Breaking News

သစ်ကောင်းအိမ် ● ဧဒင်နဲ့ နေထိုင်ခြင်း

သစ်ကောင်းအိမ် ● ဧဒင်နဲ့ နေထိုင်ခြင်း
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၉

ကမ္ဘာက ကြီးပြီးသားမို့
ကမ္ဘာကြီးပါတဲ့ ကဗျာတွေ
ရေးစရာမလိုတော့ဘူး

စစ်ပွဲအားလုံး ပွဲသွားတော့
စစ်ပွဲပါတဲ့ ကဗျာတွေ
ရေးစရာမလိုတော့ဘူး

အစိုးရတွေလည်း
အစိုးရသွားပြီ
အစိုးရပါတဲ့ကဗျာတွေ
ရေးစရာမလိုတော့ဘူး

ငြိမ်းချမ်းရေးလည်း
ငြိမ်းချမ်းရေးရသွားပြီ
ငြိမ်းချမ်းရေးပါတဲ့ကဗျာတွေ
ရေးစရာမလိုတော့ဘူး

ကွဲကွာနေတဲ့
ဘုရားနဲ့ သခင်ဟာ ပြန်တွေ့ပြီး
ဘုရားသခင်တယောက်တည်း
ပြန်ဖြစ်သွားပြီ
ဘုရားသခင်ပါတဲ့ကဗျာတွေ
ရေးစရာမလိုတော့ဘူး

သားလေးက
စစ်သားတွေ့ဖူးချင်တယ်ပူဆာတော့
ထွန်ယက်ပျိုးကြဲနေတဲ့
ရှေးဟောင်းလယ်သမားတယောက်ရဲ့
ရုပ်ပုံပဲဆွဲပြလိုက်ရ
သားလေးက
ရန်ပွဲဆိုတာဘာလဲမေးတော့
ပန်းခြံခုံတန်းလျားပေါ်က
နမ်းနေတဲ့စုံတွဲတတွဲဆီ
ကမန်းကတမ်း လက်ညှိုးညွှန်ပြပြီး
သားအဖနှစ်ယောက် မျက်နှာပြန်လွှဲလိုက်ရ
'အတ္တ' ဆိုတာ ဘာလဲတဲ့
သားလေးက ထပ်မေးတယ်
ကြွေကျနေတဲ့သစ်သီးတလုံးကိုကောက်ယူ
သူ့အရင်တကိုက်ကိုက်စေပြီး
သားအဖနှစ်ယောက် ပန်းသီးပင်အောက်မှာ
သစ်သီးတလုံးကို ဝေမျှစားသုံးကာ
နောက်ဆုံးကျန်တဲ့ပန်းသီးစေ့ကို
သားလေးကိုပြရင်း
ဇာတိမြေအကြောင်း ပြောပြမိတယ်

၅ အောက်တိုဘာ၂၀၁၉