Breaking News

ကိုတင်ထွန်းနိုင် - ကဗျာဆရာ



KT#
ကဗျာဆရာ
ကိုတင်ထွန်းနိုင်
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၉

ကျွန်တော်နဲ့ကဗျာဟာအလင်းနှစ်တစ်ကုဋေလောက်
ရှေ့မှာမီးပွိုင့်မိနေတဲ့ ကဗျာတွေ
ယာဉ်ကြောပိတ်ဆို့နေတဲ့ ကဗျာတွေ
ယာဥ်မောင်းလိုင်စင်အပိတ်ခံလိုက်ရတဲ့ ကဗျာတွေ
ဆီ ရေ လေ ဝိုင် မစစ်ရသေးတဲ့ကဗျာတွေ
ဟွန်းသံကင်းမဲ့ဇုန်မှာ techniques တွေအကျယ်ကြီးနှိပ်မိ တဲ့ကဗျာတွေ
သတ်မှတ်မိုင်နှုန်းထက်ပိုနေတဲ့ကဗျာတွေ
ဂိတ်မှာပဲတနေကုန်နေရတဲ့ကဗျာတွေ
ရှေ့မီးမလင်းတဲ့ကဗျာတွေတာယာပါးနေတဲ့ကဗျာတွေ
အိပ်ဇောက ကာဗွန်တွေကြောင့် လေထုညစ်ညမ်းမှုရင်ဆိုင်နေရတဲ့ကဗျာတွေ
စကားလုံးတွေလိုတာထက်ပိုတင်မိလို့ တန်ပိုငြိနေတဲ့ကဗျာတွေ
Slow-down မှာဘရိတ်မဆွဲမိတဲ့ ကဗျာတွေ

မူးရင်းမောင်း မောင်းရင်းမူးတဲ့ကဗျာတွေ
ဆေးစုံအောင်စား ကဗျာမေးတုန်အောင်ဖျား* တဲ့ကဗျာတွေ
ငွေစိန်လှေလှော်ရင်းတက်ကျိုးတဲ့*ကဗျာတွေ

ကျွန်တော့်ရှေ့မှာ
တချို့ကကိုယ့်လမ်းကိုဖောက်
သိဒ္ဓတ္ထမင်းသားဟာ သစ္စာဆိုက်ဖို့
လျှောက်စရာရှိတာလျှောက်ခဲ့တာပဲ
အဓိပ္ပာယ်ရှိလားဆိုတော့
ရှိနေတဲ့အဓိပ္ပာယ်ဆီမရောက်သေးတာပဲ
ကျွန်တော်ဟာကဗျာကိုမြင်နေရပြီ။။

ကိုတင်ထွန်းနိုင်
(13/10/2019 9:25pm)

* မောင်သစ်တည်(ဆရာမြသန်းတင့်)ရဲ့စက္ကူမြင်းတောင်တွင်းရထားကဗျာမှ)

(*ဆရာသိန်းဖေမြင့်၏ ဝတ္ထုတစ်ပုဒ်ခေါင်းစဉ် )