Breaking News

နိုင်စွမ်း ● ကျီးကလေးတွေရဲ့ အသိုက်မြုံ

နိုင်စွမ်း ● ကျီးကလေးတွေရဲ့ အသိုက်မြုံ
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၉

(၁)
နွေနှောင်းကာလ မိုးဦးမကျမီ ပူလောင်ခြောက်သွေ့ နေချိန်မှာပဲ သူတို့ အသိုက်ဆောက်ဖို့ လုပ်ကြတယ်။ သူတို့ ဆိုတာက ကျနော်တို့ ငှားနေတဲ့ ၅ လွှာ အခန်းရှေ့ ဝရန်တာနဲ့ တတန်းတည်း ရှိနေတဲ့ သရက်ပင်ကြီးရဲ့ အမြင့်ဆုံးကိုင်းစုမှာ အသိုက်ဆောက်လုပ်နေတဲ့ ကျီးဖိုနဲ့ ကျီးမ စုံတွဲပါ။ သရက်ရွက်တွေနဲ့ ကာရန်ထားတဲ့ အလယ်က အမြင့်ဆုံး ကိုင်းဆုံမှာ သူတို့ အသိုက်ဆောက်ဖို့ လုပ်နေကြတာ မနက်ခင်းမိုးလင်းတိုင်း ကျနော် နေ့စဉ် မြင်နေကျ မြင်ကွင်းပေါ့။

သူတို့ အသိုက်ကလေး ဆောက်သလို ကျနော်နဲ့ အိမ်သူတို့လည်း ကိုယ်ပိုင် အိမ်ခန်းကလေး ဝယ်ဖို့ စုထား ဆောင်းထားတဲ့ ငွေကြေးလေးနဲ့ ဝယ်ဖို့ ကြိုးစားနေတဲ့ အချိန်နဲ့ အတူတူ ဖြစ်နေပါတယ်။

တခါတလေ တုတ်ချောင်းတွေ၊ အတိုအစ အမှိုက်တွေ ကိုက်ချီပြီး သူတို့ ဆောက်လုပ်မယ့် နေရာလေးဆီ ပျံသန်းပြီး မကျွမ်းမကျင်နဲ့ ဆောက်လုပ်နေတဲ့ သူတို့ကို ကြည့်ပြီး ကျနော် မကြာခဏ စိတ်မော ရင်မော ခံစားရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီတုတ်ချောင်းတွေက သူတို့ရဲ့ ဥကလေးတွေ၊ ပေါက်လာမယ့် ကလေးတွေ အတွက် နွေးထွေးမှုလည်းမရှိ၊ ကြမ်းရှမှုတွေ ဖြစ်နေမှာကို စိုးရိမ်မိတာပါ။

တရက်မှာတော့ အိမ်သစ်လေးအတွက် လိုမယ်ထင်တဲ့ သွပ်နန်းကြိုး အဟောင်းလေးတွေ မိတ်ဆွေတဦးဆီက ယူခဲ့ပြီး အခန်းရှေ့ ဝရန်တာလေးမှာ အပိုင်းကလေးတွေ ဖြတ်တောက်ထားပါတယ်။ သံချေးတက်နေတဲ့ တွန့်လိမ်လိမ် မည်းညစ်ညစ် သွပ်နန်းကြိုး အဟောင်းလေးတွေကို ကျနော်က အပိုင်းလေးတွေ ဖြတ်တောက်ပြီး အိမ်ရှေ့ ဝရန်တာမှာ ထားထားတာပါ။ အားလုံးဖြတ်တောက်ပြီး စုစည်းချည်နှောင်ထားဖို့ပါပဲ။

ဒါပေမယ့် နောက်နေ့ မနက်စောစောမှာတော့ ကျနော် စုမချည်ရသေးတဲ့ သွပ်နန်းကြိုးနီစွေးစွေး အစုအပုံက နဂိုထားတဲ့ အတိုင်း မဟုတ်ဘဲ ပြန့်ကြဲနေပါတယ်။ သြော် … ရထားလာလို့ လှုပ်ခတ်တဲ့ တုန်ခါမှုကြောင့် ဖြစ်မယ်လို့ပဲ ကျနော် ထင်ခဲ့မိတယ်။ ဒါနဲ့ ကျနော်က မနက်စာ ကော်ဖီဖျော်ဖို့ နောက်ထဲဝင်ပြီး ပြန်ထွက်လာချိန်မှာတော့ ကျီးဖိုလား ကျီးမလား မသိတဲ့ ကျီးကန်းတကောင်က ကျနော် ဖြတ်ထားတဲ့ သွပ်နန်းကြိုး အခွေအခေါက်တခုကို သူတို့နှုတ်သီးလေးနဲ့ သွပ်နန်းကြိုးတချောင်းကို ကိုက်ချီသွားပြန်ပါတယ်။ အဲဒီအချိန်က “မာရသာ” လို့ အမည်ပေးထားတဲ့ လေပြင်းမုန်တိုင်း ကျရောက်မယ့် အချိန်ပေါ့။

ကျနော် ဒေါသ မဖြစ်ခဲ့ပါ။ သူတို့လေးတွေ ဘဝ၊ သူတို့လေးတွေ အသိုက်အမြုံအတွက် ကြိုးစားနေကြတာကို လေးစားမိနေ ပါတယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာနဲ့ ခွင့်လွှတ်စိတ် အပြည့်နဲ့ပါ။သြော် အသိုက်ဆောက်ဖို့ တုတ်ချောင်းတွေ၊ ကိုင်းကျိုးတွေ မရှိသလောက် နည်းပါးနေတဲ့ အချိန်မှာ ကျနော့်ရဲ့ သံချေးတက်နေတဲ့ သွပ်နန်းကြိုးနီကြဉ်ကြဉ်တွေက သူတို့ အတွက် တစုံတရာ အထောက်အကူ ဖြစ်ပါစေလို့သာ ရင်ထဲက ဆုတောင်းနေမိပါတယ်။

(၂)
နှစ်ပေါင်း အတော်ကြာ အတွင်း အိမ်ပြန်မယ် လို့ ပြောမိကြတိုင်း ကျနော်က ကျေးလက်က ဖုန်နံ့တသင်းသင်းနဲ့ အမေ့အိမ်ကိုပဲ သတိရမိနေသလို အိမ်သူကလည်း စစ်ကိုင်းက အမေ့အိမ်ကလေးကိုပဲ သတိရမိတတ်ကြပါတယ်။ လက်ရှိနေထိုင် ခိုလှုံနေတဲ့ အခန်းကိုတော့ အိမ် ဆိုတာထက် ခေတ္တနားခိုရာ နေရာလို့ သဘောပေါက်မိကြပါတယ်။

ဒါနဲ့ ကျနော်တို့ ကိုယ်ပိုင်အသိုက်အမြုံအိမ်ကလေး တည်ဆောက်ဖို့ ရည်ရွယ်ပြီး ခါတိုင်းထက်ပိုပြီး အလုပ်တွေ လုပ်ခဲ့ကြပါ တယ်။ စာရေး၊ စာဖတ်၊ စာသင်တာက လွဲလို့ တခြား ဝင်ငွေကောင်းမယ့် အလုပ်တွေ မလုပ်တတ်ကြတဲ့ ကျနော်တို့ အတွက်တော့ ပင်ပန်းတယ်လို့ မတွေးမိကြတဲ့ အပြင် တဦးကို တဦး လေးစားအားထား ကြိုးစားခဲ့ကြပါတယ်။

“ကိုကိုရေ… အခန်းငွေချေဖို့ မပြည့်သေးဘူး။ ဒါပေမယ့် သိပ်အများကြီးတော့ မဟုတ်ဘူး။ မင်း ရနိုင်စရာ ရှိတဲ့ အခွင့်အလမ်းတွေ ကနေ မြန်မြန်ပေးပေးဖို့ ပြောပါလား။ ပြောင်းရွှေ့စရိတ်ပဲ ကာမိ ကာမိ ပေါ့” လို့ အိမ်သူက ပြောလာပါတယ်။
အိမ်သူရဲ့ စကားကို နားထောင်ရင်း ကျနော့် စိတ်ထဲမှာ မနက်ခင်းက ကျနော့်ရဲ့ ကျိုးသွားတဲ့ ပလပ်စတစ် အင်္ကျီချိတ် အဟောင်းကို ကိုက်ချီသွားတဲ့ ကျီးကန်း တကောင်ကို ပြေးမြင်မိလိုက်တယ်။ သြော် “မိုရာ” လို့ အမည်ပေးထားတဲ့ လေပြင်းမုန်တိုင်းက လာတော့မယ်လေ။ သူတို့ ဘ၀ အသိုက် အမြုံလေး အတွက် အရာအားလုံးထက် အရေးအကြီးဆုံး ဖြစ်သွားပြီပဲ။

(၃)
“ညီလေး… မင်းရဲ့ ဘာသာပြန်ခ အတွက် ဘယ်လောက်ပေးရမလဲ။ ပြောကွာ… ငါပို့ပေးလိုက်မယ်” လို့ မိဘသဖွယ် အစ်ကိုကြီးလို ရိုသေချစ်ခင်ရတဲ့ ဆရာတဦးက ဖုန်းဆက်ပြောလာတော့ ကျနော် ပျော်ရမလိုလိုပါ။

“ခင်ဗျားရဲ့ ဘာသာပြန်ကြေးက ဘယ်လိုယူလဲ ပြောဗျာ။ ကျနော် ပေးမယ်။ ပြောဗျာ” လို့ ပြောတဲ့ ပန်းချီဆရာ မိတ်ဆွေတဦးရဲ့ စကားသံကလည်း ကျနော့် အတွက် တကယ့်ကို အားရှိစရာပါ။

ဒါပေမယ့် သူတို့ လေသံတွေက မကျေနပ်တဲ့ အရိပ်အငွေ့တွေ ခံစားမိတော့… ကျနော် ငွေကြေးအကြောင်း ဘာမှ မပြောဖြစ်တော့ပါ။ သူတို့ကိုလည်း စိတ်မဆိုးမိ။ ကျနော်တို့ အဖြစ်၊ ကျနော်တို့ အခြေအနေက ပိုက်ဆံပြည့်စုံမှ ဖြစ်မယ့် အနေအထားမို့ အဲဒီ အတွက် အကူအညီ ရလိုရငြား ငွေကြေးကိစ္စ ပြောပြမိခဲ့တာပါ။

အနုပညာကို ချစ်စိတ်နဲ့ပဲ ကျနော် လုပ်ကိုင်လေ့ ရှိတာ ကျနော့်ကိုယ် ကျနော် သိနေပေမယ့် ကျနော့် စိတ်ထဲမှာတော့ လေပြင်းမုန်တိုင်း ရောက်မလာခင် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ တွေ့ရာ သစ်ကိုင်းစတွေ၊ ပလပ်စတစ် အင်္ကျီချိတ် အကျိုးတွေကို သူတို့ အသိုက်အမြုံအတွက် ဆွဲယူ ကိုက်ချီသွားတဲ့ ကျီးကန်းလေးလိုမျိုး အိမ်သူကို မြင်ယောင်မိလိုက် ပါတယ်။

သြော်… အသိုက်အမြုံအိမ်လေး အတည်တကျ ဖြစ်ဖို့ဆိုရင် တခါတလေ လူသားတွေဟာ ကျီးလေးတွေ လိုပဲ ပြုမူမိကြမယ် ဆိုတဲ့ အကြောင်း ကျနော် ဝန်ခံပြောပြချင်မိပါတယ်။