Breaking News

ခင်မျိုးချစ် - စကားလုံးများ၏အင်အား




ခင်မျိုးချစ် - စကားလုံးများ၏အင်အား

(အတွေးအမြင်၊ အောက်တိုဘာ ၂၀၁၉)
မိုးမခ၊ အောက်တိုဘာ ၂၊ ၂၀၁၉

Stories and Sketches of Myanmar ထဲမှ ဒေါ်ခင်မျိုးချစ်၏ Words, Words, Words ကို ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန်သည်။

ကျွန်မသည် အလုပ်မရှိသည့်အခါတွင် အပျင်းပြေ တစ်ယောက်တည်း ကစားသောနည်းတစ်ခု ရှိပါသည်။ ဤကစားနည်းမှာ အင်္ဂလိပ်ဘာသာဖြင့် စာလုံး လေးလုံး ပါဝင်သော စကားလုံးများကို ရေးချခြင်း ဖြစ်သည်။ ရေးပုံရေးနည်းမှာ ဤသို့ ဖြစ်သည်။ အရင်ဆုံး စာလုံး လေးလုံး ပါသော စကားလုံးတစ်လုံးကို အခြား စာလုံးတစ်လုံးဖြင့် အဓိပ္ပာယ်ရှိသော စကားလုံးတစ်လုံး ဖြစ်အောင် လုပ်လိုက်သည်။ ဤနည်းဖြင့် စာလုံး လေးလုံးပါသော၊ အဓိပ္ပာယ်ရှိသော စာလုံး အသစ်များကို ဆက်လက်၍ လုပ်ဆောင်သွားသည်။ စာဖတ်သူအနေဖြင့် လူ နားမလည်တဲ့ စကားလုံးတွေ ဖတ်ရတော့မှာပဲဟု ထင်ပြီး ကြောက်မသွားပါနဲ့။ အဓိပ္ပာယ် မသိတာ နည်းနည်းပါရင်လည်း ဒီဆောင်းပါးကို မထိခိုက်ပါဘူး။

ကျွန်မ ကစားသည့် နည်းတစ်ခုတွင် အောက်ပါ စကားလုံးများကို ရရှိပါသည်။

အစမှာ Home ဟူသော စကားလုံးနဲ့ စခဲ့ပါသည်။ H နေရာမှာ S ထည့်လိုက်သောအခါ Some ရသည်။ M နေရာမှာ R ထည့်လိုက်သောအခါ Sore ရသည်။ ဤနည်းအတိုင်းဆက်သော်… Wore, Work, Fork, Fore, Fare, Fate, Hate… ။

ဤကဲ့သို့ Home မှ စလိုက်ရာ စကားလုံးတွေ အမျိုးမျိုး ရရှိလာပါသည်။ ဤသည်ကား စကားလုံးများဖြင့် ကစားနည်းတခု ဖြစ်ပါသည်။

စာပေတွင် စကားလုံးများဟူသည် အမျိုးမျိုး ရှိနိုင်ပါသည်။ အချို့သည် ပျော်စရာကောင်းသော စကားလုံးများ ဖြစ်သည်။ အချို့သည် စိတ်ညစ်စရာကောင်းပါသည်။ အချို့သည် မျှော်လင့်ချက်ပေးပါသည်။ အချို့သည် မျှော်လင့်ချက်ကင်းသော စကားလုံးများ ဖြစ်သည်။ ဘာဖြစ်မည်ဟူသည်ကို ကြို၍မသိနိုင်ပါ။

စကားလုံးများ ရှိနေသရွေ့ စာပေဖွဲ့ဆိုခြင်းလည်း ရှိနေမည် ဖြစ်ပါသည်။ နိုင်ငံတွေ၊ အင်ပါယာကြီးတွေ ပျက်စီးကုန်သော်လည်း စကားလုံးများသည် ရှိနေမည် ဖြစ်ပါသည်။ စကားလုံးများကို အသေသတ်၍ မရပါ။ တခါတရံတွင် စကားလုံးများသည် မြေကြီးထဲတွင် မြုပ်သွားနိုင်ပါသည်။ သို့သော်လည်း သစ်ရွက်ခြောက်များကို မြှုပ်လိုက်သည်ပေမယ့် ခဏလောက် မြုပ်နေပြီး နောင်တွင် အသစ်ပေါက်လာနိုင်ပါသည်။

အခုလို ပြောလိုက်သောအခါ ဘုရားဟော ဇာတ်တော်များထဲမှ သုတသောမဇာတ်ထဲမှ အဖြစ်အပျက်တစ်ခုကို သတိရမိပါသည်။ ဤဇာတ်တော်ကို အစအဆုံး အားလုံး ပြန်ပြောဖို့တော့ မဖြစ်နိုင်ပါ။ ယခု ကျွန်မ ပြောချင်သည့် အကြောင်းအရာများကိုသာ ရွေးထုတ်၍ ပြန်ပြောပါမည်။

ဘုရင် သုတသောမသည် ပညာရှိ ပုဏ္ဏားကြီးတယောက်နှင့် ချိန်းထားသည်။ ဘုရင်သည် ထိုပုဏ္ဏားကြီးသည် အလွန်မှတ်သားစရာကောင်းသော စာများကို ရွတ်ပြမည်ဖြစ်၍ ထိုစာများကို နာယူရန် ဖြစ်သည်။ သို့သော် ဘုရင်ကြီးသည် တရားမနာနိုင်။ တောပုန်းတယောက်က သူ့ကို ဖမ်းသွားသည်။ ထိုတောပုန်းသည် အခြားလူ မဟုတ်။ လူသားစားတတ်သော ပေါရိသာဒ ဖြစ်သည်။ သုတသောမမင်းကြီးသည် သူ့ကို ဖမ်းသွားသော တောပုန်းကြီးအား သူ့ကို တရားနာနိုင်ခွင့် ရရှိစေရန် ခေတ္တခဏလွှတ်ပေးရန် တောင်းပန်သည်။ သူသည် တရားနာပြီးလျှင် တောပုန်းကြီးထံသို့ ပြန်လာမည် ဖြစ်ကြောင်းကို ကတိပေးသည်။

ဘုရင်ကြီးသည် တရားနာပြီးသောအခါ ကတိပေးထားသည့်အတိုင်း တောပုန်းကြီးထံသို့ ပြန်လာခဲ့သည်။ လူသား စားတတ်သော တောပုန်းကြီးသည် ဘုရင်ကြီး၏ ကတိတည်သော စိတ်ဓာတ်နှင့် သတ္တိတို့အပေါ် လွန်စွာ အံ့ဩမိသည်။ တောပုန်းကြီးက ဘုရင်ကြီးအား သူ နာကြားခဲ့သော တရားကို သူ့အား ပြန်လည်၍ ဟောကြားပါရန် တောင်းပန်သည်။ ဘုရင်ကြီးသည် တောပုန်းကြီးကို သူ နာယူခဲ့သော တရားကို ပြန်လည်၍ ဟောကြားလိုက်သည်။ ထိုအခါ တောပုန်းသည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်၍ ဘုရင်ကြီးကို လိုရာဆု လေးခုကို ချီးမြှင့်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ထိုအခါ ဘုရင်ကြီးသည် သူ တောင်းဆိုသော ဆုလာဘ်လေးခုကို ပညာရှိပီပီ တောပုန်းကြီးကို အကျွတ်တရား ရသွားစေရန် ရွေးလိုက်သည်။ ထိုတောပုန်းကြီးသည် တချိန်က သုတသောမမင်းကဲ့သို့ ဘုရင်တပါး ဖြစ်ခဲ့သည်။ သူ၏ လူသားစားတတ်သော အကျင့်ကြောင့် သူသည် ထီးနန်းကို စွန့်ခဲ့ရပြီး တောထဲ၌ တောပုန်းကြီး ပေါရိသာဒသည် အကျွတ်တရားရ၍ သူ၏ထီးနန်းကို ပြန်လည်၍ ရရှိသွားလေသည်။

ဤသည်ကား ဇာတ်လမ်းအကျဉ်းချုပ်မျှသာ ဖြစ်ပါသည်။

(ဘာသာပြန်သူ၏ မှတ်ချက်- ဤဆောင်းပါးသည် မေမေ ဒေါ်ခင်မျိုးချစ်အနေဖြင့် ဘာမှမသိသော နိုင်ငံခြားသားများအတွက် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။ မေမေ၏ ရေးသားချက်များ ဆက်ရလျှင်)

မူရင်းဇာတ်လမ်းတွင် အလွန်စိတ်လှုပ်ရှားစရာ အခန်းများနှင့် အပြန်အလှန် စကားများစွာ ပါဝင်ပါသည်။ ၎င်းတို့အထဲမှ ဘုရင်ကြီး သုတသောမသည် ပုဏ္ဏာကြီးထံမှ တရားနာယူသည့် အခန်းကိုသာ ဖော်ပြလိုပါသည်။

ဘုရင်ကြီးသည် ပုဏ္ဏားကြီးအား အဖိုးတန် အဝတ်များကို ဝတ်ဆင်၊ အမွှေးနံ့သာများကို လိမ်းစေလျက် သလွန်ပေါ်တွင် ထိုင်စေသည်။ ဘုရင်ကြီးကိုယ်တိုင် သည် ပုဏ္ဏာကြီးအောက် နိမ့်သောနေရာတွင် ထိုင်ကာ တရားနာယူလေသည်။

ပုဏ္ဏာကြီးသည် သူ၏အိတ်ထဲမှ တရားစာအုပ်ကို ထုတ်၍ အောက်ပါတရားတော်များကို ဖတ်ပြလေသည်။

မဟာရာဇ- အဆွေတော်မင်းမြတ် သူတော်ကောင်းတို့နှင့် တကြိမ် တခါမျှသာလျှင် ပေါင်းဆုံမှီဝဲရပေ၏။ ထိုတကြိမ်တခါမျှ ပေါင်းဆုံမှီဝဲရြခင်းသည် ထိုကဲ့သို့ ပေါင်းဆုံမှီဝဲရသောသူကို ဘေးရန်မနှောင့် ချမ်းသာရောက်အောင် ကယ်မနိုင်ပါလေ၏။ တရားကင်းကွားသော သူယုတ်မာတို့နှင့် ကြိမ်ဖန်များစွာ ပေါင်းဆုံမှီဝဲသော်လည်း ဘေးရန်မနှောင့် ချမ်းသာရောက်အောင် မစောင့်မရှောက် မကယ်မနိုင်ပေ။ ထို့ကြောင့် သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဆုံအမြဲ မှီဝဲဆည်းကပ်ရာ၏။ သူတော်ကောင်းတို့နှင့် မိတ်ဆွေဖွဲ့ခြင်း၊ ကျွမ်းဝင် ချဉ်းကပ်ခြင်းကို ပြုရာ၏။ ပြုပါလေ။ ဘုရား အစရှိသော သူတော်ကောင်းတို့၏ ပစ္စုပ္ပန်သံသရာ နှစ်ဖြာ ကြီးပွားချမ်းသာကြောင်း ပုညကိရိဘ ဗောဒိပက္ခိရ တရားကောင်းကို တလုံးတပါဒမှစ၍ ကောင်းစွာ သိမြင်လာရသည်ရှိသော် တနေ့တခြား ကြီးပွားချမ်းသာ မြင့်မြတ်လာနိုင်ပါပေ၏။ ဆုတ်ယုတ်နိုင်ခြင်း အလျှင်းမရှိနိုင်ပေ။

မဟာရာဇ - အဆွေတော်မင်းမြတ် - မွမ်းမံခြယ်လှယ်၍ အဆန်းတကြယ် လှပခိုင်ခံ့ကုန်သော မင်းစီးရထားတို့သည် တနေ့နေ့တွင် ဟောင်းနွမ်းဆွေးမြည့် ပျက်စီး၍သွားကြရကုန်၏။ ထို့အတူ ကျွေးမွေးသုတ်သင် နေ့စဉ်နှင့်အမျှ မွမ်းမံခြယ်သကာ တယုတယနှင့် စောင့်ရှောက်၍ နေကြသော သူသူငါငါ ဤခန္ဓာကိုယ်ကြီးသည်လည်း ပြုပြင်ရင်းက အိုမင်းဆွေးမြည့် တနေ့နေ့တွင် ပျက်စီး၍သွားရမြဲသာတည်း။ ပြုလည်း မပြု၊ ပြင်လည်း မပြင်၊ ပင်ကိုမြဲတည် သူတော်ကောင်းတို့တရားဖြစ်သော နိဗ္ဗာန်သည်ကား ပျက်စီးယိုယွင်း ဆိတ်သုဉ်းခြင်းသို့ ကမ္ဘာလည်း ဖောက်ကပ်တွေ ပျောက်လည်း ဘယ်သောအခါမျှ မရောက်နိုင်ပါချေ။ ထို့ကြောင့် ဘုရား အစရှိသော သူတော်ကောင်းတို့သည် ထိုနိဗ္ဗာန်တရားတော်မြတ်ကိုသာလျှင် စင်စစ်ဧကန် အမှန်ဟူ၍ ပြောဆိုချီးမွမ်းကြလေကုန်၏။

မဟာရာဇ - အဆွေတော်မင်းမြတ်၊ ထက်လျာပြင် မိုးကောင်းကင်သည်လည်း မြေပြင်မှ မမှန်းဆနိုင်အောင် ဝေးကွာလှချေ၏။ မြေပြင်သည်လည်း မိုးကောင်းကင်မှ အလွန်ဝေးကွာလှချေ၏။ ဤမှာဘက်ကမ်းမှ အလွန်ပင် ဝေးကွာလှချေ၏။ ဤမှာဘက်ကမ်းသည်လည်း ဟိုမှာဘက်ကမ်းမှ မှန်းဆမထင် ဝေးကွာလှချေ၏။ ထို့အတူ သူတော်ကောင်းတို့၏ တရားသည်လည်း မသူတော်တို့တရားမှ မိုး မြေ နှစ်သွယ် ပင်လယ်ကမ်း နှစ်ခုတို့ထက် အရှေ့ အနောက် တောင် မြောက် ထောက်ဆနှိုင်းညှိ၍ မရအောင် အလွန့်အလွန်ပင် ဝေးကွာလှချေ၏ဟူ၍ ဘုရား အစရှိသော သူတော်ကောင်းတို့သည် မိန့်ဆိုတော်မူကြလေကုန်သတည်း။

ပုဏ္ဏားကြီးသည် တရားတော်တွင် ပါဝင်သော ဂါထာတပုဒ်စီအတွက် ငွေတထောင်သာ တောင်းဆိုသော်လည်း ဘုရင်မင်းမြတ်က ဂါထာတပုဒ်ကို တသိန်း ချီးမြှင့်ခဲ့သည်။

ယခုခေတ်တွင် အချို့သောနိုင်ငံများတွင် ကဗျာဆရာများသည် ငွေကြေးယူ၍ သူတို့ ရေးသော ကဗျာများကို လူများအား ဖတ်ပြကြသည်။ ယခု ပြောပြခဲ့သော ဇာတ်လမ်းတွင်လည်း ဤကဲ့သို့ ဖြစ်သည်။

ဤဇာတ်လမ်းများကို ကြားပြီးသည့်နောက်တွင် စကားလုံးများ၏ အင်အားကို စဉ်းစားကြည့်မိပါသည်။ စကားလုံးများသည် မယဉ်ကျေးသောသူကို ယဉ်ကျေးအောင် လုပ်နိုင်သည်။ ပညာမဲ့သောသူကို ပညာရှိအောင် လုပ်ပေးနိုင်သည်။ လူများကို ကောင်းသောအလုပ်များ လုပ်ချင်လာအောင် တွန်းအားပေးနိုင်သည့် စကားလုံးများ၏ အင်အားသည် အထက်ဘဝဂ် အောက်အဝီစိ အကန့်အသတ်မဲ့သော ဟိုဘက်ကမ်းဆီထိ ရောက်နိုင်သည်။ စကားလုံးများ၏ အင်အားသည် ဘယ်တော့မှ မမှိန်ပါ။ ပညာရှိစကားကို လေ့လာခြင်းသည် လူ့ဘဝကို အတိုင်းမရှိ တိုးတက်စေနိုင်သည်။

ခင်မျိုးချစ်

Colourful Myanmar Vol.2, 1988
Stories and Sketches of Myanmar 2003