ အဲဒီကနေထွက်လာပြီးတော့ ကန်ပိုက်တည်မှာစစ်လေ့ကျင့်ကြတာ၊ နောက်ဆုံးမှာသူနဲ့တွေ့နေတဲ့ တရုတ်ပြည်ထဲကိုရောက်လာတာတွေပြောပြမိပါတယ်။ ဒါတွေပြီးတော့ ကျွန်တော်ဆက်ပြောလိုက်တဲ့စကားတခွန်းကတော့ "And the rest is non-history." ကျန်တာဟာ သမိုင်းမဟုတ်တော့ဘူးဆိုတာပါပဲ။
တဆက်တည်းမှာစပ်မိလို့ စာရေးတာနဲ့ပတ်သက်တဲ့အမေ့အကြောင်းလေးတခု ရေးပြချင်ပါတယ်။ 

ကျွန်တော်တရုတ်ပြည်ထဲကိုရောက်လာပြီးတဲ့နောက် အမေရေးလာတဲ့စာတစောင်မှာ သူ၁၉၈၀ခုနှစ် တုန်းကအဖမ်းခံရတဲ့အကြောင်းနည်းနည်း ပါပါတယ်။ အဲဒီစာထဲမှာ“သူတို့ကငါ့ကိုမစစ်၊ မမေးဘူး။ ငါ့ကို ကိုယ့်ဟာကိုယ်ရေးပါလို့ ပြောပြီး ငါနေတဲ့အခန်းထဲမှာ ဖောင်တိန်တချောင်းနဲ့စာရွက်တချို့ထားခဲ့သွား တယ်။” တနေ့စာမရေးရရင်မနေနိုင်တဲ့အမေတယောက် ဘာတွေများရေးသလဲကျွန်တော်သိပ်သိချင် တာပေါ့။ စာမရေးဘဲနေရင် ကလောင်တုံးတတ်တယ်ဆိုတဲ့ငါ့အမေ ဘယ်လိုများကလောင်သွေးလိုက် သလဲသိပ်သိချင်မိပါတယ်။
အဲဒီစာထဲမှာသူဆက်ရေးလိုက်တာက “ငါကဘာတလုံးမှမရေးလိုက်ဘူး” တဲ့။

ဖိုးသံ(လူထု)