Breaking News

သားကြီး မောင်ဇေယျ ● ပခုံးပေါ်ကလက်များ

သားကြီး မောင်ဇေယျ ● ပခုံးပေါ်ကလက်များ
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၉

ကစားနည်းကလေးတခု ရှိပါတယ်။ ပခုံးပေါ် လက်တင်တန်း ကစားတဲ့ ကစားနည်းကလေးပါ။ မိမိအလုပ်မှာ မိမိအစီရင်ခံရတဲ့သူ၊ ဒါမှမဟုတ် မိမိကို တာဝန်ခံထားရတဲ့ သူရဲ့ ပခုံးပေါ် မိမိလက်ကိုတင်ရတဲ့ ကစားနည်းကလေးပါ။ အဖွဲ့အစည်းတခု၊ အုပ်စုတခုမှာ ပါဝင်တဲ့သူတွေက မိမိတို့တာဝန်ခံရဲ့ ပခုံးပေါ် လက်တင်ရပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အခါ အဖွဲ့အစည်းတခုရဲ့ စီမံခန့်ခွဲမှု၊ တာဝန်ခံမှု၊ လုပ်ငန်းစီးဆင်းမှုတွေကို အလွယ်တကူ ရှင်းရှင်းလင်းလင်း မြင်လာရပါတယ်။

ဘယ်သူ့ရဲ့ပခုံးပေါ်မှာ လက်တွေတင်တာ များနေသလဲ။ ဘယ်သူတွေက အဖွဲ့အစည်းမှာ သီးခြားဖြစ်နေသလဲ။ ဘယ်အုပ်စုက အဆက်အစပ်မဲ့နေသလဲ ဆိုတာကို အလွယ်တကူ သိမြင်လာရသလို အဖွဲ့အစည်းဟာ အုပ်ချုပ်မှုပုံစံ ပျက်ပြားနေသလား၊ ဘယ်နေရာမှာ အားနည်းနေလဲ ဆိုတာကိုပါ အထင်အရှား ပေါ်လာပါတော့တယ်။

ဒီကစားနည်းကလေးဟာ အစုအဖွဲ့ကို စီမံအုပ်ချုပ်တဲ့ သင်ခန်းစာတခုသာမက မိသားစုတခု၊ ကုမ္ပဏီတခု၊ နိုင်ငံရေးပါတီတခု၊ နိုင်ငံတခုအထိ အမျိုးမျိုးချဲ့ထွင် တွေးဆနိုင်တဲ့ ကစားနည်းကလေးတခုပါ။

တဦးတယောက် ပခုံးပေါ်မှာ တာဝန်တွေ ပုံကျလာတဲ့အခါ၊ တဦးတယောက်ဟာ အများရဲ့ ကိုးစားယုံကြည်မှုကို အလွန်အကျွံ ရလာတဲ့အခါ၊ ဒါမှမဟုတ် အခြေအနေ အရပ်ရပ်ကြောင့် တဦးတယောက်လက်တည်းကို တာဝန်တွေ အလွန်အကျွံ ကျရောက်လာတဲ့အခါ အဖွဲ့အစည်းရဲ့ ဟန်ချက်ပျက်သွားပြီး နောက်ဆုံး ဘုန်းဘုန်းလဲ ကျဆုံးသွားတတ်ပါတယ်။

နိုင်ငံတနိုင်ငံမှာလည်း တော်လှန်ရေးခေါင်းဆောင်တွေကို ပြည်သူတွေက အလွန်အကျွံ ယုံကြည်အားကိုးမိတဲ့အခါ တော်လှန်ရေးခေါင်းဆောင်ရဲ့ ပခုံးပေါ် တာဝန်တွေ ပြုံကျလာတတ်ပါတယ်။ နိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အားလုံးဟာ သူ့အပေါ် လုံးလုံးလျားလျား ကျရောက်သွားတတ်ပါတယ်။ အဲဒီအခါ တော်လှန်ရေးခေါင်းဆောင်ဟာ အကြွင်းမဲ့ အာဏာရှင်အဖြစ်ကို တစတစ ရောက်ရှိသွားပြီး နောက်ဆုံး နာမည်ဆိုးနဲ့ ကျဆုံးသွားတတ်ပါတယ်။

နောက်တခုက ပြည်သူရဲ့ သဲသဲလှုပ် ချစ်ခင်ယုံကြည်မှုဟာ တော်လှန်ရေးခေါင်းဆောင်အတွက် မရဏအနမ်းဖြစ်သွားပြီး ပြည်သူ့ရန်ဘက်တွေအတွက် ပစ်မှတ်ကို ဖော်ပြလိုက်သလို ဖြစ်တတ်ပါတယ်။ အဲဒီအခါ ရန်သူရဲ့ အကြမ်းဖက်လုပ်ကြံမှုနဲ့ ကြုံတွေ့တတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ထင်ရှားတဲ့ သမိုင်းသက်သေတခု ဖြစ်ပါတယ်။

အခုလို ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းနေချိန်မှာ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးယုံကြည်မှုတွေ အလွန်များပြားနေတာကို တွေ့ရပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲကတော့ ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမှာကို ပြည်သူတွေရဲ့ စိုးရိမ်မှု မြင့်တက်နေတာကို တွေ့ရပါတယ်။

အချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက်တွေ ထားလွန်းတာကြောင့် အားမလို အားမရမှုတွေ ထုတ်ဖော်လာတာကို တွေ့ရပါတယ်။

နိုင်ငံရေးအကဲခတ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကွင်းလုံး ကစားနေတယ်လို့ မြင်ကြပါတယ်။ တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်ဖြစ်နေပြီလို့ စွပ်စွဲကြပါတယ်။ ဒါတွေအားလုံးဟာ တဦးတယောက်ပေါ် တာဝန်တွေပုံကျရာက ဖြစ်လာတဲ့ ပြဿနာသာ ဖြစ်ပါတယ်။

ဒီလိုဖြစ်လာရတာကလည်း သဘာဝကျကျ ဖြစ်လာရတာပါ။

အမြစ်တွယ်နေတဲ့ စနစ်ဆိုးတခုကို တွန်းလှန်ဖြိုချဖို့ လူထုယုံကြည်မှုရှိတဲ့ အားကောင်းတဲ့ ခေါင်းဆောင်တယောက် လိုအပ်တယ်။ အဲဒီလိုအပ်ချက်အရ ပြည်သူ့ခေါင်းဆောင်ဟာ ပြင်းထန်တဲ့ တိုက်ပွဲကြားက ပေါ်ထွက်လာတယ်။ အဲဒါကြောင့် ခေါင်းဆောင်ဟာ လူထုယုံကြည်မှု ပြည့်ပြည့်ဝဝ ရရှိလာတယ်။ ခေါင်းဆောင်ကလည်း လူထုယုံကြည်မှုကို ရရင်ရသလောက် အခက်အခဲတွေကို ကျော်လွှားပြီး စနစ်ဆိုးကို အမြစ်လှန် ဖြိုချဖို့ အားထုတ်တယ်။

ဒီလိုနဲ့ ခေါင်းဆောင်ရဲ့တာဝန်ဟာ စနစ်ဆိုးကို အမြစ်ပြတ် တွန်းလှန်ဖို့သာမက စနစ်ကောင်းတခုကို တည်ဆောက်ဖို့ တာဝန်ကို တပြိုင်နက်တည်း ထမ်းဆောင်ရပါတော့တယ်။ တနည်းအားဖြင့် ခေါင်းဆောင်ဟာ စနစ်ဆိုးနေရာမှာ စနစ်ကောင်းတခု အစားထိုးဖို့ကိုပါ ကြိုးစားရပါတော့တယ်။

အဲဒီအခါ ခေါင်းဆောင်ကို ယုံကြည်ရုံနဲ့မပြီး၊ ခိုင်ခန့်ကောင်းမွန်တဲ့ စီမံခန့်ခွဲရေးယန္တရားတခုကို အချိန်မီ တည်ဆောက်နိုင်ဖို့ လိုအပ်လာတာ တွေ့ရပါတော့တယ်။

ကျနော်တို့ ဘာလုပ်ကြမလဲ။

ယုံကြည်မှု၊ သစ္စာရှိမှုတွေနဲ့ ခေါင်းဆောင်တယောက်ရဲ့ ပခုံးပေါ်ကိုသာ စုပုံတင်ထားတဲ့ လက်တွေအစား ခေါင်းဆောင်ရဲ့လက်ကို မြဲမြဲတွဲထားတဲ့ လက်တွေဖြစ်အောင် ကြိုးစားရပါမယ်။

တပြိုင်နက်တည်းမှာပဲ ခေါင်းဆောင်ပေါ်တင်ထားတဲ့ လက်တွေကို ကိုယ့်ပခုံးပေါ် တင်နိုင်အောင် ကြိုးစားရပါမယ်။

လူတဦးချင်းစီရဲ့ တာဝန်ထမ်းဆောင်နိုင်မှုကို စနစ်တကျ ချိတ်ဆက် တည်ဆောက်နိုင်ရင် ကြီးမားတဲ့စွမ်းအားတွေ ရလာမှာပါ။ ။

သားကြီးမောင်ဇေယျ