Breaking News

ဆောင်းယွန်းလ ● မှောက်လျက်ငေးမိတဲ့ မျက်မှောက်ရေးရာအဖြာဖြာ

ဆောင်းယွန်းလ  ● မှောက်လျက်ငေးမိတဲ့ မျက်မှောက်ရေးရာအဖြာဖြာ
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၉

ကွန်မြူနစ်ပါတီကြီး အဓွန့်ရှည်ခဲ့တော့
နှစ်ပေါင်း ၇၀ြ ကာခဲ့တယ်
ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေမပြီးသေးဘူး
ဒေါ်နယ်ထရန့်ကြီး စတန့်ထွင်ကောင်းခဲ့တော့
နယ်ခြားအုတ်တံတိုင်းကြီးတွေ ပိုပြီးမြင့်တက်လာတယ်
မိတကွဲဖတကွဲ ကလေးသူငယ်တွေအရေးက ရှင်းလို့မပြီးသေးဘူး
စီးပွားရေးသမားကြီးတွေ စက်ရုံကြီးတွေပိုတိုးချဲ့လာကြတော့
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေက
ကမ္ဘာအနှံ့မဆန့်အောင် ပိုပြန့်လာတယ်
အနာဂတ်မျိုးဆက်သစ်တွေရဲ့
သဘာဝတရားအပေါ် အကြောက်တရားက ခြောက်ခြားဖွယ်ရာ
အရှေ့အလယ်ပိုင်းမှာ
ရွေးကောက်ပွဲတွေသာ တခုပြီးတခုပြီးဆုံးသွားတယ်
တာလီဘန်တွေရဲ့တန်ခိုးအာဏာလက်ရုံးက မီးဟုန်းဟုန်းတောက်တုန်း
အာဖဂန်ပြည်သူတွေရဲ့မျှော်လင့်ချက်ဟာ
တနေ့တခြားပိုများလာတဲ့ ကျည်ဆန်နဲ့ ဗုံးဒဏ်ရာ
စကန်ဒီနေးဗီးယန်းနိုင်ငံတွေမှာ
ဘာသာမဲ့တွေ တနေ့တခြား များများလာတယ်
ငြိမ်းချမ်းစိမ်းလန်းတဲ့ တောတောင်တွေနဲ့
လူသားချင်းချစ်ခင်ကြင်နာရိုင်းပင်းမှုတွေက လျော့ပါးမသွားခဲ့ဘူး
ထမင်းစားပွဲပေါ်မှာထိုင်နေရင်း
ကမ္ဘာကြီးကပြောင်းလဲသွားတာကို တချို့လူတွေမသိလိုက်ကြဘူး
တိုင်းတပါးကျူးကျော်မယ့်ဘေးကိုတွေးပြီး
စစ်လက်နက်အင်အားတွေချဲ့ထွင်ရင်း
တိုင်းပြည်တပြည်လုံး ချောက်ထဲထိုးဆင်းနေရတဲ့ဘဝ
ဘယ်လိုကုသိုလ်နဲ့မှ အမျှဝေလို့မရတာကို တချို့လူတွေမသိလိုက်ကြဘူး
မြို့ကြီးဟာ တဖြေးဖြေးနဲ့ ပင်လယ်ရေထဲကိုနိမ့်ဆင်းလာပြီး
မြစ်နဲ့ချောင်းတွေဟာ တဖြေးဖြေးနဲ့ မြောင်းဖြစ်လာပုံဟာ မယုံနိုင်စရာ
ရေနောက် မြေခြောက်ပြီး သန့်ရှင်းတဲ့လေပါ ပျောက်ဆုံးလုနီးပါး
သစ်တောကြီးတွေလည်း တဖြေးဖြေးပါးလာခဲ့
နောက်ဆုံးပေါ်ကားနဲ့မိုလ်ဘိုင်းဖုန်း
ငွေသာရှိရင် လူတိုင်းဝယ်သုံးနိုင်တဲ့ အနှီကမ္ဘာကြီးထဲ
လူတွေကားစီးပြီး ဖုန်းပြောနိုင်တာက ဘာများဆန်းလို့လဲ
တကယ်တော့
ကမ်းမှောက်တောင်ပြိုပြီး လမ်းပျောက်နေတာကသာ ဆန်းတယ်
ကိုယ့်အချဉ်ကို ကိုယ်ပြန်ချိုနေတာကသာ ဆန်းတယ်
လမ်းမမြင် ကမ်းမမြင်မှာ
ကိုယ်တို့ ဘာအသစ်အဆန်းတွေ ထပ်သင်နေကြရဦးမယ်မသိ
တတိတိနဲ့ မှောင်အတိပြီးလာခဲ့သော နေ့ရက်များ။

ဆောင်းယွန်းလ