Breaking News

သစ်မြစိမ်းရွက်- စိမ်းလန်းသောလွင်ပြင်သစ်ဆီသို့ .....


စိမ်းလန်းသောလွင်ပြင်သစ်ဆီသို့ .....

သစ်မြစိမ်းရွက်

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၉


          နိုင်ငံရဲ့ ထင်ရှားတဲ့အမှတ်အသားဟာ ပြည်တွင်းစစ်ပဲ။  ကျွန်တော်တို့မမွေးခင် ကတည်းက တိုက်လာခဲ့တဲ့စစ်ပွဲတွေဟာ အကြောင်းကြောင်းသော အကြောင်းတရားတွေကြောင့် အခုအချိန်အထိ ရပ်တန့်လို့ မရနိုင်သေး။ လူရဲ့သက်တမ်းကို နှစ် ခုနှစ်ဆယ်ထားပြီးတွက်ချက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာလောင် မြိုက်လာခဲ့တဲ့ပြည်တွင်းစစ်ဟာ ပထမမျိုးဆက်ကို‌ကျော်လွန်ပြီး ဒုတိယမျိုးဆက်ထဲကိုရောက်ရှိလာခဲ့ပြီ။
        ယုံကြည်ချက်တွေဟာ မြည့်နေအောင်သွေ းထားသထားတဲ့ ဓား‌တွေပဲလား။ ခံယူချက်တွေဟာကျောက်သားကျောက်စိုင်တွေလို တင်းရင်းမာကျောနေဆဲပဲလား။
        ကျွန်တော်တို့ ဘာအတွက် စစ်တိုက်နေကြတာလဲ။ ဘယ်သူ့အတွက် စစ်တိုက်နေကြတာလဲ။ စစ်ပွဲတွေဟာ ကျွန်တော်တို့ဆီမှာ အဘယ်သို့သောအကြောင်းတရားတွေကြောင့် အဆုံးမသတ်နိုင်ရတာပါလိမ့်။
        ကျွန်တော်တို့ဆီမှာ စစ်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ တောက်လောင်နေတဲ့အချိန်မှာပဲ ကျွန်တော်တို့နဲ့အတူ ရုန်းကန်တိုးထွက်လာခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့ကို ကြည်လင်ပြတ်သားစွာနှင့် ကျော်တက်သွားခဲ့ပြီ။ ထိုင်းလို၊ မလေးရှားလို၊ စင်္ကာပူလို နိုင်ငံမျိုးကို မဆိုထားနှင့်။ ကျွန်တော်တို့နိုင်ငံ၏ အကူအပံ့ကို မှီတွယ်ခဲ့ရသော လာအိုလို ကုန်းတွင်းပိတ်နိုင်ငံပင်လျှင်  ကျွန်တော်တို့ထက် ဂျီဒီပီ မြင့်မားသွားလေပြီ။
    မှန်ခြင်းမှားခြင်းဆိုတာတွေကို ခေတ္တခဏ အသာထား။ယမ်းငွေ့တွေ ဝေနေတဲ့ကြားက တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ ဆင်းရဲဒုက္ခတွေကို ရှုမြင်စေချင်လွန်းလှပါသည်။ အဖက်ဖက်က ရွဲ့စောင်းစုတ် ပြတ်နေသော ကျွန်တော်တို့၏ လူမှုဘဝတွေကို ပကတိမျက်ဝန်းများဖြင့် မြင်‌စေကြည့်စေချင်လွန်းလှပါ သည်။
        အခု ဒီစာအုပ်လေးထဲမှာတော့ စီစဉ်တွေ့ဆုံမေးမြန်းသူ သက်ဝေ (ကဗျာဆရာသက်ဝေကိုကို)ရဲ့
First Weekly Journal မှာ အပတ်စဉ် တင်ဆက်နေတဲ့ မြန်မာ့နိုင်ငံရေးအနာဂတ်အလားအလာနဲ့ ပတ်သက်ဆက်နွယ်‌တဲ့အမေးအဖြေ အင်တာဗျူးတွေကို ထိတွေ့မြည်းစမ်းခွင့်ရပါလိမ့်မယ်။ အထူးအားဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေရဲ့ လေးလံမှုအောက်မှာ ခက်ခက်ခဲခဲ အတိုးအဆုတ် လုပ်နေရတဲ့ NLD အစိုးရသစ်ရဲ့  မူဝါဒပိုင်းဆိုင်ရာ အရွေ့အလျားတွေကိုလည်း သုံးသပ်ခွင့် ရနိုင်ပါလိမ့်မယ်။
          စစ်ဘက်အရပ်ဘက်ဆက်ဆံရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ၊ ဒီမိုက‌ရေစီအစိုးရနှင့် ဗျူရိုကရေစီ ယန္တယား၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ပြည်ထောင်စုအစိုးရနှင့်
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အာဏာခွဲဝေစီးဖြာသွယ်ဆင်းပုံများ၊ လွှတ်တော်နိုင်ငံရေး အခင်းအကျင်းနှင့်အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ဖြစ်တည်လှုပ်ရှားမှု အခန်းကဏ္ဍများအပါအဝင်အိမ်နီး ချင်းတရုတ်နိုင်ငံရဲ့  ကျွန်တော်တို့ရဲ့နိုင်ငံထဲကို တစ်လှမ်းချင်း ကြွလှမ်းလာတဲ့ခြေလှမ်းတွေကိုပါ ပြက်ပြက် ထင်ထင် မြင်လာတွေ့လာရပါလိမ့်မယ်
          မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းဖြစ်တည်မှုများကို သုံးသပ်‌‌ဖြေဆိုသူများကို ကြည့်လိုက်တော့လည်း စစ်ရေး၊ နိုင်ငံရေး၊ သမိုင်းသုတေသီ စာရေးဆရာ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသုတေသီစာရေးဆရာ၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ၇၄ ၇၅ ၇၆ မျိုးဆက်ကျောင်းသားဟောင်း၊ မြန်မာ့နိုင်ငံရေးလေ့လာသူများ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊နိုင်ငံရေးအကျဉ်းသားဟောင်းများ၊နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များအပါအဝင် မြန်မာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပါ ပါဝင်နေတာကြောင့် မြန်မာ့နိုင်ငံရေးအရွေ့ကို လေ့လာနေသူတိုင်း
ဖတ်ကြည့်သင့်တဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ........

သစ်မြစိမ်းရွက်
၂၇ ၊ ၁၀ ၊ ၂၀၁၉
                                


သက်ဝေ
ပြည်တွင်းငြိမ်းချမ်းရေး စစ်ဘက်အရပ်ဘက်ဆက်ဆံရေးနှင့် မြန်မာ့နိုင်ငံရေးအနာဂတ်အလားအလာများ
ပထမအကြိမ်    အုပ်ရေ ၅၀၀
စက်တင်ဘာလ၊   ၂၀၁၉ ခုနှစ်
တန်ဖိုး။    ၂၀၀၀ ကျပ်
ဖြန့်ချိရေး
ပန်းဆွေမွန်စာပေ
ဖုန်း  ၀၉၂၅၀၀၁၉၈၅၈