Breaking News

ဗိုလ်သူရိန် ● သင်္ဘောသားဘဝ သင်္ဘောသားအကြောင်း

ဗိုလ်သူရိန် ● သင်္ဘောသားဘဝ သင်္ဘောသားအကြောင်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၉
   
ကမ္ဘာ့ကုန်သွယ်စီးဆင်းမှု့မှာ ရေကြောင်းပို့ဆောင်ရေးက အဓိက အခန်းကဏ္ဌက ပါဝင်ပါတယ်။ လူအဖွဲ့အစည်းတွေမှာ သုံးသမျှပစ္စည်းတွေကို သင်္ဘောကြီးတွေကနေ သယ်ယူပို့ဆောင်ပေးတဲ့အတွက် ကမ္ဘာ့စီးပွားရေးလမ်းကြောင်းကို တထောင့်တနေရာကနေကူညီပေးနေသူတွေက ကျွန်တော်တို့သင်္ဘောသားတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝဖြတ်သန်းမှု့က အခြားသော လူ့အဖွဲ့အစည်းဘဝတွေနဲ့မတူပါဘူး။ မိသားစု မိတ်ဆွေ အပေါင်းအသင်းများနဲ့ အတူရှိနေခွင့် အချိန်တွေကို စတေးပြီး အကြမ်းတမ်းဆုံးပယ်လယ်အရမ်းကားဆုံး ရာသီဥတုတွေကို ရင်ဆိုင်ပြီး သမုဒ္ဒရာအလယ်မှာ ရွက်လွှင့်နေကြရသူတွေပါ။ ဒီကြားထဲ ပင်လယ်ဓါးမြအန္တရာယ်ကိုရင်ဆိုင်နိုင်ရသလို စစ်မတ်ဖြစ်ပွားတဲ့ ရေပြင်နယ်နမိတ်တွေမှာ အသက်ကို စတေး သွားလာဖြတ်သန်း ကုန်သွယ်နေရပါတယ်။ ကမ္ဘာပတ်နေရသူတွေဖြစ်တော့ ရောက်တဲ့နိုင်ငံရဲ့ဥပဒေတွေကို အမြဲမပျက်လေ့လာ လိုက်နာသွားနေရပြီး နေ့တဒူဝ သင်္ဘောကြီးပေါ်မှာစက်ပစ္စည်း ယန္တရားတွေနဲ့ အဆင်ပြေပြေလည်ပတ်နိုင်ဖို့ ဘဝတွေကို မြုပ်နှံထားရပါတယ်။

Human Right လူ့အခွင့်အရေးများစွာ ဆုံးရှုံးတဲ့ သင်္ဘောသားဘဝ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နေပါတယ်။မြန်မာ့ရေကြောင်းပို့ဆောင်ရေးဌာနမှာ မှတ်ပုံတင်ထားသောသင်္ဘေားဦးရေက ရှေးယခင်  CDC ( Continuous Certificate of Discharge) နံပါတ်ထွက်ရှိ ပြီးသား စာရင်းအပါအဝင်၂၀၁၆ မတ်လအထိ စုစုပေါင်း ၁၀၂၁၇၁ကျော်ရှိပါတယ်။ နောက်ပိုင်း SIRB(Seafarer's Identification and Record Book) သင်္ဘောသားလုပ်သက်မှတ်တမ်းစာအုပ်အသစ် လဲလှယ်ကိုင်ဆောင်သူကတော့ခြောင်သောင်း ကျော်ရှိပါတယ်။ ရေကြောင်းပို့ဆောင်ရေး သင်္ဘောသားဌာနခွဲမှတ်တမ်းအရ လစဉ် သင်္ဘောသား ၂၅၀၀ မှ ၂၈၀၀ ကြား နိုင်ငံခြားတိုင်းပြည်များရှိ သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာနေကြပြီး သင်္ဘောသားဦးရေ ၂၃၀၀၀ ကျော်သာအမှန်တကယ် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်နေကြောင်း လေ့လာတွေ့ရှိရပါတယ်။ ကျန်သူများကတော့ ကွယ်လွန်သွားကြသူတွေ၊သင်္ဘောဆက်မလိုက်တဲ့သူတွေရှိသလို၊သင်္ဘောသားစာအုပ် လက်မှတ်တွေ အစုံ ရပြီးခါမှ အခြားအလုပ်များကိုသာ လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။

သင်္ဘေသားတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ။ ယခင်ကတော့ ရေးကြောင်းသိပ္ပံ၊ရေကြောင်းတက္ကသိုလ်၊LCD ပြည်တွင်းရေကြောင်း တစ်နှစ်စီးပြီးသူ၊ ကုမ္မဏီ တစ်ခုကနေ Appoinment ရသူ၊မြန်မာ့ရေနံ၊ပုလဲနှင့်ငါးမှ ရေကြောင်းလုပ်သက်ရှိများ၊NAVY ရေတပ်သားများနှင့် အင်္ဂလိပ်စာ best စာမေးပွဲအောင်မြင်သူတို့က  သင်္ဘောသားသင်တန်းတွေတက်၊ သင်္ဘောသားလုပ်သက်စာအုပ်လျှောက်၊နိုင်ငံကူး လက်မှတ်passport လျှောက်ပြီး  ပြည်ပသင်္ဘောတွေကို လိုက်လို့ရပါတယ်။ (လက်လှမ်းမှီသ၍ တင်ပြခြင်းပါ။ ကျန်ကောင်းကျန်နိုင်ပါသေးတယ်။) ယခုအခါမှာတော့သင်တန်းလေးတွေ လိုက်တက်ပြီးတာနဲ့ လိုင်းကြေးပေးနိုင်ရင် သင်္ဘောသားဖြစ်နေကြပါပြီ။

ကျွန်တော်ဆို ကုမ္မဏီ တစ်ခုမှ Appoinment ကို ၂၀၀၂ ခုနှစ်မှာ ၃၅၀၀၀၀ ပေးပြီးဝယ်ရတယ်။ ဒါတောင် ကုမ္မဏီပိုင်ရှင်ရဲ့ ဆောက်လက်စ အိမ်မှာ အစောင့်လိုလိုအလုပ်သမားကြီးကြပ်လိုလို ဝိုင်းကူလုပ်ပေးရင်း တမ်းစီစောင့်ရသေးပါတယ်။ သင်တန်းတွေ တက်ပြီး နိုင်ငံကးူလက်မှတ် Passport သင်္ဘောသားစာအုပ် CDC တွေ ရပေမယ့်လည်း သင်္ဘော တမ်းတက်လို့ ရပြီမထင်ပါနဲ့။ နိုင်ငံခြား တိုင်းပြည်သင်္ဘောများပေါ်တာဝန်ထမ်းဆောင်ရန် သင်္ဘောသားစေလွှတ်ဆောင်ရွက်ခွင့်ရသော SRPS ( Seafarer   Recruitment and Placement Services) လိုင်စင်ရ သင်္ဘော ကုမ္မဏီများမှ တဆင့် ထွက်ခွာကြရပါတယ်။ရေကြောင်းပို့ဆောင်ရေးဌာနက ခွင့်ပြုထားသော SRPS ကုမ္မဏီ ၁၇၀ ကျော် ရှိပါတယ်။သင်္ဘောသား တွေ သင်္ဘောပေါ်ရောက်ဖို့ငွေကြေးတောင်းခံခြင်းရှိပါက ရေကြောင်းပို့ဆောင်ရေး သင်္ဘောသား ဌာနခွဲကို တိုင်ကြားတိုင်ပါသည်ဆိုသော်ငြားလည်း Free  အခမဲ့ လိုက်ရတဲ့ ကုမ္မဏီက ၂၀ မပြည့်ပါဘူး။ သင်္ဘောသား အခုမှ ဖြစ်တဲ့ အသစ်ဆို မချောင်ဘူးတာမှတ်ပါ။ သိန်း ၃၀ အထက် ဝန်ဆောင်ခပေးဆောင်ပြီးမှသာ နိုင်ခြား သင်္ဘောပေါ်ရောက်ပါတယ်။ ယခင်ကထက်စာရင် သင်္ဘောသားအသစ် လခများက အမေရိကန် ဒေါ်လာ ၄၀၀ အထက် ရနေကြလို့ တစ်ခေါက်စာ နဲ့ အရင်းကြေကြတော့ (ငွေတိုးနှင့်တက်ရသူများမပါ) မြန်မာနိုင်ငံကလူငယ်တော်တော်များများ သင်္ဘောသား ဖြစ်ချင်ကြတာမဆန်းပါဘူး။ ဆေးအမှတ်မှီလို့ ဒေါက်တာဘွဲ့မယူဘဲ ရေကြောင်းတက္ကသိုလ် တက်နေကြတာကို ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ နယ်စပ်ဒေသများက တိုင်းရင်းသားအတော်များများ၊ ကျေးလက်နေတောင်သူ များအထိ သင်္ဘောသားအဖြစ်တွေ့နေရပါပြီ။ သင်္ဘောသားလောကမှာ ကြားဖူးတဲ့ ဖြစ်ရပ်မှန် ကျေးလက်တောင်သူဦးကြီးတစ်ယောက်ရဲ့ သား သင်္ဘောသားဖြစ်လာပုံလေးကို ဒီနေရာမှာ အလျှင်းသင့်လို့ ရေးပြချင်တယ်။(ကျေးလက်ဒေသများကို နှိမ့်ချခြင်း မဟုတ်ပါကြောင်း ကြိုတင် အသိပေးပါရစေ။)အညာကျေးလက်တောင်သူကြီး တစ်ဦးရဲ့သားက ဆယ်တန်းအောင်လို့ အဝေးသင်ဆက်တက်ပြီး ဘွဲ့ရတဲ့အခါ အဖေဖြစ်သူကခပ်ရိုးရိုးပဲ သားဖြစ်သူကို အိမ်ထောင်ပြု ၊အိမ်ဝိုင်းတစ်ဝိုင်း၊ ယာခင်းပေး၊ နွားတစ်ရှဉ်းနဲ့သူတို့တုန်းကလိုရွာမှာပဲ လုပ်ကိုင်စားသောက်ဖို့ စီစဉ်တယ်။ အဲ သားဖြစ်သူက ဖြစ်ချင်တာက ဒီလိုမဟုတ်။ သူဖြစ်ချင်တာက နိုင်ငံခြားသင်္ဘောသား။ အဖေဖြစ်သူက သင်္ဘောသားမပြောနဲ့ သင်္ဘောတောင် အပြင်မှာ ကောင်းကောင်းမြင်ဖူးတာမဟုတ်ဘူး။ သားဖြစ်သူကလည်း မြို့ကို ကျောင်းသွားတက်၊ အပေါင်းအသင်းစုံ လေ့လာပါများတော့ ကမ္ဘာပတ်ရတဲ့သင်္ဘောသားမှ သင်္ဘောသားလုပ်မယ်တကဲကဲ ဖြစ်နေတယ်။ ဒါနဲ့ အမေလုပ်သူကမနေနိုင်လို့ သူ့ နားကပ်လေး ရောင်းချပေးလိုက်ပြီး သားဖြစ်သူကို ရန်ကုန်သို့ လွှတ်လိုက်ပါတယ်။ အဖေဖြစ်သူက သူ့စကားနားမထောင်လို့ ဘာမှကို မပေးလိုက်ဘူး။ သားဖြစ်သူကလည်း ရန်ကုန်ရောက်တော့ ဘုန်းကြီးကျောင်းတစ်ကျောင်းတည်း သင်္ဘောသားဖြစ်ချင်လို့ စုံစမ်းတော့တာပါပဲ။ စောစောကကျွန်တော် အပေါ်မှာ ရေးပြသလို သင်္ဘောသားဖြစ်အောင် လုပ်နည်းတွေက သူနဲ့ဆိုမလွယ်။အခု သူက ငွေကလည်းမဖြစ်စလောက်၊ အဆက် သွယ်ကလည်း မရှိတော့ ရောင်လည်လည်နဲ့ပဲ သင်္ဘောသားများစုဝေးရာ SECD ဒေါပုံသင်္ဘောကျင်းကို ရောက်လာခဲ့ပါတယ်။မသိနားမလည်သူ တစ်ဦးကို ဟိုပွဲစားကလိမ်၊ဒီပွဲစားက လိမ်နဲ့ ပါတဲ့ ငွေလေးကုန်ပါရောလား။ နောက်ဆုံး သဘောကောင်းတဲ့ ပွဲစားတစ်ယောက်က အကြံပေးလိုက်တယ်။မင်းက ငွေလည်းမရှိတော့ဘူး သင်္ဘောသားကလည်းဖြစ်ချင်ဆိုတော့ ကမ်းရိုးတန်းသင်္ဘော LCD တစ်ခုမှာ တစ်နှစ်လောက် လုပ်သက်သွားစီးဖို့ပြောတယ်။ ဒါကလည်း ငွေ အတော် များများပေးရတယ်လို့ကြားတယ်။ ဒါပေမယ့်  ပွဲစားက သူ့အသိ ကမ်းရိုးတန်းသင်္ဘောကပ္ပတိန်တစ်ယောက်ဆီလွှတ်လိုက်တယ်။

နောက်တစ်နေ့ကြတော့ အဲဒီကပ္ပတိန်ရှိတဲ့ ယုဇန ဆီအုန်းတွေ သယ်လာတဲ့သင်္ဘောကို ရောက်သွားပါရော။ ဟိုရောက်တော့ ကပ္ပတိန် အပြင်ထွက်သွားတယ်ဆိုလို့သင်္ဘောဆိပ်အပေါက်ဝက ကဖီးဆိုင်မှာ ထိုင်စောင့်နေလိုက်တယ်။ ခဏတော့ အိတ်တွေဆွဲပြီးပြန်လာတဲ့တစ်ယောက်ကို လက်ဖက်ဆိုင်ထဲက လူတစ်ယောက်က မင်းစောင့်နေတဲ့သူကြီး Captain က သူပဲလို့ လှမ်းပြောပေးတယ်။ ဟို ကျေးဇူးရှင်က လည်း ကပ္ပတိန်ကြီးကိုတွေ့တာနဲ့ လမ်းပေါ်တင် ထိုင်ကန်တော့ပစ်လိုက်တော့ ဟိုက ကြောင်အမ်းအမ်းဖြစ်နေတာပေါ့။ ဘာဖြစ်လို့ ငါ့ လာကန်တော့နေတာလည်း ကပ္ပတိန်ကြီးက မေးတော့ သင်္ဘောသား ဖြစ်ချင်လို့ပါပြောလိုက်တယ်။ လူတွေကလည်း ဝိုင်းကြည့်နေတော့ သူ့ကို သင်္ဘောပေါ် ခေါ်သွားတယ်။ အကြောင်းစုံကို သိတော့ မင်းဒီလောက်ဖြစ်ချင်ရင် ကွမ်းသီးအိတ်တွေ အရင်ထမ်းဆိုပြီး စခိုင်းတော့တာပါပဲ။ ဒါနဲ့ တိုတိုပြောရရင် အညာသားလေးတစ်နှစ်လောက်အကြာမှာ သင်္ဘောသားဖြစ်ပေါ့။ သင်တန်းစားရိတ်တွေ မရှိလို့ အိမ်လှမ်းမှာတော့ သူ့အဖေက တားမရမှန်းသိလို့ယာလေး ရောင်းပြီး ငွေပို့ပေးတယ်။

သင်တန်းတွေပြီး သင်္ဘောသားစာအုပ်တွေရပြီးပြန်တော့လည်း သိတဲ့အတိုင်းနိုင်ငံခြား သင်္ဘောပေါ်က မရောက်သေးဘူး။ခေါ်သမျှ ကုမ္မဏီက အင်တာဗျူး ဝင်ဖြေတခါမှ မပါဘူး။ ဘယ် ပါမလဲ လူသစ်တွေအတွက် ဟိုက လက်ခြင်းရိုက်ထားပြီးသားတွေကို သူမသိ။ နောက်ဆုံး သူ့ ဆရာအကြံပေးပွဲစားဆီ ရောက်သွားပါတယ်။ ပွဲစားက ရေကြောင်းပို့ဆောင်းရေးဌာနရဲ့ သင်္ဘောသား စေလွှတ်ခွင့်ရ ဂျာမနီ စတဲ့ ဥရောပလိုင်းတွေ အများကြီးရှိတဲ့ကုမ္မဏီ ကြီးတစ်ခုကိုလွှတ်လိုက်တယ်။ ဒီတခါလည်း ကျေးဇူးရှင်က အင်္ကျီဖြူ လည်ကတုံး ယောပုဆိုးနဲ့ ကုမ္မဏီ ပိုင်ရှင်ကို တိုက်ရိုက်ဝင်တွေ့ပါရော။ ပိုင်ရှင်က ဘာကိစ္စလည်း မေးတော့ သင်္ဘောတက်ချင်လို့ပါ။ service ရှိလား မေးတော့ ကမ်းရိုးတန်း တစ်နှစ်စီးဖူးပါတယ်။ဒါဆို ငါတို့ကုမ္မဏီက SECD ဒေါပုံမှာ အရင် အင်တာဗျူး ဝင်ဖြေပါ ပြောလိုက်တယ်။ ဒါပေမယ့် ကျေးဇူးရှင်က ဘယ်ပြန်မလည်း ပိုင်ရှင်ကို ချက်ခြင်း မျက်လွှာလေးချ အကူအညီတောင်းလိုက်တယ်။ ဆရာရယ် ကျွန်တော် အင်တာဗျူး ခဏ ခဏ ဝင်ဖြေပါတယ်။ ဒါပေမယ့် ဆန်ပြုတ်ကြည့် သောက်ပြန်လာခဲ့ရတယ်။ ပိုင်ရှင်က သူ့စကားကြားတော့ မျက်လုံးပြူးသွားတယ်။ အင်တာဗျူး လာဖြေသူတွေကို ဆန်ပြုတ် တိုက်တယ် မကြားဘူးပါဘူး မင်းကြမှ။ဒီလိုပါ ဆရာ အဆိုတော်ကြီး ဟင်္သာတထွန်းရင် ရဲ့ ချက်ကြီး ဝိုင်းစိန် သီချင်းထဲကလိုဆန်ပြုတ်သောက်ပြီး ဆုတ်ပြန်ခဲ့တာများပြီလို့ ပြောတာပါဆရာ။ ပိုင်ရှင်ဖြစ်သူကလည်းဒီကောင် ပြန်လွှတ်လိုက်လည်း နောက်တခါပြန်လာရင် ပြန်လာနေဦးမှာ ဆိုပြီး အေး ရှေ့က အခန်းမှာ ဖောင်တင်ခဲ့။ သင်္ဘော မတက်ရခင် ရုံးမှာ ဝိုင်းလုပ်ကူပေါ့ကွာ ဆိုပြီး ပြန်လွှတ်လိုက်တယ်။ အဲဒိက စပြီး သင်္ဘောစလိုက်လာတာ အခုဆို သင်္ဘော ဒုတိယအရာရှိ Second officer တောင် ဖြစ်နေပါပြီ။ဒါပေမယ့် သူလိုလူ မရှိဘူး မပြောပါနဲ့ ရှားတော့ရှားတယ်ပေါ့။

တချို့ ကြတော့လည်း မြန်မာပြည်ထဲမှာကို အလိမ်ခံလိုက်ရသူတွေရှိသလို ပြောတဲ့လခမဟုတ် ကုန်တန်ချိန်မမှန်၊ ပြန်လာလို့လည်းမဖြစ် တဲ့ နိုင်ငံခြား သင်္ဘောပေါ်ရောက်တဲ့အထိ အလိမ်ခံရသူတွေလည်းရှိပါတယ်။ ယခုအခါ လွတ်လပ်သော မြန်မာနိုင်ငံ ပင်လယ်ပျော်များအဖွဲ့ချုပ် IFOMS ( IndependentFederation of Myanmar Seafarers)တို့လို နိုင်ငံတကာသင်္ဘောသားများအဖွဲ့အစည်း  ITF  နဲ့ချိတ်ဆက်ပြီး သင်္ဘောသားအကူအညီပေးအဖွဲ့တွေပေါ်လာတာက အင်မတန်ဝမ်းသာစရာကောင်းပါတယ်။ အလုပ်ချိန် ၈ နာရီကျော်ခိုင်းတာတွေ၊ safty မဖြစ် အန္တရာယ်များတဲ့ အလုပ်များ မတရားခိုင်းတာတွေ၊လစာ မမှန်တာ မပေးတာတွေ ထိခိုက်ဒဏ်ရာ နစ်နာကြေးတွေ အသက်လျှော်ကြေးစတဲ့ပြသနာ တွေကို သက်ဆိုင်ရာ နိုင်ငံအလိုက် သင်္ဘေသားအကာအကွယ်ပေးရေး အဖွဲ့အစည်းတွေကို email  phone နံပါတ်တွေ ဆက်သွယ်လိုက်တာနဲ့ ရောက်တဲ့နေရာကို လာရောက်ဖြေရှင်းပေးကြတာကြောင့်  သင်္ဘောသား အခွင့် အရေးကို မြန်မာသင်္ဘောသားတွေ ခံစားလာရလို့ ဝမ်းကြည့်နူးဖြစ်မိပါတယ်။

အနှီ သင်္ဘောသားတွေက အရှေ့ရပ်ဝန်းပယ်လယ်သမုဒ္ဒရာထဲက နေ ထွက်လာပြီးအနောင်မိုးကုတ်စက်ဝိုင်း ရေပြင်ထဲသို့နေ ပြန်ဝင်သွားကြတာကို မြင်နေကြရတဲ့သူ၊ ကျန်းမာရေး တစ်စုံတစ်ရာဖြစ်ဖြစ်၊ အရေးပေါ် ထိခိုက်ရှနာတွေ ဖြစ်ဖြစ်၊ဆရာဝန်မရှိ ဆေးခန်းနတ္ထိ။ အနီးစပ်ဆုံး ဆိပ်ကမ်း မရောက်မခြင်း အဆင်ပြေသလို သင်္ဘောပေါ်ကဆေးလေးတွေနဲ့ ထိမ်းနေရသူ၊ တစ်လအတွင်းမှာပဲ ဒီနိုင်ငံက ဆောင်းရာသီဆိုပေမယ့် နောက်နိုင်ငံရောင်ရင် ချွေးတပြိုက်ပြိုက်ကျတဲ့ နွေရာသီဥတုဒဏ်  အခံရဆုံးသူ၊ ပင်လယ်ဓါးမြနဲ့တွေ့လို့ အိမ်ပြန်ချိန် မသေချာ မရေရာတဲ့သူ၊ မိသားစု အတွက် အသက်စွန့်ပြီး ငွေရှာကြရတဲ့သူ၊ တချို့ နိုင်ငံတွေက ပြောကြတဲ့ သင်္ဘောသားဆိုတာ သနားစရာ သတ္တဝါလေးတွေပါလားဆိုတဲ့ သူတို့အကြောင်း တစေ့တ့စောင်း သင်္ဘောသား ဘဝ သဘောင်္သားအကြောင်းတွေကို  ဆက်လက်ရေးသားပါဦးမည်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

ဗိုလ်သူရိန်
၁၈ ၁၁ ၂၀၁၇