Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၂၉)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၂၉)
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၉

● SSPP/SSA နှင့် CPB ( ဗမာပြည်ကွန်မြူနစ်ပါတီ)
SSA မှ မိုးဟိန်းခွဲထွက်ပြီးနောက် SSPP/SSA သည် ရှမ်းပြည် မြောက်ပိုင်း၌သာ စုဖွဲ့လှုပ်ရှားနိုင်ခဲ့သည်။ မြောက်ပိုင်း၌ လှုပ်ရှားနေသော SSPP/SSA တပ်ဖွဲ့များသည် နမ့်လန်ချောင်းတဖက်ကမ်း ကျောက်ဂူ၊ နောင်ဝိုး၊ နောင်လုံဒေသ(ဗထူးမြို့မြောက်ဖက်) တွင် လှုပ်ရှားနေသည့် CPB ရှမ်းပြည်အလယ်ပိုင်း ၁၀၈ စစ်ဒေသတပ်ဖွဲ့များနှင့်၎င်း၊ ၁၀၈ စစ်ဒေသနှင့် ကူးလူဆက်သွယ်နေသည့် ဝ နယ် ပန်ဆန်းရှိ CPB အရှေ့မြောက်တပ်ဖွဲ့များနှင့်၎င်း ထိတွေ့ဆက်ဆံမှု ရှိခဲ့သည်။ ထိုမှတဆင့် SSPP တွဲဖက်အထွေထွေအတွင်းရေးမှူး စဝ်ဆေထင်နှင့်အင်အား ၂၀၀ ခန့်သည် ၁၉၇၃ ခုနှစ်အောက် တိုဘာလတွင် သံလွင်မြစ်ကို ကူး၍ ပန်ဆန်းသို့ ရောက်ရှိသွားခဲ့ပြီး SSPP နှင့်CPB ဆက်ဆံရေးအစပြု ခဲ့သည်။

၁၉၆၄ ခုနှစ် မဟာဒေဝီ နာယကအဖြစ်တာဝန်ယူပြီး SSA ကိုစတင်ဖွဲ့စည်းစဉ်ကပင် ထိုစဉ် CPB ဥက္ကဌ တာဝန်ယူထားသူ သခင်သန်းထွန်းကတောခိုရှမ်းကျောင်းသားစိုင်းအောင်ဝင်းအား မဟာဒေဝီထံ ဆက်သားအဖြစ်စေလွှတ်ခဲ့သည်။ ထိုစဉ်ကပင် SSA နှင့် မဟာမိတ်တပ်ပေါင်းစုဖွဲ့ရန် ကြိုးစားခဲ့သည့် CPB သည် ယနေ့ SSPP/SSA အား မဟာမိတ်တပ်ပေါင်းစုဖွဲ့ရန် ဝမ်းပမ်းတသာ လက်ကမ်းကြို ဆိုခဲ့သည်။ သို့နှင့် SSPP/SSA သည် CPB ၏ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်ခဲ့သည်။ သို့သော် CPB သည် အဆိုပါတပ်ပေါင်းစုကို အဖွဲ့အစည်းတခုအနေနှင့် မဖွဲ့စည်းခဲ့ပေ။ တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်းနှင့် မဟာမိတ်တပ်ပေါင်းစုပုံ ဆက်ဆံခဲ့သည်။

SSPP/SSA သည် ကွန်မြူ နစ်များနှင့်ပေါင်း၍ လက်ဝဲယိမ်းအဖြစ်သတ်မှတ်ခံရသည်။ ထိုစဉ်က တိုးတက်သော ရှမ်းကျောင်းသားလူငယ်များခေါင်းဆောင်သည့် SSPP သည့် ဒီမိုကရက်တစ်ဆန်သည်ဟုဆိုနိုင်သည်။သို့သော် သူတို့သည် ကွန်မြူ နစ်ပေါင်း၍ ကွန်မြူ နစ်များဖြစ်သွားသည်ဟုတော့ဆို၍ မရပေ။ သူတို့သည် အမျိုးသားရေးအလံကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်သည်။ CPB နှင့်ပူးပေါင်းသည့် SSPP ၏ ဆုံးဖြတ်ချက်သည် တကယ်တမ်းအားဖြင့် အယူဝါဒပေါ်မူတည်ခဲ့သည်ဟု ယူဆ၍ မရပေ။ လက်တွေ့အားဖြင့် ၎င်း၏တပ်ဖွဲ့အားလက်နက်တပ်ဆင်ရေးပေါ်တွင် မူတည်ခဲ့သည်ဟု ဆိုရပါမည်။ သို့သော်လည်း ကွန်မြူ နစ်များနှင့်ပေါင်းရေး မပေါင်းရေးသည် SSPPတွင်း၌လည်း ထပ်မံ၍ ကွဲပြားမှု များဖြစ်စေခဲ့သည်ကတော့အမှန်ပင်ဖြစ်သည်။

CPB နှင့် တပ်ပေါင်းစု ဖွဲ့စည်းရေးသဘောတူညီချက်ရရှိပြီးနောက် စဝ်ဆေထင်ခေါင်းဆောင်သည့် SSPP/SSA တပ်ဖွဲ့ဝင်များသည် CPB ထံမှ လက်နက်ခဲယမ်းမီးကျောက် အထောက်အပံ့များရယူ၍ ၁၉၇၄ ခုနှစ် နိုဝင်ဘာ လတွင် ပန်ဆန်းမှ ပြန်လည်ထွက်ခွါခဲ့ရာ ၁၉၇၄ ခုနှစ် ဧပြီလတွင် မိုင်းတုံဒေသသို့ပြန်လည်ရောက်ရှိခဲ့ကြသည်။

ရှမ်းမြောက်တွင်ရှိသော SSPP ခေါင်းဆောင်များက ကွန်မြူ နစ်များနှင့်ဆက်သွယ်နေစဉ်မှာပင် ရှမ်းပြည်အရှေ့ပိုင်းနှင့်တောင်ပိုင်းရှိ SSPP ခေါင်းဆောင်များကလည်း မဒတ (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) နှင့် ဆက်သွယ်ရန် KNU ဌာနချုပ်သို့ ကိုယ်စားလည်စေလွှတ်ခဲ့သည်။ SSPP အတွင်း လက်ဝဲယိမ်းနှင့်လကျ်ာယိမ်း သို့မဟုတ် ကွန်မြူ နစ်များနှင့်ပေါင်းရေး မပေါင်းရေးအားပြိုင်ခဲ့သည်ဟုကာလစတင်ခဲ့သည်။

၁၉၇၅ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မိုင်းခေးဒေသ ပန်ဟုန်တွင် SSPP ဗဟိုကော်မတီအစည်းအဝေးကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ဥက္ကဌခွန်ကြာနု၊ ဒုဥက္ကဌ စိုင်းပန် ခေါ် စဝ်ပွန်တိုင်း၊ ဒုဥက္ကဌ ခွန်အုန်းပေါင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး စဝ်ဆေထင်နှင်နှင့် ဗဟိုကော်မတီ ၁၃ ယောက်တက်ရောက်ခဲ့ကြသည်။ မူလဖွဲ့စည်းစဉ်က ပါဝင်ခဲ့သောမဟာဒေဝီနှင့် သားဖြစ်သူ စဝ်ဆေဝိုင်တို့မှာ ၁၉၇၃ ခုနှစ်ခန့်ကပင် ထိုင်းသို့ ထွက်ခွါသွားပြီး SSPP တွင်ပါဝင်ခြင်း မရှိတော့ပေ။ အဆိုပါဗဟိုကော်မတီအစည်းအဝေးတွင် လွှမ်းမိုးနေသောအကြောင်းအရာမှာ ကွန်မြူ နစ်တို့နှင့် တပ်ပေါင်းစုဖွဲ့ရေးမဖွဲ့ရေးဖြစ်သည်။ ကွန်မြူနစ်များနှင့်မပေါင်းရေးကို ခွန်ကြာနုနှင့် စိုင်းပန်တို့က ရပ်ခံခဲ့ကြသည်။ ကွန်မြူ နစ်များနှင့်တပ်ပေါင်းစု ဖွဲ့စည်းရေးကို ခွန်အုန်းပေါင်၊ စဝ်ဆေလင်း ခေါ် စိုင်းလှအောင်နှင့် စဝ်ဆေထင်တို့က တက်ကြွစွာထောက်ခံခဲ့ကြသည်။

ဤသို့သဘောထားများကွဲလွဲကြပြီးနောက် ကွန်မြူ နစ်များနှင့်ပေါင်းရန် သဘောထားရှိသည့် ခွန်အုန်းပေါင်နှင့်စဝ်ဆေထင်တို့ဦးစီးသည့် SSPP/SSA အင်အား ၇၀၀ ခန့်သည် သံလွင်မြစ်ကိုဖြတ်၍ ဝ နယ် ပန်ဆန်းအခြေစိုက် အရှေ့မြောက် ကွန်မြူ နစ်ခေါင်းဆောင်များနှင့်ဆွေးနွေးရန် ထွက်ခွါခဲ့ကြသည်။ ကွန်မြူ နစ်များနှင့် ပေါင်းရေးကိုဆန့်ကျင်သည့် ခွန်ကြာနု နှင့် စိုင်းပန်တို့က ကျေးရွာလူထုအားရှင်းလင်းပွဲများ၊ ကွန်မြူ နစ်ဆန့်ကျင်ရှုံ့ချပွဲများပြု လုပ်၍ ၁၉၇၅ ခုနှစ် ဇွန်လတွင် ရှမ်းပြည်တောင်ပိုင်းမှတဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ထွက်ခွါသွားကြသည်။ သို့နှင့် ကွန်မြူ နစ်နှင့် ပေါင်းရေး၊ မပေါင်းရေးအခြေခံပေါ်တွင် SSPP ထပ်မံ၍ နှစ်ခြမ်းကွဲသည်။ ထိုအချိန်မှစ၍ ရှမ်းမြောက်သည် ကွန်မြူ နစ်များနှင့် ပေါင်းသည့် SSPP အခြေစိုက်ရာဖြစ်ခဲ့ပြီးရှမ်းတောင်နှင့် ရှမ်းအရှေ့သည် ကွန်မြူ နစ်ဆန့်ကျင်သည့် ရှမ်းလက်နက်ကိုင်များ အခြေပြု ရာဒေသများဖြစ်ခဲ့တော့သည်။

၁၉၇၅ ခုနှစ်အတွင်း ပန်ဆန်းသို့ရောက်ရှိသွားသည့် ခွန်အုန်းပေါင်၊စဝ်ဆေထင်စသည့် SSPP ခေါင်းဆောင်များသည် သခင်ဗသိန်းတင်ခေါင်းဆောင်သည့် CPB ခေါင်းဆောင်များနှင့်ဆွေးနွေးပြီး တပ်ပေါင်းစု ဖွဲ့စည်းရေးကို သဘောတူညီခဲ့ကြသည်။ တကယ်တမ်းဆိုလျင် ရှမ်းတို့ကိုင်စွဲထားသည့်တိုင်းရင်းသားလူမျိုးများကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အရှေ့မြောက်ကွန်မြူ နစ်များကိုင်စွဲထားသည့် အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမူဝါဒသည် ကွဲလွဲချက်များစွာရှိသော်လည်း လက်ငင်းကျသည့် စစ်ရေးတပ်ပေါင်းစုကို ရှေ့ရှု ခဲ့သည်ဟုဆိုရမည်။

ပန်ဆန်းရောက် SSPP/SSA တပ်ဖွဲ့များသည် နိုင်ငံရေးသင်တန်း၊ စစ်ရေးသင်တန်းများပြု လုပ်ပြီးပြန်လည်စုဖွဲ့ခဲ့သည်။ အရှေ့မြောက် CPB မှ SSPP/SSA တပ်ဖွဲ့အား အမ် ၂၀၊ အမ် ၂၁၊ အမ် ၂၂၊ အမ် ၂၃၊ အမ် ၁၄ လက်နက်ငယ်နှင့် ၆၀ မမ မော်တာ၊ ၄၀ မမ လောင်ချာ ဘဇူကာများပါဝင်သည့်လက်နက်ငယ်မျိုးစုံ ၇၀၀ ကျော် တပ်ဆင်ပေးခဲ့သည်။ SSPP တပ်ဖွဲ့ဝင်များသည် CPB နှင့်ဆက်သွယ်ရေးတာဝန်ယူမည့်သူများနှင့် အိမ်ထောင်သည်များအား ပန်ဆန်းတွင် ထားခဲ့ပြီး ကျန်အင်အား ၇၀၀ ခန့်သည် ၁၉၇၅ ခုနှစ်နိုဝင်ဘာလတွင် သံလွင်အနောက်ခြမ်း၊ ရှမ်းပြည်မြောက်ပိုင်းသို့ ပြန်လည်အခြေချ ခဲ့သည်။

၁၉၇၅ ခုနှစ် CPB ၏ ၇၅၁၀ စစ်ရေးစီမံကိန်းအရ ရှမ်းပြည်အလယ်ပိုင်းသို့ ထိုးဖေါက်ဝင်ရောက်လာသည့် CPB တပ်မဟာ ၆၈၃ နှင့် တွဲဖက်လှု ပ်ရှားခဲ့သည်။ ထိုစဉ်က CPB တပ်မဟာ ၆၈၃ မှ စစ်မြေပြင်တပ်မှူ းများဖြစ်သည့် ဦးပေါက်ယိုချမ်း၊ ဦးကျောက်ကျ ုံးတန်းတို့နှင့် SSPP ခေါင်းဆောင်များရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည်။ ထို့ကြောင့်လည်း ၁၉၈၉ ခုနှစ် CPB ပြိုကွဲပြီးနောက်ပိုင်း UWSP/UWSA တို့၏ အဓိက ခေါင်းဆောင်ပိုင်းဖြစ်လာကြသည့် ဦးပေါက်ယိုချမ်း၊ ဦးကျောက်ကျ ုံးတန်းတို့နှင့် SSPP တို့ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ သို့ဖြစ်ရာ ၁၉၇၅ ခုနှစ် ကွန်မြူ နစ်နှင့် စတင်တပ်ပေါင်းစုဖွဲ့စဉ်ကစပြီး SSPP/SSA သည် ရှမ်းပြည်တောင်ပိုင်းနှင့်အရှေ့ပိုင်းတွင်ရှိသူများနှင့် ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသောအဖွဲ့များကြား တဖြေးဖြေးဝေးကွာလာခဲ့သည်။

● ရှမ်းအရှေ့မှ စဝ်ခွန်မြင့် နှင့် SSA-E
မူလ SNA မှ အင်အားချိနဲ့သွားသော်လည်း မိုင်းယန်းဒေသရှိ စဝ်ခွန်မြင့်ဦးစီး တပ်ဟန်စစ်တိုင်း ခေါ် SSA-E (ရှမ်းပြည်တပ်မတော်-အရှေ့ပိုင်း) ကတော့ ၎င်း၏အင်အားကို ထိမ်းသိမ်း၍ ရပ်တည်နေနိုင်ဆဲဖြစ်သည်။

၁၉၇၁ ခုနှစ်တွင် အရှေ့မြောက် CPB တပ်ဖွဲ့များသည် မိုင်းယောင်း၊မိုင်းယုအရှေ့မြောက်ဖက်ရှိ အာခါလယ်သမားသူပုန်များအား စည်းရုံး၍ ရှမ်းပြည်အရှေ့ပိုင်းသို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၇၁ ခုနှစ် အောင်တိုဘာလ ၅ ရက်နေ့တွင် မိုင်းယောင်း၊ မိုင်းယု အရှေ့မြောက်ဖက်ရှိ မိုင်းစော့၊ မိုင်းဟဲဒေသ အရှေ့ဖက်အစွန်ဆုံး တရုတ်နယ်စပ်ရှိ ပါ့စာရွာ၊ ဖါလုံရွာများသို့ စတင်ဝင် ရောက်ခဲ့ပြီး ပါ့စာရွာတွင် ၈၁၅ စစ်ဒေသဌာနချုပ်အား အခြေပြု ခဲ့သည်။ CPB ၈၁၅ စစ်ဒေသတပ်ဖွဲ့၏ ပထမဆုံးတိုက်ပွဲမှာ ၁၉၇၁ ခုနှစ်နိုဝင်ဘာ ၁၄ရက်နေ့ တွင်ဖြစ်ပွါးခဲ့သည်။ လာအိုနယ်စပ်ရှိ ကူမင်တန်နှင့်ပေါင်းနေသော အာခါအဖွဲ့ အားဦးဆုံးစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လာအိုရှိ CIA နှင့်ပေါင်းသော အာခါအဖွဲ့များကတော့ လာအိုနယ်တွင်း ဝင်သွားခဲ့ပြီဖြစ်သည်။ ထိုတိုက်ပွဲမှ အစပြု ၍ ၁၉၇၁ ခုနှစ်အကုန်တွင် ယခု နန်းပန်းဒေသဟုခေါ်တွင်သော မိုင်း စော့၊ မိုင်းဟဲဒေသအား ၈၁၅ တပ်ဖွဲ့ကထိမ်းချုပ်ထားနိုင်ခဲ့သည်။

၈၁၅ တပ်ဖွဲ့များသည့် မိုင်းစော့ ၊ မိုင်းဟဲဒေသကို သိမ်းပိုက်ပြီးနောက်ထိုဒေသ အနောက်ဖက်ရှိ ဝမ်စော့၊ ဝမ်ဖိုင် နှင့် မိုင်းဝ၊ ကျိန်းခန်း ဒေသကိုဆက်လက်ချုပ်ကိုင်ခဲ့သည်။ မိုင်းဝ တောင်ဖက်သို့ ထိုးဆင်းပါက အစိုးရတပ်များထိမ်းချုပ်ထားသော မိုင်းယု၊ မိုင်းယောင်းဒေသဖြစ်သည်။ မိုင်းဝ၊ ကျိန်းခန်း အနောက်တောင်ဖက်တွင် အထက်တွင်ဖေါ်ပြခဲ့သည့် လွယ်ကာကွယ် ရေးများချုပ်ကိုင်ထားသော ဝမ်ကျင်းစမ်တောက်ရှိသည်။ မိုင်းဝ၊ ကျိန်းခန်း၏အနောက်ဖက်တောင်ကြောများကို ဖြတ်ဆင်းသွားပါက မိုင်းလားကွင်းနှင့်မိုင်းမကွင်းရှိသည်။ အဆိုပါမိုင်းလားနှင့် မိုင်းမကွင်းသည် ဝမ်ကျင်း၊စမ်တောက် တောင်ကြောမှဆိုလျင် အနောက်မြောက်ဖက်တွင်ရှိသည်။

မိုင်းလားကွင်းအတွင်း၌ ဝမ်လုံ၊ ဝမ်တုံ၊ ဝမ်ကျင်ဖ၊ ဝမ်မိုင်တောက်စသည့် ရှမ်းရွာများရှိသည်။ မိုင်းမကွင်းအတွင်း၌ ဝမ်ပေါင်၊ ဝမ်ကော့၊ ဝမ်ဆာ၊ ဝမ်ရှို ၊ ဝမ်လျံ ၊ ဝမ်ကတ်၊ ဝမ်ပုံ၊ ဝမ်တောက်၊ ဝမ်လောင်စသည့် ရှမ်းရွာများရှိသည်။ မိုင်းမနှင့်မိုင်းလားသည် တောင်များအလယ်မှ မြေပြန်လွင်ပြင်ဖြစ်ပြီး နမ့်မချောင်း ဝဲယာတွင် ရွာများတည်ထားသည်။ နမ့်မချောင်း ဝဲယာတွင်လယ်ကွင်းများပေါများပြီး ဆန်ရေစပါးပေါများသည်။ မိုင်းလားကွင်းသည်တရုတ်နယ်စပ်၌ရှိပြီး မိုင်းလား အနောက်တောင်ဘက်ဆက်ရက်တွင် မိုင်းမကွင်းရှိသည်။ မိုင်းမကွင်းဆုံးလျင် လွယ်ကြူ ဆိုင်း၊ လွယ်ဆမ်ဆုံ တောင်ကြောများအစီအရီရှိသည်။ ထိုတောင်ကြောများ၏ အခြေတွင် နမ့်လွေချောင်းကဝိုင်းပတ်စီးဆင်နေပြီး တဖက်ကမ်းကတော့ ကျိုင်းတုံ အရှေ့ဖက်က တောင်ကြောများဖြစ်သည်။ (ယခုတော့ အဆိုပါ တောင်ကြောများကြား နမ့်လွေချောင်းပေါ်တွင် တာပင်းတံတားတည်ဆောက်ထားသည်)။ မိုင်းလားကွင်း၏အနောက်မြောက်ဖက်တွင် မိုင်းယန်းမြို့နယ်ရှိသည်။

၁၉၇၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိုင်းလာကွင်းအတွင်း၌ ကျောက်ငါးခမ်း၏ရှမ်းတပ် တပ်မဟာ ၁ ရင်း ၁ မှ စဝ်အူကျန်းဦးစီး ရှမ်းလက်နက်ကိုင်များရှိသည်။ မိုင်းယန်း ဆီလူးဒေသတွင် စဝ်ခွန်မြင့်ဦးစီး ရှမ်းတပ် တပ်မဟာ ၃ မှရင်း ၃ ရင်းရှိသည်။ မိုင်းမကွင်း၏ အပေါ်ကုန်းတွင် အစိုးရတပ်စခန်းရှိပြီးမိုင်းမကွင်းအတွင်းရှိ ဝမ်ဆာရွာတွင် အစိုးရအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းတို့ရှိသည်။

ဤသို့သောအခြေအနေတွင် အစိုးရတပ်နှင့်တဖက်က ရင်ဆိုင်၊ တဖက်ကလည်း ကူမင်တန်နှင့်ပေါင်းသောအဖွဲ့များကို တိုက်ခိုက်၊ တဖက်ကလည်းတိုင်းရင်းသားအဖွဲ့များကို စည်းရုံးသိမ်းသွင်းခြင်းဖြင့် ၈၁၅ စစ်ဒေသသည်ရှုပ်ထွေးသောနယ်မြေအခြေအနေကို ဖြတ်သန်းနေရပေတော့သည်။မိုင်းလားကွင်းတွင်းသို့ ၈၁၅ တပ်ဖွဲ့များ ဝင်ရောက်လာသောအခါ ရှမ်းတပ်မှ တပ်မဟာမှူး စဝ်အူကျန်းဦးစီးအများစုသည် ကူမင်တန်နှင့် ပူးပေါင်းပြီး တာပင်းမြောက်ဖက် ဝမ်ရှင်း၊ ဝမ်ညဲဘက်တွင် သွားရောက်အခြေပြု သည်။

၁၉၇၃ ခုနှစ်ဆန်းတွင် ၈၁၅ စစ်ဒေသ စစ်ဦးစီးမှူးစိုင်းလင်း၊ နိုင်ငံရေးဌာနဒုဌာနမှူး ရဲဘော်အောင်ဖေကြီးနှင့် တပ်စုမှူး စမ်ပေ့ (ယခု ဒုဥက္ကဌ) ဦးစီး တပ်စုတစုသည် မိုင်းလားကွင်းအတွင်းဝင်ရောက်ခဲ့ပြီး မိုင်းယန်းအရှေ့ဖက် ဆီလူးဒေသတွင် အခြေပြု နေသည့်စဝ်ခွန်မြင့်ဦးစီးသည့် ရှမ်းတပ်နှင့် အဆက်အသွယ်ပြု လုပ်ခဲ့သည်။ စဝ်ခွန်မြင့်၊စိုင်းနော်ပန်းတို့နှင့် စိုင်းလင်းတို့အဖွဲ့ဦးစွာတွေ့ဆုံပြီးနောက် ၈၁၅ စစ်ဒေသနိုင်ငံရေးမှူး ရဲဘော်ဖေသောင်းပါထပ်မံလိုက်လာပြီး စဝ်ခွန်မြင့်တို့နှင့် မိုင်းလားတွင်တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှု များကို ၁၉၇၃ ဇန္နဝါရီလအတွင်း ပြုလုပ်ခဲ့ပြီးတပ်ပေါင်းစုဖွဲ့စည်းရန် သဘောတူညီမှု များရရှိပြီးနောက် ဖေဖဝါရီနှင့်မတ်လများတွင် စဝ်ခွန်မြင့်အဖွဲ့မှ အင်အား ၁၀၀ အားစတင်၍ စစ်လေ့ကျင့်ပေးပြီး လက်နက် တပ်ဆင်ပေးခဲ့သည်။

တဆက်တည်းတွင် မိုင်းယန်းနယ်ရှိ ကာကွယ်ရေးခေါင်းဆောင် အိုက်အူလအား ၈၁၅ စစ်ဒေသမှ စိုင်းလင်းနှင့် စဝ်ခွန်မြင့်အဖွဲ့မှ ခွန်ဆာတို့ သွားရောက်ဆွေးနွေးရာ တဖွဲ့နှင့်တဖွဲ့တိုက်ခိုက်ခြင်းမပြုရန် သဘောတူညီချက်ရရှိခဲ့သည်။

သိုဖြစ်ရာ ၁၉၇၃ ခုနှစ်မှစ၍ စဝ်ခွန်မြင့်၏ SSA-E သည် CPB နှင့် မဟာမိတ်ဖွဲ့ပြီး CPB ၏ စစ်ရေးအကူအညီရယူနိုင်ခဲ့သည်။ ထို့နောက် CPB နှင့် လက်တွဲပြီး အစိုးရအားတိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့တော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး