Breaking News

နိုင် ဝင်း သီ- ခရမ်းပြာအင်းလျား


ခရမ်းပြာအင်းလျား
နိုင်  ဝင်း  သီ

(မိုးမခ) အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၉

                        (
တစ် )

       
သူ့ရဲ့ထင်ရှားတဲ့ အမှတ်အသားဟာ   အမြဲတစေ ပြုံးနေတတ်တဲ့ သူ့မျက်နှာသွင်ပြင်သဏ္ဍာန်ပဲ ဖြစ်လိမ့်မယ်။ ညိုမောင်းကြမ်းရှတဲ့သူ့မျက်နှာပေါ်မှာ နူးညံ့သိမ်မွေ့တဲ့အပြုံးတစ်ခုဟာ အမြဲတမ်းလိုလို တွဲခိုလို့။ သူ့ရဲ့မျက်ဝန်းတွေကလည်း ဘယ်လိုအချိန်မျိုးမှာကြည့်လိုက်ကြည့်လိုက် နူးညံ့ပျော့ပျောင်းလို့။ သူ့ရဲ့ ဖြစ်တည်မှုကို ပုပ္ပါးတောင်ခြေမှာ အထိုင်ချထားသော်လည်းပဲ  သူဟာ လွင့်ချင်တိုင်းလွင့်မျောလာခဲ့တဲ့သစ်စိမ်းရွက်။ တစ်ခါတစ်ရံ လူသူလေးပါး ဆိတ်ငြိမ်ကင်းပရာ အညဝါသီတောမှီရဟန်းတွေရဲ့ တောရဂူကျောင်းလေးတွေမှာ။

ခါတစ်ရံ ရိုးရှင်းဖြူစင်တဲ့ ကျေးလက်လေးတွေမှာ။ တစ်ခါတစ်ခါမှာတော့ သူ့အသက်ကိုယ့်အသက် အမြဲတစေယှဉ်လုနေရတဲ့မြို့ကြီးပြကြီးထဲမှာ။

     
ဘယ်လိုအရပ်ဒေသမျိုးကိုပဲ လွင့်ထွက်သွားစမ်းပါစေ။ တမာရိပ်မှာသူရှိနေတဲ့ ညမျိုးဆိုရင် နုဖွ တိုးညင်တဲ့ ကလပ်စစ်ကယ်ဂစ်တာသံဟာ သန်ခေါင်ညထဲကို လူးလွန့်တိုးဝင်လာခဲ့ပြီ။ တစ်ကိုယ်ရည် ညတွေထဲမှာ အဲဒီဂစ်တာလေးနဲ့ အဖော်လုပ်နေလာခဲ့လိုက်တာ ဘယ်လောက်တောင် ကြာမြင့်သွားခဲ့လေပြီလဲ။ သူ့ကိုယ်သူတောင် မှတ်မိ‌‌သေးရဲ့လားသိပ်မသေချာ။ အဲဒီဂစ်တာလေးတစ်လုံးနဲ့ပဲ ရှည်လျား တဲ့ ညတာတွေကို တစ်ညပြီးတစ်ညဖြတ်သန်းလာခဲ့ရင်း ရန်ကုန်မြို့ ငါးမိုင်ခွဲက ရတနာမြိုင်ခြံလေးကို သတိတရ ရှိနေခဲ့တာ။ အဲဒီ အင်းလျားနံဘေး ရတနာမြိုင်ခြံလေးထဲက အဆောင်လေးဟာ နောင်အခါ မှာ ခရမ်းပြာဆောင်ဆိုတဲ့အမည်နာမလေးတစ်ခုနဲ့အတူ မွှေးရီဝင်းပလာခဲ့တာ။‌ 

ပြောမယ်ဆိုရင် သူ မမေ့ မလျော့ သယ်ဆောင်လာခဲ့တဲ့ အဲဒီခရမ်းပြာဆောင်ဟာ သူ့ရဲ့အရေပြားပေါ်မှာ စုတ်ချက်နက်နက်နဲ့ ရေး ခြစ်ထိုးသွင်းထားခဲ့တဲ့ တက်တူး။

ခရမ်းပြာဆောင်နဲ့အတူ ကိုရဲလွင်ရေးဖွဲ့သွားခဲ့တဲ့ ပန်းခရမ်းပြာ၊ သူ့ သူငယ်ချင်း မောင်အောင်ဝင်း ရေးသီ ခဲ့တဲ့ ဝေးခဲ့ပြီပန်းခရမ်းပြာသီချင်းတွေဟာ သူ့ပုဂ္ဂလိကဘဝအတွက် အလွမ်းအဆွေးတစ်ခုလို ဖြစ်မှန်း မသိဖြစ်လာခဲ့ရတာ။ အဲဒီရိပ်မြုံလေးကိုအခြေပြုပြီးတော့ပဲ ကိုနေဝင်း၊ ကိုရဲလွင်၊ ခင်ဝမ်း၊ ခင်မောင်တိုး အပါအဝင် အနုပညာသမားတော်တော်များများနဲ့ ချစ်ခင်ကျွမ်းဝင်ခဲ့ရတာ။

        
နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ။ သူနဲ့ မိုင်ပေါင်းများစွာ ကွာဝေးနေတဲ့ ခရမ်းပြာဆောင်လေး ဟာ သူ့ရဲ့ အသွေးအသားထဲမှာ နက်နက်ရှိုင်းရှိုင်း ရောထွေးစိမ့်ဝင်နေဆဲ။ အင်းလျားရေပြင်ကိုဖြတ် တိုက်လာခဲ့တဲ့ လေပြေနုကလည်း သူ့ရဲ့တစ်ကိုယ်လုံးကို တိုးဝှေ့ကျီစယ်နေဆဲ။
        Play Boys
E.Machine   LPJ The Wild Ones Aces New Wave ကနေ စီးဆင်းလာ ခဲ့တဲ့  တရွေ့ရွေ့ မြစ်ရေအလျင်ဟာ မဇ္ဈိမလှိုင်းမှာ ပြီးဆုံးသွားခဲ့ပြီလား။ သူ့ဆီကနေ လူသူ သိပ်မသိ သေးတဲ့ ခရမ်းပြာနောက်ဆက်တွဲလေးတွေကို မျှော်လင့်တမ်းမောမိချင်သေး။
      
ဟိုတစ်လောလေးကတင် ပုပ္ပားတောင်ခြေက သူ့ရဲ့တမာရိပ်လေးဆီ ကျွန်တော်နဲ့ ကိုထွန်းဝေမြင့်နဲ့ မမျှော်လင့်ဘဲ ရောက်သွားခဲ့။ အဲဒီတုန်းက  ရှုပ်ထွေးပေပွနေတဲ့ သူ့ရဲ့သုခမြို့တော်လေးထဲမှာ သူရေးပြီး ကိုရဲလွင်အသံထည့်ပေးသွားတဲ့ သီချင်းလေးတစ်ပုဒ်ကို မြင်တွေ့ခဲ့ရသေး။ ၁၉၉၆ လောက်တုန်းက လည်း သူနဲ့ သူ့သူငယ်ချင်းတွေ ရေးဖွဲ့ပြီး ကိုဇော် (ပန်းရဲ့လမ်း ) သီဆိုထားတဲ့အခွေလေးတစ်ခွေ သူ လုပ်ဖြစ်လိုက်သေး။
အဲဒီတုန်းက  စီးရီးနာမည်ကို" အလေ့ကျညတွေ "လို့ သူတို့ဟာသူတို့ အမည်ပေးထားခဲ့ကြ။ နောက်တစ်ခါ သူ့ရဲ့ သူငယ်ချင်းကိုပန်တိတ်(ကလောင်အမည် ဇွန်မိုးဦး)ရဲ့ တစ်ကိုယ်တော်စီးရီးဖြစ်တဲ့
"
ငါ့ကိုယ်ငါပြန်လည်ရောက်ရှိခြင်း" ကို မဇ္ဈိမလှိုင်းနဲ့ အသံသွင်းခဲ့စဥ်ကလည်း သူဟာ ဝန်းရံပေးခဲ့တဲ့ လူတစ်ယောက်။
    
သို့ငြား အဲဒီကိုယ်ပိုင်သံစဥ်ခွေနှစ်ခွေဟာ အကြောင်းကြောင်းသော အကြောင်းတွေကြောင့် ထွက် မလာသောအခါ........
     
အဲဒီစီးရီးနှစ်ခုနဲ့ဆက်နွယ်ပတ်သက်ခဲ့တဲ့  အနုပညာရှင်တချို့ကတော့ သံသရာခရီးရှည်ကြီးထဲကို ထွက်ခွာသွားခဲ့ပြီ။ အဲဒီအကြောင်းကို ပြောပြနေတဲ့ညက သူ့မျက်လုံးတွေဟာ လရောင်အောက်မှာ ငေးရီမှုန်ဝေလို့။
ဘယ်သောအခါမှ ပြန်ကွေ့လာမှာမဟုတ်တဲ့ မြစ်ရေတွေကို ရော်ရမ်းမှန်းဆလို့။

                           (
နှစ်)

        
ပြောမယ်ဆိုရင် သူ အင်းလျားကိုဗဟိုပြုထားတဲ့အချိန်လောက်မှာ ကျွန်တော်ဟာလည်း အင်း လျားရဲ့တစ်နေရာမှာ ဘဝကိုဖြစ်ချင်ရာဖြစ် ပစ်ချထားခဲ့တဲ့ လူငယ်တစ်ယောက်။
      
ကျွန်တော်အခြေပြုထားတဲ့ အင်းလျားဟာ သူ့လို ခရမ်းပြာဆောင်ဘက်အခြမ်းက အင်းလျားတော့ မဟုတ်။ လမ်းနီလေးဘက်အခြမ်းက အင်းလျား။မိုးလင်းလို့ မျက်စိနှစလုံး ပွင့်လိုက်တာနဲ့ ကြမ်းရိုင်း သောဘဝတွေလာရောက် ပေါင်းဆုံစုဖွဲ့နေသောအင်းလျား။

အလှသစ္စာတရားကို ဘယ်လိုနေရာမျိုးမှာမှ ရှာလို့ဖွေလို့မတွေ့နိုင်တဲ့အင်းလျား။ စံပယ်ရိုင်းတွေ ရှင်သန် ပေါက်ရောက်နေတဲ့အမှောင်ခေတ်ထဲမှာ နှင်းဆီရနံ့လွင့်ပျံ့လာဖို့ ကျွန်တော်ဟာ ရူးနှမ်း မျှော်လင့်ခဲ့ဖူး တာပေါ့။
       
ဘာပဲပြောပြော မတူကွဲပြားခြားနားတဲ့ လူမှုအစုအဖွဲ့ထဲမှာ ကျွန်တော်တို့ဟာ ကိုယ့်နည်း ကိုယ့် ဟန်နဲ့ ပျော်ဝင်ခဲ့ကြ။ မွန်းကြပနေတဲ့ကြားကပဲ ပျော်ရွှင်မှုဆိုတာကိုရှာဖွေခဲ့ကြ။ ခေတ်ကြီးဟာ အဲဒီ အချိန်ထဲက သူ့ကိုယ်သူရော၊သူနဲ့ဆက်နွယ်နေတဲ့လူတွေကိုရော တငွေ့ငွေ့နဲ့ လောင်နေခဲ့ပြီ။
      
ဂီတပျောက်ဆုံးနေခဲ့တဲ့ ညတွေကတော့ အင်းလျားဟာ နာကျင်အော်ဟစ်သံတွေ လျှံထွက်နေတဲ့ ညရိုင်းညပျက်တွေ။ အခု သူ့ဘက်အခြမ်းက ပြေပြေလေး တိုက်ခတ်လာတဲ့ အင်းလျားလေညင်းက တော့ စိမ်းမြညင်းညံ့နေခဲ့တာ အသေအချာ။

       
အဲဒီလေညင်းထဲမှာပဲ အတိတ်ထဲက ကံ့ကော်တောနဲ့မြင့်မားသောစိတ်ယဉ်ကျေးမှုတို့ ဖြစ်တည်စီးဆင်း ရာ ခရမ်းပြာဆောင်လေးကို သူဟာ တိတ်တဆိတ် လွမ်းမောနေခဲ့တာ။ ဘယ်လို နယ်သစ်ပယ်သစ်မျိုးကိုပဲရောက်ရောက် တစ်ညပြီးတစ်ည ဆန်တက်လာခဲ့တဲ့ခရမ်းပြာညတွေကို သူဟာ ဘယ်တော့မှမေ့လျော့မသွားခဲ့တာ။ ခင်ဝမ်းဟာ ပန်းခရမ်းပြာတေးစီးရီးကစပြီး မဇ္ဈိမလှိုင်းနဲ့ တစ်လျှောက် လုံးလိုလိုလက်တွဲသွားခဲ့တာ။ သီတင်းကျွတ်ရက်ကိုရောက်လေတိုင်း စိုင်းထီးဆိုင်တို့ရဲ့ The Wild Ones အဖွဲ့သားတွေဟာ ခရမ်းပြာဆောင်လေးကို တစ်ယောက်ပြီးတစ်ယောက် ရောက်ရောက်လာခဲ့တာ။ 

ကိုရဲလွင်ဟာ ညဉ့်နက်ပိုင်းတွေမှာ သီချင်းရေးပြီး ဂစ်တာလေးတစ်လုံးနဲ့ အသံတွေ တိုးတိုးလေး ရှာနေတတ်တာ။ခင်မောင်တိုးဟာ သူ့စီးရီးကိစ္စအတွက် ရန်ကုန်ဆင်းလာခဲ့တိုင်း ခရမ်းပြာဆောင်လေး မှာ နားခိုငြိကပ်နေတတ်တာ။ ကိုရဲလွင်ရဲ့ နောက်ဆုံးအချိန်တွေမှာ သူ့ဆီ ရောက်သွားတော့ ကိုရဲလွင်ဟာ မျက်လုံးလေးဖွင့်ကြည့်ပြီး သူ့ကို ကျောက်ပန်းတောင်းလို့ တိုးတိုး လေးခေါခဲ့တာ။ ကိုရဲလွင်၊ ခင်မောင် တိုး၊ ခင်ဝမ်းနဲ့ အခြားအခြားသော အနုပညာသမားတွေ ကြွေလွင့်သွားတာဟာ သူ့အတွက်တော့ ခေတ် ကြီးတစ်ခေတ်လုံးအဆုံ းသတ်သွားခဲ့တာ။ 

ပုပ္ပါးတောင်ခြေကသစ်စိမ်းရွက်လေးတစ်ရွက်ဟာ သူ့ရဲ့ အနု ပညာဘဝ ဖြစ်တည်ခဲ့ဖူးတဲ့ ရန်ကုန်မြို့ ပြည်လမ်းမဘေး၊ ရတနာမြိုင်ခြံဝင်းထဲက ခရမ်းပြာဆောင်လေးကို တစ်ခါတစ်ခါမှာမွတ်မွတ်သိပ်သိပ်နဲ့ လွမ်း ဆွေးနေတတ်တာ။ တစ်ခါတစ်ရံ အင်းလျားဟာ တိုးတိုးသဲ့သဲ့ဂစ်တာသံလေးများ ကြားရလေမလားဆိုပြီး ခရမ်းပြာဆောင်လေးဘက်ဆီ နားစွင့်နေတတ်တာ။ 

တစ်ခါတစ်ခါမှာတော့ အင်းလျားဟာ ကိုနေဝင်း၊ ကိုရဲလွင်၊ သုခမိန်လှိုင် ၊ ကိုမောင်မောင်၊ ဟိန်းစိုး၊ မုတ်သုံ၊ ရွှေစိုးဟန်၊ မင်းဝေအောင်နဲ့ထွန်းဝေမြင့်တို့ နားခိုသွားခဲ့ဖူးတဲ့ ခရမ်းပြာဆောင်လေးကို မျက်တောင်လေးပုတ် ခတ်ပုတ်ခတ်လုပ်ပြီး လရောင်မှုန်မှုန်အောက်မှာ လွမ်းလွမ်းဆွေးဆွေးနဲ့ လိုက် ရှာနေခဲ့တာ။   

နိုင် ဝင်း သီ


အင်းလျားလေညင်း
မောင်ဆွေခင် ( ခရမ်းပြာ )
ပထမအကြိမ် ၂၀၁၉ခုနှစ်၊စက်တင်ဘာလ
အုပ်ရေ ၅၀၀
မျက်နှာဖုံးနှင့်အတွင်းပန်းချီ။ ဝင်းရွှေမိုး
အတွင်းအပြင်အဆင်။ Nyi Nyi ( NiCE )
တန်ဖိုး   ၂၅၀၀ကျပ်
ဖြန့်ချိရေး။ ဆိပ်ကမ်းသာစာပေ