Breaking News

ခွန်ဆိုင်း ● လစ်ဘရယ် တကယ်ကျဖို့ လွယ်လှတယ် မောင် မထင် - အခန်း (၇)

ခွန်ဆိုင်း ● လစ်ဘရယ် တကယ်ကျဖို့ လွယ်လှတယ် မောင် မထင် - အခန်း (၇) 
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၉

● ငါနဲ့မတူ ငါ့ရန်သူ
ဒီနေ့ မြန်မာလူ့အဖွဲ့အစည်းဟာ မဆလ နဝတခေတ် ခေတ်နှစ်ခေတ်ပိတ်လှောင်ခံထားရာက ထွက်လာရတာဖြစ်လို့ ကမ္ဘာ့ရွာ အဝင်မှာ အဆင်သင့်မဖြစ်သေးတာ သေချာပါတယ်။ အရွယ်ရောက်ပြီးသား အသက်ရပြီးသား လူအများစုဟာ နိုင်ငံရေး အယူ ဘာသာရေးအယူတွေနဲ့ စပ်ဆိုင်လာတဲ့အခါ အကဲဆတ် အနာပေါ်ဒုတ်ကျ မတူရင် ကြည့်မရ ဖြစ်တာများပါတယ်။ ပုဂံညှပ်ကြီး ပျူစောထီးနဲ့ ရှူးပျံကြီး ဝက်ကြီး ရာဇဝင်ထိုးဇာတ်တွေမှာ အသက်ကြီးသွားတဲ့ ကိုယ့်ဘိုးဘွားတွေ အသဲမှာ ဒီဇာတ်လမ်းတွေသာ အမှန်စွဲ ဖျက်ရန်ခက်ခဲလှပါတယ်။ မြန်မာအစ တကောင်းကလို့ ဂုဏ်ယူနေတဲ့လူတွေကိုဖက်ပြိုင်ပြီး  လူအားလုံးအစ အာဖရိက အရှေ့ခြမ်းကကွဆိုပြီး ကျွမ်းကျင်ပညာရှင်တယောက်က မျိုးရိုးဗီဇ -ဒီအန်အေ (Genetic code) တွေ သက်သေပြုပြီး ဆွေးနွေးမယ်ဆိုလဲ ရှေ့ရောက်ဘို့မလွယ် ရန်ဖြစ် ပွဲသိမ်းဖြစ်ရဖို့သာများပါတယ်။ ဒါပေမယ့် လူသားတွေ အားလုံး ဒဏ္ဍာရီတွေ ထိုးဇာတ်တွေကို ယုံကြည်တတ်တာဟာ အရမ်းကို ကောင်းတဲ့အချက် တခြားတိရိစ္ဆာန်တွေထက်သာတဲ့ အချက် ဒီကမ္ဘာကြီးရဲ့ အရှင်သခင်နေရာကို ရလာစေတဲ့ အချက်တချက်လို့ ပါမောက္ခ ဟာရာဟီကမြင်ပါတယ်။

မျောက်တကောင်ဆီမှာ အခု ငါ့ကို ငှက်ပျောသီးတလုံးပေးစမ်းပါ။ မင်းသေလွန်သွားတဲ့ နောက်ဘ၀ မျောက်နိဗ္ဗာန်ဘုံကျရင် ငှက်ပျောသီးတသက်လုံး အကြိုက်စားရမယ်လို့ နားချသိမ်းသွင်း မရနိုင်ဘူး။ လူတွေကတော့ ရနိုင်တယ်။ လူတွေက လက်ခံ နိုင်စွမ်းရှိတယ်လို့ ဟာရာရီ ကပြောပါတယ်။

အဲလိုလက်ခံခဲ့လို့သာ အသိညာဏ်တိုးတက်လာတာလို့ သူက ယူဆပါတယ်။ Cognitive revolution (အသိညာဏ်ပညာ ရုန်းကြွခြင်း ) ကဏ္ဍမှာ လူဟာ တိရိစ္ဆာန်တွေထက် ဘာသာဗေဒ ကြွယ်ကြွယ် စကားတွေ များများပြော ပုံပြင်တွေ များများ ခင်းရင်း ဦးနှောက်ဖွံ့ဖြိုးလာရတယ်လို့ ဆိုပါတယ်။ တိရိစ္ဆာန်တွေက သူတို့အချင်းချင်း ခြင်္သေ့ကြီး လာနေပြီဟေ့ ရှောင်ဟ။ သိမ်းငှက်ကြီးတော့ဝဲနေပြီ သတိထားကြဆိုတဲ့ အချက်ပေးအသံလောက်နဲ့ အချင်းချင်းဆက်သွယ်ပြီး ဆက်မတိုးတက်ကြ ဘူး။ လူက အစုအဝေးဖြစ်လာရင် အချင်းချင်းအသံများများပြုကြတယ်။ ဒီ အသံပြုဆက်သွယ်ချက်တွေက စကားတွေဖြစ် လာတယ်။ တီးတိုးတီးတိုးသဖန်းပိုး တာ လူသားအစကတည်းက သဘာဝ။ စကားနဲ့ ဘာသာဗေဒတွေ ကြွယ်ဝလာတာ ပုံပြင်တွေကို လက်ဆင့်ကမ်းယုံကြည်ကြတဲ့ အလေ့အထဟာ လူသား အသိဉာဏ်တွေမြင့်မား ဦးနှောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်လာရခြင်းအကြောင်း လို့မြင်ပါတယ်။ လူနဲ့ မျိုးစိတ်ချင်း အနီးစပ်ဆုံး ချင်ပန်ဇီ - ဂေါ်ရီလာ - ဟူရန်ဂတန် တို့လောကမှာ ဘာသာဗေဒ ဖွံ့ဖြိုးတာ မရှိဘူး။ ဒီတော့ အသိလဲ မတိုးပဲ ရပ်နေခဲ့တယ်လို့ မြင်ပါတယ်။

ဘာသာ တခုကို သက်ဝင်ယုံကြည် အလုပ်လုပ်ရင်း -နိုင်ငံတခုကို သစ္စာခံပြီး အလုပ်လုပ်ရင်း လူ့အဖွဲ့အစည်း တိုးတက်ခဲ့တယ်။ ကက်သလစ်ဘာသာဝင်တယောက်ဟာ တခြား သူ လုံးဝမသိတဲ့ ကက်သလစ်ဘာသာဝင်တယောက်နဲ့အတူ ကရူးဆိတ် အတွက်ဆိုလဲ နွှဲနိုင်တယ်။ ဆေးရုံဆောက်ဘို့ အလှူခံရမယ်ဆိုလဲ တွဲနိုင်တယ်။ လက်တွဲ အလုပ်လုပ်ကြတယ်။ ဘုရား သခင်ဟာ လူသားအားလုံးရဲ့ အပြစ်တွေကို ဆေးကျောနိုင်ဘို့ သူ့အသက်တာကို ပေးဆပ်အနာခံသွားတာဆိုတဲ့ အချက် အပေါ်မှာအတူတူယုံကြည်ကြတယ်။ ဒီအချက်ကိုဘုံထား အချင်းချင်း ယုံကြည်မှုတည်ဆောက်နိုင်တာကောင်းတဲ့အချက် လို့ သူမြင်တယ်။ ဆာဗ့်တယောက်ဟာ သူမသိတဲ့ ဆာဗ်တယောက်နဲ့ အတူတူ စစ်မြေပြင်မှာ အသက်ပေး စစ်တိုက်နိုင်တယ်။( ဆားဗီးယား ဆိုတဲ့) နိုင်ငံတော်တခုကို ယုံကြည်လို့ ဖြစ်တယ်။

ဟာရာရီ ဟာ သူ့စာအုပ်မှာ သူ့အဖေနံမည်ကို တခုတ်တရ အမှတ်တရဖေါ်ပြထားပေမယ့် ဘာသာရေးသမားတော့မဟုတ်ဘူး။ ဂျူးဘာသာ ကို အတိအကျ နှစ်သက်လက်ခံကျင့်သုံးတဲ့ သဘောတော့ မတွေ့ရပါဘူး ။ သူရဲ့ လိင်တူအချင်းချင်းအိမ်ထောင်ဖက် နေတဲ့ကိစ္စက သူ့စာပေနဲ့ သူ့ဘဝအပေါ် ပတ်ဝန်းကျင်က ဘယ်လိုတွေ သက်ရောက်သလဲ လို့မေးတဲ့အခါ သူ့ကို အပြစ် အပြောဆုံးသူတွေ ဟာ ဘုန်းကြီးနဲ့ ရာဘီတွေပါပဲတဲ့။

ဒါပေမယ့် အစ္စရေးလူ့အဖွဲ့အစည်းဟာ အတော်လစ်ဘရယ်ကျလှတယ်။ ဒါကြောင့်လဲ သူများထက်သာလွန် တိုးတက်တယ် ဆိုတာ သိသာပါတယ်။ သူလို လိင်တူသမားတယောက်ကို တဲလ်ဗစ် (ဂျေရုဆလင်) မြို့တော်က ဟီးဘရူးတက္ကသိုလ်မှာ ပါမောက္ခခန့်ထားတယ်ဆိုတာ သူ့အစိုးရ သူ့ပညာတတ်လောက ဘယ်လောက် လွတ်လပ်ပွင့်လင်း ရှေ့ရောက်တယ် - ဘယ်လောက် ညွှတ်ပြောင်း ညှိနှိုင်စွမ်းသလဲဆိုတာ ပြနေတဲ့အချက်ပါပဲ။ သူ့ကျောင်းသားတွေကို စာပြတဲ့ မှတ်စုတွေကို ပြန်ထုတ်နှုတ်ပြီး ဂျူးဘာသာနဲ့ အရင်စာအုပ် ထုတ်ဝေတယ်။ အစ္စရေးနိုင်ငံမှာရောင်းအကောင်းဆုံး စာအုပ်ဖြစ်လာတယ်။ ဒါကို ကြည့်ရင် အစ္စရေးတွေရဲ့ ရေချိန်ကို တိုင်းလို့ရပါတယ်။ ဘုရားဆိုတာ လူသားတွေ ရဲ့ အကောင်းဆုံးတီထွင်ချက်ပဲ ဆို တဲ့ စာမျိုးရေးတာကို သူ့လူမျိုးတွေလက်ခံဖတ်နိုင်ကြ- အားပေးကြတယ်ဆိုတာ လစ်ဘရယ်တော်ရုံကျလို့ မရနိုင်ဘူး။ မြန်မာပြည်က တက္ကသိုလ်တခုခုမှာ လိင်တူ ဆရာ ဆရာမတယောက်ယောက်ကို ပါမောက္ခခန့်လိုက်ရင် ဝက်ဝက်ကွဲပေါ့။

ကျွန်တော်တို့အဖြစ်က နောက်ကျကျန်နေရစ်တဲ့ ဒီမိုကရေစီစနစ်ကို မသေအောင် နောက်လန်မကျအောင်အသက်သွင်းနေရတယ်။ တတိယရွေးကောက်ပွဲသက်တမ်းဆီ သွားရတော့မယ့်အချိန်နီးလာပြီ။ဒီနေ့အထိ နိုင်ငံရေးလောကထဲ ဘာသာမတူ လူမျိုးမတူရင် နေရာလေးတနေရာ ပေးဘို့ စိတ်ကူးရဟန် မတူသေးဘူး။ စိတ်ကူးလို့မရဲကြသေးဘူး။ စစ်တပ်ထဲကြည့်မလား။ ဖယ်ဒရယ်စစ်တပ်က လူမျိုး ဘာသာလူမျိုးမတူရင် ရာထူးမြင့်မြင့်နေရာပေးဘို့ စိတ်ကူးအသင့်ဖြစ်ပြီလား။ မေးကြည့်။ ၂၀၂၀ ဒီမိုကရေစီ ကြွေးကြော်သံတွေအောက်မှာ ဘာသာရေး -လူမျိုးရေးရန်တိုက်ပြီးမှ မဲရမယ်ထင်တဲ့ လူတွေကလဲ တထောကြီး - တပုံကြီး။ ဒါကို ပါးပါးလေး လိုင်းချ မသိမသာ ပေါ်လစီလုပ် မဲဆွယ်ကြမယ့် ပါတီတွေ လူတွေ စင်ပေါ်တက် လမ်းပေါ်ထွက် လာတာ မြင်နေရတယ်။ ဗုဒ္ဓရဲ့ မဇ္ဈိမ အလယ်အလတ်ဝါဒကို ပါးစပ်ကပြော နှုတ်ကဟောနေကြပေမယ့် အစွန်းရောက် ဘာသာရေးခေါင်းဆောင်တွေကို ပြတ်ပြတ်သားသား စည်းမခြားရဲကြသေးဘူး။

ကမ္ဘာ့ရောင်းအကောင်းဆုံး စာတအုပ်ကို ကျွန်တော်တို့ဆီမယ် တယောက်ယောက်က မိုက်မိုက်လေး ဘာသာပြန်ခဲ့ရင် တောင် ရောင်းစွံမှာလား ။ လက်ခံဖတ်မယ့်လူ စဉ်းစားမယ့်လူ ရှိပါ့မလား ။

အဆိပ်အတောက်တွေဟ။ နီယိုလစ်ဘရယ်-အဆိပ်သင့်နေတာပဲလို့ပြောမယ့်လူ ဘယ်နှစ်ယောက်ရှိမလဲ ကျွန်တော်တွေးပါ တယ်။