Breaking News

ဧရာ(မန္တလေး) ● ကမ္ဘာဦးလူသား

ဧရာ(မန္တလေး) ● ကမ္ဘာဦးလူသား
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၉

မိတ်ဆွေတဦးက လူသားရဲ့ အစကို ဘာသာရေးအမြင် သိပ္ပံအမြင်တွေကနေ ရှင်းပြပေးဖို့ တောင်းဆိုထားပါတယ်။

တကယ်တော့ ဒီအကြောင်းအရာမျိုးကို သိပ်မရေးချင်ပါဘူး...။ မေးခွန်းထုတ်စရာ ငြင်းခုန် စရာတွေ ပြည့်နေတတ်သလို၊ ကိုယ်ပိုင် ရှင်းရှင်းလင်းလင်း လက်ခံထားတာလည်း မရှိသေးလို့ပါ...။

✅ သိပ္ပံပညာရှင်တွေက လူသား အပါအဝင် သတ္တဝါတွေ အားလုံးက တဖြည်းဖြည်းအဆင့်ဆင့် ပြောင်းလဲလာဖြစ်တယ် ဆိုတဲ့ ဒါဝင်ရဲ့ Evolution Theory ကို လက်ခံထားကြပါတယ်။ ဒီသီအိုရီအရ လူသားအပါအဝင် မျောက်တွေ, ချင်ပန်ဇီတွေက ပရိုင်းမိတ်လို့ ခေါ်တဲ့ မျောက်လို သတ္တဝါမျိုးကနေ ဆင်းသက် ပြောင်းလဲလာတာပါ။

✅ ဂျူး, ခရစ်ယာန်, အစ္စလာန်စတဲ့ Abrahamic Religions ဘာသာတရားတွေကတော့ ဖန်ဆင်းရှင်ဝါဒ Creationism ကို လက်ခံ ယုံကြည်ကြတယ်။ လူသားကို ဘုရားသခင်နဲ့ ပုံသဏ္ဌာန်တူ ဖန်ဆင်းတော်မူတယ် (Genesis 1:27) လို့ ယုံကြည်တဲ့ အတွက် ပရိုင်းမိတ် သတ္တဝါမျိုးနွယ်ကနေ ဆင်းသက်ပြောင်လဲလာတယ် ဆိုတဲ့ သိပ္ပံအယူအဆနဲ့ ကဏ္ဌကောစ ဖြစ်နေပါတယ်။

✅ ဟိန္ဒူတွေကလည်း ဖန်ဆင်းရှင်ဝါဒကို လက်ခံပါတယ်။ ဗြဟ္မာကြီးရဲ့ ပါးစပ်ကနေ ပုဏ္ဏားမျိုး (ဗြာဟ္မဏ), လက်ကနေ မင်းမျိုး (ရာဇည), ပေါင်ကနေ ကုန်သည်မျိုး (ဝေဿ), ခြေထောက်ကနေ ကျွန်မျိုး (သုဒ္ဒ) ဆိုတဲ့ အမျိုးလေးပါး ပေါက်ပွားလာတယ်လို့ ဣရုဝေဒကျမ်း Puruṣa Sūkta မှာ ဖော်ပြထားပါတယ်။

✅ ဗုဒ္ဂဘာသာမှတော့ လူသား ဖြစ်ပေါ်လာပုံကို ဒီဃနိကာယ် အဂ္ဂညသုတ်မှာ ဟောထားတာ ရှိပါတယ်။ အဂ္ဂညသုတ်နဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ပုဗ္ဗေနိဝါသာနုဿတိ အခန်းမှာပါတဲ့ “ကမ္ဘာဦးအစ လူသားဖြစ်ပေါ်လာပုံ” ကို အကျဉ်းချုပ် ဖော်ပြပါမယ်။
.

ကမ္ဘာဦး လူသား
▬▬▬▬▬▬

ကမ္ဘာလောက ဖြစ်ပေါ်ပျက်စီးသည့်ဖြစ်စဉ်အား သံဝကပ်, သံဝဋဋ္ဌာယီကပ်, ဝိဝဋကပ်, ဝိဝဋဋ္ဌာယီကပ်ဟု အဆင့်လေးမျိုးဖြင့် ပိုင်းခြားနိုင်၏။ သံဝဋကပ်သည် တဖြည်းဖြည်း ဆုတ်ယုတ် ပျက်စီးသွားသော အဆင့်ဖြစ်သည်။ လောကဓာတ် တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားကာ အမှောင်အတိပြီး သွားသည့်တိုင် ပျက်စီးလေသည်။ ထိုသို့ပျက်စီးနေသော အမိုက်တိုက် ဟင်းလင်းပြင်အဖြစ် တည်နေသောကာလအား သံဝဋဋ္ဌာယီကပ်ဟု ခေါ်သည်။ ထို့နောက် ကမ္ဘာလောကကြီး တဖြည်းဖြည်း ပြန်လည် တိုးတက် ဖြစ်ထွန်းလာသော အဆင့်အား ဝိဝဋကပ်ဟုခေါ်သည်။ ထိုသို့ ဖြစ်ထွန်းလာပြီးနောက် တည်ဆဲကာလအား ဝိဝဋဋ္ဌာယီကပ်ဟု ခေါ်သည်။ အဆင့် တစ်ဆင့်စီတွင် နှစ်ပရိစ္ဆေဒ အရာ, အထောင်, အသိန်းဖြင့်ပိုင်းခြား၍ မရနိုင်လောက် အောင် ကာလအသင်္ချေယျ ကြာမြင့်၏။

ဤကမ္ဘာလောက ဆုတ်ယုတ် ပျက်စီးသောအခါတွင် သတ္တဝါအများစုတို့သည် အာဘဿရ ဗြဟ္မာဘုံ၌ ဖြစ်ကြသည်။ ဤသို့ဖြင့် ကာလအသင်္ချေ ကြာရှည်သော် ဤကမ္ဘာသည် ပြန်လည် ဖြစ်တည်၏။ ထိုအချိန်တွင် တစ်လောကလုံးသည် တစ်သားတည်းသော ရေပြင်ကြီး အဖြစ်ရှိ၍ အမှောင် အတိပြီး၏။ နေ, လ, နက္ခတ်တာရာတို့ မထင်ရှားသေး။ နေ့, ည, ရာသီဥတု မရှိသေး။ အာဘဿရဘုံမှ စုတေသော သတ္တဝါတို့သည် ဤလောကသို့ ရောက်လာကြကုန်၏။ ထိုသတ္တဝါတို့သည် (အာဘဿရဘုံတွင်ကဲ့သို့ပင်) စိတ်ကြောင့်ဖြစ်သော ကိုယ်ရှိ၍ (မနောမယာ), နှစ်သိမ့်ခြင်း ပီတိကို အစာ အာဟာရပြု၍ နေကြသည်။ ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းကာ (ရေပြင်အထက်) ကောင်းကင်ပြင်တွင် ကျက်စားကြ သည်။ အဖိုအမ လိင်ကွဲပြားမှု မရှိသေး။ ထိုသတ္တဝါတို့အား သတ္တဝါဟူ၍သာ ခေါ်ရလေသည်။

ဤသို့ဖြင့် အချိန်ကာလ ကြာမြင့်သောအခါတွင် အေးသွားသော နွားနို့အိုး မျက်နှာပြင်၌ အမြှေးတင်း၍ မလိုင်တက်သကဲ့သို့ ရေပြင်အထက်၌ ရသပထဝီခေါ် မြေဆီတို့ ဖြစ်ပေါ်လာသည်။ ထိုမြေဆီသည် ဆီဦးထောပတ်, ပျားရည်တို့ကဲ့သို့ အဆင်း, အနံ့, အရသာတို့ဖြင့် ပြည့်စုံ၏။ တစ်စုံတစ်ဦးသော သတ္တဝါသည် ထိုမြေဆီကို မြည်းစမ်းရာ အလွန် အရသာရှိလှသဖြင့် တပ်မက်သော တဏှာ ဖြစ်ပေါ်လာကာ မြေဆီကို စားသုံးသည်။ အခြားသော သတ္တဝါတို့လည်း ထိုနည်းတူ မြေဆီကို စားသုံးကြ၏။ ထိုသတ္တဝါတို့၏ ကိုယ်ရောင် ကိုယ်ဝါတို့လည်း ကွယ်ပျောက်သွားသည်။ နောင်တွင် နေ, လ, နက္ခတ်တာရာတို့ ထင်ရှားလာသည်။ နေ့, ည, ရာသီဥတုတို့ ဖြစ်ပေါ်လာသည်။ ဤသို့ဖြင့် ကမ္ဘာလောကသည် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

မြေဆီကို စားသုံးသောကြောင့် သတ္တဝါတို့၏ ကိုယ်သည် ကြမ်းတမ်းလာ၏။ အဆင်းရုပ်သွင်တို့ ကွဲပြား ခြားနားလာ၏။ ထို့သို့ ရုပ်ဆင်းကွဲပြားမှုကို အကြောင်းပြု၍ မာန်မာန ဖြစ်လာကြသောအခါတွင် ရသပထဝီ မြေဆီတို့ ကွယ်ပျောက် ခမ်းခြောက်ကုန်၏။ ထိုအခါတွင် မှိုတက်သကဲ့သို့ မြေပေါ်တွင် အပွေးတက်လာသော ဘူမိပပ္ပဋက ခေါ် မြေလွှာအား စားသုံး ကြပြန်သည်။ ထိုမြေလွှာတို့ ကုန်ခမ်းသောအခါ ကန်စွန်းနွယ်တို့ကဲ့ ပဒါလတာခေါ် ရေညှိရေမှော်ပင်တို့ (နွယ်ချိုပင်ဟုလည်း ဘာသာပြန်သည်) ပေါက်လာ၏။ ထိုသတ္တဝါတို့သည် ယင်းရေညှိရေမှော်တို့ကို စားသုံးကြပြန်သည်။

ရေညှိရေမှော်တို့ ကုန်ခမ်းသောအခါ ဖွဲနု, ဖွဲကြမ်းများမပါဘဲ အဆင်သင့် စားသုံးနိုင်သည့် သလေးဆန်တို့ အလေ့ကျ ပေါက်ရောက်လာသည်။ ယင်းသလေးဆန်တို့အား စားသုံးကြပြန်သောအခါ အစာအာဟာရသည် ကြမ်းတမ်းလာသည်နှင့် အမျှ သတ္တဝါတို့၏ ကိုယ်သည် ကြမ်းတမ်းလာသည်။ ကျင်ကြီး ကျင်ငယ်တို့စွန့်ရန် အင်္ဂါများ ပေါ်ပေါက်လာကြသည်။ အဖို, အမအင်္ဂါတို့ ကွဲပြားလာကြသည်။ ယောက်ကျားသည် မိန်းမအား, မိန်းမသည် ယောက်ကျားအား အပြန်အလှန် တစိမ့်စိမ့်ကြည့်ရာမှ တပ်မက်မှု ပြင်းပြလာသောအခါ မေထုန်ဆက်ဆံမှု စတင်ပေါ်ပေါက်လာသည်။ ထိုစဉ်ကာလက မေထုန်ဆက်ဆံခြင်းအား ညစ်ညမ်းသော အဓမ္မမှုအဖြစ် သတ်မှတ်ကြ၍ အကာအကွယ်ပြုရန် အိမ်ဆောက်လုပ် နေထိုင်ကြသည်။ နေ့စဉ် အစာ ရှာဖွေ စားသောက်ခြင်းပြုရန် ပျင်းရိသူတို့သည် အလေ့ကျပေါက်သော သလေးဆန်တို့အား နေ့ဖို့ညစာ, ရက်သတ္တ တစ်ပတ်စာ စသဖြင့် သိုမှီးစုဆောင်း ကြသည်။ ထိုအခါတွင် သလေးဆန်တို့သည် ဖွဲနုတို့ အမြှေးယှက်လာ၏။ ရိပ်သိမ်းပြီးသော်လည်း ရိုးပြတ်တို့မှသည် ပြန်၍ မပေါက်တော့ဘဲ စပါးပင်တို့သည် အစုလိုက် အစုလိုက်ဖြစ်သွား၏။

ထိုအခါတွင် ထိုသလေးစပါးပင်တို့အား အပိုင်းအခြားပြု ခွဲဝေကာ မိမိတို့ ပိုင်ဆိုင်သော စပါးကိုသာ ရိတ်သိမ်းစားသုံးရန် သဘောတူခဲ့ကြသည်။ နောင်တွင် တစ်ဦးသောသူသည် အခြားသူ၏ ပိုင်နက်မှ စပါးကို ခိုးယူသော အမှုဖြစ်သည်။ ခိုးသူအား ကဲ့ရဲ့အပြစ်တင်ကြ၍ နောင်တွင် မကျုးလွန်မိစေရန် ဝန်ခံကတိပြုစေသည်။ သို့သော် ထပ်မံခိုးယူမှု ဖြစ်သောအခါ ထိုးနှက်ခြင်း, ခဲဖြင့်ပေါက်ခြင်း, တုတ်ဖြင့်ရိုက်ခြင်းတို့ဖြင့် အပြစ်ပေးကြ၏။ ဤသို့ဖြင့် ခိုးယူခြင်း, ကဲ့ရဲ့ရှုတ်ချခြင်း, လိမ်ညာခြင်း, အပြစ်ဒဏ်ခတ်ခြင်းတို့ ပေါ်ပေါက်လာသည်။
.

မှတ်ချက်။ ။

(၁) အဂ္ဂညသုတ်က “ကမ္ဘာဦး လူသားရဲ့ အစ” ကိုဟောခြင်းသာဖြစ်ပြီး၊ “သတ္တဝါတို့၏ အစ” ကိုဟောခြင်း မဟုတ်ပါဘူး။ “အဝိဇ္ဇာပိတ်ဖုံးကာ တဏှာဖြင့် နှောင်ဖွဲ့ထားပြီး သံသရာတွင် ကျင်လည်နေကြသော သတ္တဝါတို့ရဲ့ ရှေးအစသည် မထင်” (ပုဗ္ဗာ ကောဋိ နပညာယတိ… ) ဆိုတဲ့ စကားကို သုတ္တန်ဒေသနာ အတော်များများမှာ တွေ့ရပေမယ့်၊ “ကမ္ဘာဦး လူသားရဲ့ အစ” ကိုတော့ အဂ္ဂညသုတ် တစ်သုတ်ထဲမှာပဲ တွေ့ရပါတယ်။

(၂) “ကမ္ဘာဦး လူသားရဲ့အစ” ဟာ အဂ္ဂညသုတ်ရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး၊ ဒီသုတ္တန်ရဲ့ အဓိက message က “ဇာတ်ကွဲပြားမှုဟာ ဗြဟ္မာကြီး ဖန်ဆင်းခြင်းကြောင့် မဟုတ်ဘဲ၊ လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ specialization ကွဲပြားမှုကြောင့် ဖြစ်တယ်။ မြင့်မြတ်ခြင်းဟာ အမျိုးဇာတ်နဲ့ မဆိုင်ဘဲ, အသိပညာ, ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံသူကသာ မြင့်မြတ်သူဖြစ် တယ်” ဆိုတဲ့ အချက်ပါ။

(၃) အဂ္ဂညသုတ်က “ကမ္ဘာဦးအစ” ဟာ The Book of Genesis နဲ့ မတူသလို, သိပ္ပံပညာ တွေ့ရှိချက်တွေနဲ့လည်း မတူပါဘူး။ ဒါပေမယ့်လည်း “အမှောင်အတိကျနေတဲ့ ရေပြင်ကျယ်ကြီး” ရဲ့ ပုံရိပ်တွေကတော့ သိပ္ပံရော၊ ဘာသာတရား အားလုံးပါ ခပ်ဆင်ဆင် တူနေပါလိမ့်မယ်။

(၄) ကမ္ဘာဦးမှာ သတ္တဝါတွေအားလုံးဟာ တစ်မျိုး တစ်စားတည်း ဖြစ်ခဲ့တယ်။ နောင်မှာ မြေဆီ, မှို, ရေညှိရေမှော်, သလေးစပါးစဖြင့် အပင်လောက တစ်ဆင့်ဆင့် ဖြစ်ထွန်းလာသလို၊ သတ္တဝါတွေရဲ့ nutrition ပြောင်းလဲမှုကြောင့် အမျိုးအစားတွေ ကွဲပြား လာခဲ့ကြတယ်။ အစောပိုင်း သတ္တဝါတွေဟာ asexual reproduction နဲ့ ပေါက်ပွားခဲ့ကြပြီး နောင်မှ လိင်ကွဲပြားမှု ဖြစ်လာတယ်။ အခုလို Reductionist interpretation လုပ်ရင်တော့ အဂ္ဂညသုတ်က သိပ္ပံတွေ့ရှိချက်တွေနဲ့ သိပ်မကွာတာတွေ့နိုင်ပါတယ်။

(၅) သိပ်ပြီး နားလည်ရခက်တဲ့ အကြောင်းအရာတွေကို နားလည်လွယ်အောင် ရှင်းပြတဲ့အခါ အဓိပ္ပါယ်ကောက် လွဲမှားနိုင်တဲ့ ပြဿနာ ကြုံတတ်ပါတယ်။ ဥပမာ အိုင်းစတိုင်းရဲ့ Special Relativity Theory ကို အရပ်သားတွေကို ရှင်းပြတဲ့ ပုံပြင်ရှိတယ်။ အမွှာညီနောင်မှာ တစ်ယောက်က အလင်းအလျှင်လောက် မြန်တဲ့ ယာဉ်ကြီးကို စီးသွားပြီး တစ်ယောက်က ကျန်ခဲ့တယ် ဆိုပါစို့။ ဒီယာဉ်ကြီး ကမ္ဘာကို ပြန်ရောက်လာတဲ့အခါ ယာဉ်ပေါ်လိုက်သွားတဲ့သူက ကျန်ခဲ့တဲ့သူထက် ပိုငယ် နေလိမ့်မယ်လို့ ဆိုပါတယ်။ ဒါက အလျှင်နှုန်း မြန်လာသည့်အလျှောက် အချိန်ကာလက နှေးကွေးသွားတဲ့ သဘောကို ရူပဗေဒ ညီမျှခြင်းတွေမသုံးဘဲ ရှင်းပြထားတာပါ။ ဒါကို သိပ္ပံရုပ်ရှင်တွေထဲကလို Time Machine လို့ ခေါ်တဲ့ အလင်းထက်မြန်တဲ့ ယာဉ်ကိုစီးပြီး အတိတ်ကို ပြန်သွားနိုင်မယ် ဆိုရင်တော့ over-interpretation ဖြစ်သွားပါလိမ့်မယ်။