Breaking News

ကိုသန်းလွင် - ပိုင်ရို၏ဝါဒ



ကိုသန်းလွင် - ပိုင်ရို၏ဝါဒ

(အတွေးအမြင်မဂ္ဂဇင်း)
မိုးမခ၊ အောက်တိုဘာ ၁၀၊ ၂၀၁၉
(၁)

သံသယဝါဒီများ၏ စဦးမှာ ပိုင်ရို (Pyrrho of Elis) ဖြစ်ပါသည်။ သူသည် အက်ပီးကျူးရပ် ထက်အသက် ၂၀ခန့် ကြီးပြီး ဘီစီ ၂၇၀ တွင်ကွယ်လွန်ခဲ့ပါသည်။ သူက “ဘာမှမသိဘူး” ဟုပြောသည့်နည်းတူ နှောင်းလူတို့က လည်း သူ့ အကြောင်းကိုအနည်းငယ်မျှသာ သိကြပါသည်။ သူကွယ်လွန်ပြီး နှစ်ပေါင်း ၅၀ဝ ခန့်ကြာမှသံသယဝါဒီတို့ ၏ အယူအဆ သဘောထားစာတမ်းထွက်ပေါ်ခဲ့ပါသည်။ ထိုစာတမ်းကိုဆက်တပ် (Sextus Empiricus) ကဒုတိယ နှင့် တတိယ ရာစုများတွင် ရေးသားခဲ့ပါသည်။

သူ၏ဖီလိုဆိုဖီမှာ လူတစ်ယောက်ကိုပြင်ပမှ အနှောင့်အယှက်ကင်းစွာ နေနိုင်ရေးပင်ဖြစ်ပြီး ( Ataraxia) လူများ ကို ဘေးဘီမှ အကြောင်းအရာများနှင့် ပါတ်သတ်၍ အနှောင့်အယှက်အဖြစ်မခံကြရန် သင်ပြပါသည်။ ထိုအလေ့ အထ အတွေးအခေါ်ကို ပိုင်ရိုထံမှ စတင်သည်ဟု ယူဆကြပါသည်။

(၂)

ပိုင်ရိုကိုယ်၌က ဘာမှရေးမသွားခဲ့ပါ။ သို့တိုင် အေသင်မြို့မှ လုပ်ဖော်ကိုင်ဖက်များအပေါ် ပိုင်ရို၏ လွှမ်းမိုးမှုရှိခဲ့ ပါသည်။ သူသည် ဘာကိုမှ ဂရုမစိုက်၊ စကားပြောရင်းက သူ့မိတ်ဆွေများက ဖယ်ခွာသွားလျှင်လည်း သူ့တွင် အကျိုးသက်ရောက်မှုမရှိ။ သူသည် ပြောလက်စ စကားကို အဆုံးသတ်မည်။ စကားပြောရင်းက သူ့မိတ်ဆွေ တွင်းထဲသို့ ချော်ကျသွားလျှင်လည်း သူ့မှာ မထိခိုက်။ သူပြောစကားကို အဆုံးသတ်မည်။ မိတ်ဆွေလုပ်သူ က လည်း ပိုင်ရို၏ အကျိုးသက်ရောက်မှုကင်းမဲ့သော အပြုအမူကို နှစ်သက်သဘောကျသည်။

ဘေးအန္တာရယ်ကျရောက်ရန်ရှိလျှင်လည်း ပိုင်ရိုကအားလုံးကို မသိကျေးကျွန်ပြုသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများသည် အန္တရာယ်ရှိသလားဟု သံသယဝင်သောကြောင့်ပင်။ သူသည်အပေါင်းအဖော်များကကောင်း လွန်း၍သာ ခွေးကိုက်မည့်အန္တရာယ်၊ ကုန်းပေါ်မှ တိုက်မိခိုက်မိမည့် အန္တရာယ်များကို ရှောင်ရှား နိုင်ခဲ့ခြင်းဖြစ် သည်။ သူသည် ဘယ်သူ့ကိုမှ မပြောဘဲ အိမ်မှတစ်ယောက်ထဲ ထွက်ခွာသွားမည်။ ထိုအခါ အပေါင်း အသင်း များက နောက်မှအတင်းလိုက်၍သူ့အပေါ်ကျရောက်မည့်ရန်အပါင်းကို အကာအကွယ်ပေးကြရပါသည်။

ပိုင်ရိုကွယ်လွန်ပြီးမှသုံးသပ်ကြသည်မှာ ပိုင်ရိုသည်အနှောင့်အယှက်အဖြစ်မခံဘူးဆိုသော်လည်းသူ့ဘဝအတွက် ကြောင့်ကြမဲ့နေခဲ့သည်တော့မဟုတ်။ သူသည် အသက် ၉၀ အရွယ်တိုင်အောင်နေသွားသည်။ ဘာမှမကြောင့် ကြဘဲ သည်အသက်အရွယ်အထိနေနိုင်သည်မဟုတ်။

အက်ပီကျူးရပ်က သူသည် ဘယ်အရာကိုမှအနှောင့်အယှက်အဖြစ်မခံ။ လိမ်လည်မည်ဟု ထင်ရသောအရာများ နှင့်လည်းပတ်သတ်သည်မဟုတ်။ လူတို့ကို လှည့်စားမည် ဆွဲဆောင်မည်ဟူ သောအမူအရာကိုလည်းမပြဘဲနေ နိုင်သည်။ သူက လူတို့၏ ဘယ်အယူအဆ ဘယ်အိုင်ဒီယာကိုလည်း လက်မခံခိုင်း၊ သူတို့ကိုသူတို့ တစ်ခုခု သိသည်ဟူသော ထင်ဖွယ်ရာရှိသော အမူအရာမျိုးကို အားမပေး။

အလွန်သံသယရှိသည်ဟူသော အယူအဆသည်နိုင်ငံခြားအယူအဆ တစ်မျိုးမျိုး၏လွှမ်းမိုးမှုရှိနိုင်သည်ဟုယူဆ ကြသည်။ ပိုင်ရိုက အလက်စန္ဒားဘုရင်နှင့်အတူ အိန္ဒိယသို့ လိုက်ပါသွားခဲ့သူ ဖြစ်သည်။ အိန္ဒိယမှာ (Naked Philosopher) ဟုခေါ်သော ဆာဒူးကြီးများသည် မလိုအပ်ဘဲ ဝန်တက်စေသည်ဟု ယူဆ၍ကိုယ်တုံးလုံးနေသူ များဖြစ်သည်။ အစားအသောက် နှင့် အဝတ်အစားကိုပယ်သည်။ ဂျိန်းဘာသာဝင်များ (ဟိန္ဒူဘာသာဝင်တစ်မျိုး) ၏ အယူအဆအရပြင်ပလူတို့၏ အနှောင့်အယှက်မခံရစေရန် တောထဲတွင်နေထိုင်ကြသည်။ သူတို့သည် ဆာ လောင်ခြင်း၊ ရှက်ကြောက်ခြင်း စသော လူမှုဒုက္ခများမှကင်းကင်းဝေးဝေးနေထိုင်ကြပြီး သူတို့ကြားသမျှ၊ မြင်သမျှ ကို လျစ်လျူရူကြသည်။

ပိုင်ရိုကလည်း ထိုအယူအဆမျို ခပ်ဆင်ဆင်ဝါဒကိုသင်ကြားခဲ့ပါသည်။ သူကိုယ်တိုင်လည်း ထိုဘဝမျိုးကို နှစ်နှစ် ချိုက်ချိုက်ကြီးနေပြသွားခဲ့ပါသည်။ ကျွန်တော်တို့ကြားသမျှသိသမျှနှင့်အမှန်တရားကိုခွဲခြားမပြောနိုင်။ထို့ကြောင့် ကျွန်တော်တို့သည်ကောင်းသော ရည်ရွယ်ချက်များကို သူတို့အပေါ်တွင်ထား၍မရ။ ထို အရာများနှင့် ပါတ်သက် ၍ကျွန်တော်တို့၏ အယူအဆယုံကြည်မှုဘာမှဖြစ်ပေါ်လာခြင်း မရှိစေရ။ ပထမတွင်ဘာမှပြောစရာရှာ မရအောင် ဖြစ်သော်လည်း ၄င်းသည်နှောင့်ယှက်မှုအပေါင်းမှ ကင်းဝေးအောင် နေခြင်းပင်ဖြစ်တော့သည်။

အိန္ဒိယမှ အယူအဆများအရ ဝိဉာဉ်သည်သူသေသည်နှင့်တစ်ခြားသို့ ပြောင်းလဲသွားမည်။ စင်္ကြာဝဠာကြီး သည် အကန့်အသတ်ရှိသည်။ ဘယ်သူမှဖန်တီးထားခြင်းမဟုတ်။ ထိုအရာများနှင့်ပတ်သတ်၍သံသယဝါဒီများက စိတ် စွဲ ကင်းကင်း (Open Mind) ထားလိုကြသည်။

ဆိုကရေးတီးက ပြောသည်မှာ “သူဘာမှမသိကြောင်း” ပင်ဖြစ်သည်။ သူ့အတွက် ရူပဗေဒ၊ စင်္ကြာဝဠာဆိုင်ရာ ဥပဒေ ဘိုင်အိုလိုဂျီ တို့မှာ မျှော်လင့်ချက် ကင်းဝေးနေကြသည်။ လူ့ကျင့်ဝတ်ကိစ္စများတွင်သာ စိတ်ဝင်စားဟန် ပြခဲ့သည်။ ဆိုကရေးတီး၏နည်းနာ ပြောဟန်ဆိုဟန်များမှာ ဂရိ သံသယဝါဒီများနှင့် အတူတူပင် ဖြစ်သည်။

ဒီမိုကရေးတပ်က အတမ်များသည် ကျွန်တော်တို့၏ အာရုံခံအင်္ဂါများကိုလွှမ်းမိုးနေသည်။ ကောင်းကင်ကြီးပြာ နေသည် ဆိုခြင်းမှာ တကယ်ပင်ကောင်းကင်ကပြာခြင်းမဟုတ်။ လူတို့၏ နားလည်မှုသဘောအရ တညီတညွတ် တည်း မှန်သည်ဟု (Convension) ယူဆထားခြင်းသာဖြစ်၏။ တစ်ကယ်ဖြစ်ပေါ်နေသည်နှင့် အပေါ်ယံအမြင်တို့ ကွာဟနေမှုမှာ သံသယဝါဒီတို့အဖို့ ဗဟုသုတသည် လူတို့၏ မှတ်တမ်းယူပုံ အပေါ်မှုတည်သည်ဟု ပြောစရာဖြစ် နေသည်။ ကျွန်တော်တို့၏ အာရုံခံအင်္ဂါများကို မယုံကြည်ရဘူးဆိုလျှင်ဘာကိုယုံကြည်ရမည်နည်း။ သူ၏ အတမ် သီအိုရီကရော မှန်ကန်မှုရှိရဲ့လား။ လူတို့၏ ယုံကြည်မှုမှအမှန်တရားဆီသို့ ကူးဖို့ သက်သေသည်ဘယ်မှာနည်း။ ပိုင်ရိုနှင့် သူ၏နောက်လိုက်များက ယုံကြည်ကြသည်မှာ “ကူးစရာမရှိပါ” ဟူ၍ ဖြစ်သည်။

ပိုင်ရိုက အရာအားလုံးအပေါ် သံသယအမြင်ဖြင့် ကြည့်ရမည်ဟု ဆိုသည်။ မိမိစကားကိုပင် သံသယဝင်ရဦးမည် ဟုဆိုလိုသည်။ အမှန်တရားဟူ၍ မရှိ။ လူတို့သည်အားလုံး သဘောတူညီမှုအရသာဖြစ်ပါလျှင် မည်သည့်အရာ သည် မည်သည့်အရာထက်ပိုကောင်းသည်ဟု မပြောနိုင်တော့ပါ။ အရစ္စတာချုစ် ပြောသလို အရာရာတိုင်းသည် “ပန်းချီကားချပ်သဖွယ်သာဖြစ်ပါသည်” ဟုဆိုလျှင် ဘယ်အရာမှ အတည်မဟုတ် သူတို့၏ ပန်းချီကားကရော အစစ်အမှန်ဟုတ်ရဲ့လား ဟု မေးချင်စရာ ဖြစ်နေသည်။

သံသယဝါဒီတို့တွင် ထင်ရှားသော စာရေးဆရာ ဆက်တပ်က (Sextus Empycirus) လူတို့သည် အမှားအမှန် ကိုမဝေဖန်မဆုံးဖြတ်ဘဲနှင့်အယူအဆအတွေးအခေါ်ဟူ၍ မရှိဘဲဘဝကိုနေထိုင်သွားရမည်ဟုဆိုသည်။ ယုံကြည် ရန်အတွက် ထောက်ခံသော အရာများရှိသလို ကိစ္စတစ်ခုကို မယုံကြည်ရန်အတွက် အချက်အလက်များလည်းရှိ သည်။ ထိုသို့အယူအဆ ကင်းမဲ့သောဘဝ၊ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ဝေဖန်ထောက်ရူ့ခြင်းရှိသော အလေ့ အထများမှာ ပလေတို၏ အကယ်ဒမီမှ သင်ကြားပို့ချခြင်းများပင်ဖြစ်သည်။

ပိုင်ရိုမကွယ်လွန်မီကတည်းမှာပင် အာဆီလော့ (ဘီစီ ၃၁၅ -၂၄၀) သည်ပလေတို၏အကယ်ဒမီကို ဆက်ခံယူပါ သည်။ ဇီနို (Zeno) ကအချို့သောအရာများမှာ သိသာမြင်သာပြီးသေချာလှသောကြောင့် အမှန်တရားဟုယူဆ နိုင်သည်။ သို့ရာတွင် အာဆီလော့က ဖရောင်း (Wax) ဖြင့် စီစဉ်ထားသောစီစဉ်ထားသော ပန်းသီးတစ်လုံးသည် အစစ်နှင့်တူလွန်းလှသဖြင့်၄င်းကိုကြည့်ပြီး ပန်းသီးဟုယူဆလိုက်လျင်မှားယွင်းသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် တကယ့် အရာဝတ္ထုများ၏အပေါ် လူတို့၏အမြင်များမှာ သံသယဝင်ဖွယ်ရာရှိသည်။

အာဆီလော့က ဟိုဝါဒ သည်ဝါဒ စသည်ဖြင့် တိုက်ခိုက်သောအခါ သူ၏ရည်ရွယ်ချက်မှာ မည်သည့်ဘက်ကမှ အမှန်ဟု ယူဆစရာမရှိကြောင်း။ လောကတွင် သိနိုင်သောအရာရှိသည် ဆိုခြင်းကို ရွှေ့ဆိုင်း (Suspend the judgement) လိုက် ရန်ပင်ဖြစ်သည်။ ဖီလိုဆိုဖီဆိုင်ရာပြဿနာများတွင် မည်သည့်နည်းကို သုံး၍မှ ဖြေရှင်း၍ မရပါဟု ဆိုလိုသည်။

ဒေမစ်ဟွမ်း (David Hume) က ၁၇၄၈တွင် ရေးခဲ့သည်မှာ ပိုင်ရိုနှင့်တကွ သံသယဝါဒီများသည် မည်သို့ စားရ မည် သောက်ရမည်ကိုပင်မဆုံးဖြတ်နိုင်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့ကို ဘယ်လိုလုပ်ရမည်ဟု မဆုံးဖြတ် နိုင်သောကြောင့်ဖြစ်သည်။ သူတို့သည်ပေါင်မုန့်ကိုဘဲစားရမှာလား၊ ကျောက်ခဲကိုဘဲကောက်ဝါးရတော့မည်လား မဆုံးဖြတ်နိုင်။ ရိုင်းစိုင်းသော မြင်းတစ်ကောင်၏ ခွါနှင့်ပေါက်သည်ကို ရှောင်ရမည်လား၊ ခံနေရမည်လား ဟူ၍ မဆုံးဖြတ်နိုင်လျှင် အသက်အန္တာရယ်ကြီးလှပါသည်။ သံသယဝါဒီတို့သည် ထိုကဲ့သို့သော အရာများကိုပါ သံသယဝင်ခြင်းဖြင့် ဘာမှ လုပ်၍ ရတော့မည်မဟုတ်ဟု ဆိုလိုသည်။

တောင်တစ်တောင်ဆီသွားရမည်လား၊ ရေချိုးဖို့ ရေကန်ဆီသွားရမှာလား၊ ဈေးသွားဖို့အတွက် တံခါးဆီသွားရမှာ လား၊ အကာအရံတန်တိုင်း ဆီသွားရမှာလား မဆုံးဖြတ်နိုင်သူတစ်ယောက်အဖို့ ဘဝတွင် နေနိုင်ရန် ခက်ခဲလှပါ သည်။ အာဆီလော့ကမှု လူတစ်ယောက်သည် အတွေးအခေါ်မရှိပါဘူးဆိုသည့်တိုင် ဘယ်အရာကိုလုပ်မည်၊ ဘယ်အရာကို မလုပ်ဆိုသည်ကိုမှု ဆုံးဖြတ်နိုင်သည်ဟု ဆိုခဲ့သည်။ သံသယဝါဒီတို့သည် ဥပဒေများ ထုံးတမ်းစဉ် လာ များကိုလိုက်နာရမည်။ သို့သော်မည်သို့ယူဆပါသည်ဟူ၍ အယူအဆကိုယူဆပိုင်ခွင့်မရှိ။

အာဆီလော့နောက် ပလေတို ၏ ကျောင်းကိုဆက်ခံသူမှာ ကာနဒီး (Carneade) (ဘီစီ ၂၁၉-၁၂၉) ဖြစ်၏။ သူကပိုင်ရို၏ အယူအဆကို လေးလေးစားစား လိုက်နာသူဖြစ်သည်။ သူက ကိစ္စရပ်တိုင်းအတွက် လူတို့သည် မိမိအယူအဆကို ပစ်ပယ်ရမည်ဟုမဆိုလိုပါ။ အချို့ကိစ္စများတွင်အယူအဆရှိနိုင်သည်။ သူ့နောက်လာသူ ဖီလို (Philo of Larissa) (ဘီစီ ၁၆၀- ၈၃) မှာမှု ပိုင်ရို၏ အယူအဆများမှ လမ်းခွဲလာခဲ့သူဟု ဆိုနိုင်ပါသည်။ သူက ဖီလိုဆိုဖီ အယူအဆ တချို့ ကို လက်ကိုင်ပြုသည်။ ပိုင်ရိုအစစ်အမှန်တစ်ယောက်အတွက်မှု လက်ခံမရနိုင်သော အချက်များဖြစ်သည်။

ထို့နောက် ပဌမရာစုနှစ်တွင် အန်နီစီဒီနပ်စ် (Aenesidenus) လက်ထက်တွင် ပိုင်ရို၏ အယူအဆများမှာ များစွာ ကျန်ရှိနေသေး သော်လည်း အပြင်းအထန်ကျင့်သုံးသည့် လက္ခဏာမရှိတော့ပေ။ စီဇာရိုကမှု ပိုင်ရို၏ဝါဒမှာ ပဌမရာစုတွင် မရှိတော့ပါဟု ရေးသည်။

ထို့နောက်မှပိုင်ရို၏ ဘဝကို အသစ်ပြန်ရေးသူ ဆက်တပ်ဒုတိယရာစု၏နောက်ပိုင်း ခေတ်သို့ရောက်ရှိလာသည်။ ဆရာဝန်တစ်ယောက်ဖြစ်သောဆက်တပ်ကသိပ္ပံပညာ၏နည်းစနစ်များကို အသုံးပြုသည်။ သူကအချက်အလက် ကောက်ယူရာတွင်၄င်း၊ ၄င်းတို့ကို အဓိပ္ပါယ်ဖော်ရာတွင်၄င်း၊ သိပ္ပံနည်းကို အသုံးပြုနိုင်သော်လည်း ထိုအရာများ နှင့် ပတ်သတ်၍ အယူသီးသော သီအိုရီထုတ်ရန်မလိုဟု ယူဆသည်။ ဥပမာ အာကာသဂြိုလ်ကြီးများ၏ရွေ့လျား မှုနှင့် ပတ်သတ်၍ လေ့လာရာ တွင် စိုက်ပျိုးရေးနှင့် ရွေ့လျားမှုများကို လေ့လာသကဲ့သို့ ရေခမ်းခြောက်မှု၊ မိုးရွာ သွန်းမှု၊ ပလိပ်ရောဂါဖြစ်ပွားခြင်း မြေငလျင် တုန်လှုပ်မှုများကို ကြိုတင်ခန့်မှန်းမှုများပါဝင်ရမည်။ သံသယဝါဒီများ အဖို့ ဂျော်မကြီးနှင့် သင်္ချာကို လေ့လာရာတွင် လက်တွေ့ အသုံးဝင်မှုအပိုင်းကိုသာ လေ့လာရမည်။ ပလေတို ပြောသလို လိုင်းများကို ပွိုင့်များဖြင့်ဆက်ထားသည်၊ ပိုင်သဂိုရပ်ကဲ့သို့ အရာရာတွင် နံပါတ်များသာဖြစ်သည်ဆို သော အယူအဆများမပါဝင်ပေ။

(၃)

ယုံကြည်မှုများမှ ရလာသောဗဟုသုတများကိုမည်သို့သိုမှီးရမည်နည်း။ “ဦးဘသည်ကြေးနန်းတစ်စောင်ရသည်။ သူ၏သားသည် ရှေ့တန်းတစ်နေရာတွင် တိုက်ပွဲကျသွားပြီတဲ့။” သတင်းမှာ သေချာပါသည်။ သည်ကိစ္စ သည် နောက်စရာ၊ ရယ်စရာမဟုတ်။ ထိုသို့သော သတင်းကို ဘယ်လိုသဘောထားရမည်နည်း။

ကျွန်တော်၏ဥယျာဉ်ထဲတွင်သစ်ပင်ဆယ်ပင်ရှိသည်။ သွား၍ကြည့်နိုင်ပါသည်။ သစ်ရွက်သစ်ခက်များဖြင့်ဝေဆာ နေသော အပင်များမှာ ဆယ်ပင်ထိပေါက်လျက်ရှိပါသည်။ ထိုအရာကို သင်၏ ဗဟုသုတဘဏ်တိုက်တွင်ဘယ် လို သိုမှီး ရမည်နည်း။

သံသယဝါဒီတို့က သူတို့အဆုံးအဖြတ်မပြုခြင်း၏ အဓိကရည်မှန်းချက်မှာ ပျော်ရွှင်မှုကို ထိန်းသိမ်းထားနိုင်ရန်ပင် ဖြစ်ပါသည်။ ၄င်းသည် ရှေးဟောင်း ဖီလိုဆိုဖီတစ်ခုဖြစ်ပြီး ရှေးဟောင်း ဖီလိုဆိုဖီ ဆိုသည်မှာ ပျော်ရွှင်ချမ်းမြေ့မှု အတွက် ဖြစ်ပါသည်။ ပြင်ပကမ္ဘာလောကကြီးကို ကျွန်တော်တို့အာရုံခံအင်္ဂါများမရှိလျင်မဆုံးဖြတ်နိုင်၊ ထောက် လှမ်း၍မမှိီနိုင်၊ ထို့ကြောင့် ကမ္ဘာကြီးကိုမဆုံးဖြတ်ဘဲ (Suspension of Judgement) ထားလိုက်လျင် အကောင်း ဆုံးဖြစ်မည်။ ဤနည်းဖြင့် ကျွန်တော်တို့၏ ပျော်ရွှင်မှုများမှာ အနှောင့်အယှက် ကင်းကင်းဖြင့် ပျော်ရွှင် သောဘဝ ကိုတည်ဆောက်နိုင်မည်ဖြစ်၏။လူ့ဘဝ၏ ရည်ရွယ်ချက်၊ စိတ်ချမ်းမြေ့ပျော်ရွှင်စွာနေနိုင်ရေးပင်မဟုတ်ပါသလော မိမိနှင့်မသက်ဆိုင်သောကိစ္စများတွင် ပါဝင်မဆုံးဖြတ်ဘဲနေခြင်းသည်အဘယ်မျှတာဝန်ကင်းသွားစေပါသနည်း။ နေ့စဉ်နှင့်အမျှ မဆိုင်သောကိစ္စများတွင် မိမိနှင့် မပတ်သက်သည်ကပို၍ကောင်းပါသည်။

ဆရာဝန်နှင့် တွေ့ဆုံပြီး ဆရာဝန်က စမ်းသပ်သောအခါ သင့်တွင်ကုသ၍မရနိုင်သော ရောဂါစွဲကပ်နေပြီ ဟုဆို၏။ သင်နေရလှလျှင် ၂ လဘဲအချိန်ကျန်တော့သည်ဟု အဖြေထွက်၏။ ဤဆုံးဖြတ်ချက်ကို ဘယ်လို သဘော ထားပါသနည်း၊ ဆရာဝန်က ပြင်ပလက္ခဏာများအရ သင်သည် မကျန်းမာဘူးဟု မပြောနိုင်။ အချို့ လက္ခဏာအလိုအရတော့ သင်သည် ၂ လထက်ပို၍ အသက်ရှင်ရစ်တော့မည်မဟုတ်။

သင်သည် ဆရာဝန်၏ ပြောကြားချက်များကို မယုံကြည်ပါဟူ၍ (Suspend) လုပ်နိုင်ပါသည်။ မြတ်စွာဘုရား ရှင်ကလည်း လျစ်လျူရူရေး တရားကို ဟောခဲ့ပါသည်။ ဤနည်းဖြင့် စိတ်ချမ်းသာမှုကို ရယူနိုင်ပါသည်။ ထို့ နောက်မှ ဆရာဝန်၏ စမ်းသပ်ခန်းမှနေ၍ စိတ်အနှောင့်အယှက်မရှိ သံသယရှင်းစွာဖြင့် ပြန်လာနိုင်ပါသည်။

ထိုပျော်ရွှင်ချမ်းမြေ့မှုသည် အဘယ်မျှတာရှည်ခံပါမည်နည်း။

ကိုသန်းလွင်

Ref: The Dream of Reason, Anthony Gottileb.