Breaking News

မေဦးနဲ့ မောင်မိုးသူ


မေဦးနဲ့ မောင်မိုးသူ

(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၉

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးနှင့်မောင်မိုးသူတို့တတွေအားလုံးဟာ ချစ်စနိ်ုးနဲ့ မေဦးလို့ ခေါ်ကြပါ တယ်၊ တကယ်တော့ မေဦးဟာ မောင်မိုးသူထက် ၄နှစ်ကြီးပါတယ်၊ ၄နှစ်တာကြီးတာ ရိုးလိုက်တာ အ လိုက် တာလွန်ပါရော၊ တချိန်လုံးပဲ သူ့ရဲ့ ရိုးလွန်း ဖြောင့်လွန်း ဆင်းလွန်းတဲ့ဖြစ်ရပ်တွေကို ဟာသနှောပြီး သူ့ကို တိုက်ရိုက် တိုက်ရိုက် ပြောတာတောင် သူက မျက်လုံးကလေး ကလယ်ကလယ်နဲ့ ဟုတ်လားလို့ ပြောတတ်သူ၊
မောင်မိုးသူလည်း ထူးထူးဆန်းဆန်းပဲ၊ ဒေါ်ကလျာတို့အိမ် အမျိုးသမီးစာရေးဆရာအသိုင်းအဝိ်ုင်း တစုတဝေးကြီး ရှိတဲ့နေရာမှာ မောင်မိုးသူနဲ့ မင်းလူနှစ်ယောက်သား ထူးထူးခြားခြားအမြဲပါဝင်လေ့ရှိတာကို တွေ့မြင်ရပါတယ်၊ မင်းလူကို အမျိုးသမီးစာရေးဆရာတအုပ်ကြီးက စကားဝိုင်းမှာ အမျိုးမျိုးဖိနှိပ် ပြောဆိုလေ့ ရှိကြပေမယ့် တကယ်တမ်း ဟိုအကောင် ဟိုအကောင် မင်းလူက လှောင်ပြောင်ကလိတဲ့ စာတွေရေးတော့ သူတို့တတွေလည်း တခစ်ခစ်ရယ်မောင်ရင်း ခံကြရပြန်ပါတယ်၊ မင်းလူရဲ့ သရော်လှောင်ပြောင်ချက်တွေဟာ ဟာသမြောက်ပြီး အားလုံးက သဘောလဲကျနေကြလေတော့ နာတာခံခက် အမျက်ထွက်လေလို့မရလေဘူးပေါ့၊ မင်းလူက အဲလိုကလောင်စွမ်းရှိတဲ့သူ။

မောင်မိုးသူဟာ ဆရာသာဓုနဲ့လည်း ရင်းနှီး ဆရာသာဓုသားတွေဖြစ်တဲ့ မောင်ဝဏ္ဏ၊ သုမောင်၊ ရူပ၊ ကိုဉာဏ်(မင်းလူ) အားလုံးနဲ့ တအားရင်းနှီးပါတယ်၊ ဆရာသာဓုနဲ့ ရုပ်ရှင်ကောင်စီ မှာ အမြဲတန်းတွဲပြီး အလုပ်လုပ်ရတဲ့သူဖြစ်ပါတယ်၊ မောင်မိုးသူ တွဲဖက်အလုပ်လုပ်ရတဲ့အစည်းအဝေးတွေမှာ ဆရာသာဓု၊ ဦးဖေသန်းမောင်(သုခုမဒေါ်နန်းရဲ့ခင်ပွန်း)တို့နှင့် အမြဲအစည်အဝေးထိုင်ရလေ့ရှိပါတယ်၊ သူတို့နှစ် ယောက်စလုံးက အကြားအာရုံမှာ နည်းနည်းအားနည်းကြပေမယ့် သူတို့ကြားအောင် အသံကျယ်ကျယ်နဲ့စကား ပြောတာလည်းမကြိုက်ဘူးခင်ဗျ။

ဆရာသာဓုကဆိုရင် သူ့မှာအသင့်ပါတဲ့ စီးကရက်သံဘူးကိုထုတ်ပြီး မောင်မိုး သူကိုအမြဲတိုက်လေ့ရှိပါတယ်၊ ပြီးတော့ သူကပြောသေး သူ့သားတွေနဲ့မပေါင်းနဲ့တဲ့ အဲ့ကောင်တွေကအရက် သမားတွေတဲ့၊ တကယ်တမ်းမှာတော့ မောင်မိုးသူဟာ သူ့သားတွေနဲ့ အမြဲသောက်ဖြစ်တဲ့သူဖြစ်ပါတယ်၊ အထူး သဖြင့် သားကြီးဖြစ်တဲ့ မောင်ဝဏ္ဏ နဲ့အတွဲဆုံးအကဲဆုံးပဲဖြစ်ပါတယ်၊ မောင်မိုးသူနဲ့ မောင်ဝဏ္ဏတို့ဟာ ပိန်ပိန် ရှည်ရှည် နှုတ်ခမ်းမွှေးကိုယ်စီနဲ့ ရုပ်ချင်းကလည်းခပ်ဆင်ဆင်ပဲဖြစ်တာကြောင့်ပဲပါတယ်ထင်ပါတယ်၊ သူတို့အုပ် တွေထဲမှာ ရူပကတော့ အားကစားသမား၊ တခါမှအရက်မသောက်ဘူး၊ သူ့ရဲ့လက်ဖက်ရည်ဆိုင်မှာပဲ လက်ဖက် ရည်သောက်ရလေ့ရှိပါတယ်၊ ကိုဉာဏ်နဲ့တော့ ဟောပြောပွဲတစ်ခုအသွားမှာ ဘီယာသောက်ဖူးတယ်ထင်ပါရဲ့၊ သုမောင်နဲ့ကတော့ ရုပ်ရှင်ကားတွေမှာ အတူရိုက်ဖူးတယ်၊ သူကတော့ သောက်လုံးအကြီးဆုံးပဲ၊ မနိုင်ဘူး မနိုင်ဘူး၊ မောင်မိုးသူ သူ့ကိုမနိုင်ဘူး၊ အငယ်ဆုံကောင်ဖြစ်တဲ့ အာယုကတော့ မောင်ဝဏ္ဏအိမ်ကိုသွားတိုင်း အမြဲတွေ့လေ့ရှိပေမယ့် အငယ်ဆုံးဖြစ်လေတော့ သိပ်ပြီးမတွဲဖြစ်ဘူး၊ တကယ်တမ်းပြောရမယ်ဆိုရင် အာယုကမှ သူတို့အဖေ ဆရာသာဓုနဲ့ တပုံစံထဲတူတဲ့ အမြဲတန်းလက်ကြားထဲမှာ ဆေးပေါလိပ်ညှပ်လို့၊ သူတို့တတွေအား လုံးဟာ အကိုအကြီးဆုံးဖြစ်တဲ့မောင်ဝဏ္ဏကိုသိပ်ပြီးချစ်ကြလေးစားကြလို့ မောင်ဝဏ္ဏ နဲ့တွဲပါလေ့ရှိတဲ့ မောင်မိုးသူကိုလည်း အရမ်းချစ်ကြပါတယ်၊

အဲဒီ လူအုပ်ထဲမှာ မောင်မိုးသူနဲ့ မင်းလူရယ် ဆရာမကြီးဒေါ်ကလျာရဲ့ အမျိုးသမီးစာရေး ဆရာမ အုပ်စုတွေထဲမှာ မချော ဆယ်ယောက် ကိုယ်နှစ်ယောက်ဆိုပြီး တွဲခဲ့ကြတာပေါ့၊ ဒေါ်ကလျာရဲ့ အမျိုးသမီး စာပေအုပ်ဟာ အကြီးဆုံးက မမစု(ဒေါ်ခင်နှင်းယု)ဖြစ်ပြီး ဒုတိယက မေဦးဆိုတဲ့ ဒေါ်ခင်ဆွေဦးပဲဖြစ်ပါတယ်၊ တခါတော့ ဒေါ်ကလျာရယ်၊ မမစုရယ်၊ မေဦးရယ်၊ ဆရာတော်မောင်ပညာ(အမရပူရ)နှင့် မောင်မိုးသူကိုခေါ်ပြီး အင်းစိန်မှာနေတဲ့ တင်မိုးအိမ်ကိုသွားကြတယ်၊ ကားကလေးက ပစ်ကပ်အသေးလေးပါ၊ ဦးဇင်းမောင်ပညာက ရှေ့ခန်းမှာထိုင်ပြီး မောင်မိုးသူက နောက်ခန်းမှာ  အမျိုးသမီး၃ယောက်နဲ့ လိုက်ပါထိုင်ရပါတယ်၊ တစ်လမ်းလုံး မောင်မိုးသူက မေဦးရဲ့ ရိုးပုံ အ ပုံကို ဟာသလုပ်ပြီး ပြောလေ့ရှိတော့ မမဝင်း(ဒေါ်ကလျာ)က သူကရော မရိုး လွန်း မ အ လွန်းဘူးလားလို့မေးပါတယ်၊ မေးတော့ မောင်မိုးသူက မမဝင်းကို ရိုးရုံပဲရိုးတာ မ အဘူး၊ ဒီမှာတင် ဒေါ်ခင်နှင်းယုက မဆွေကရောလို့ မေးပါလေရော၊ ဒီမှာတင် ခင်နှင်းဦးရဲ့ညီမကြီးဖြစ်တဲ့ ဝါးခယ်မက မမစုက တော့ မရိုး မ အ လွန်းတဲ့သူ လစ်လစ် လစ်လစ်နဲ့ ထက်တဲ့လူလို့ ပြောပြီးတော့ မမစုက ပြုံးနေခဲ့ဖူးပါတယ်။

ဒီအမျိုးသမီး ၃ယောက်နဲ့ မောင်မိုးသူဟာ ရထားတတွဲထဲစီးပြီး မန္တလေးက လူထုအမေမာရဲ့ ပွဲကိုအတူသွား ဖူးကြပါတယ်၊ မောင်မိုးသူတို့နဲ့အတူ ပါလာခဲ့တဲ့ ပုဂိုလ်ကတော့ ဆရာဒေါက်တာသန်းထွန်းပဲဖြစ်ပါတယ်၊ ဆရာ ဒေါက်တာသန်းထွန်းကို အားလုံးက ချစ်ကြ လေးစားကြတာဖြစ်လေတော့ ဆရာသန်းထွန်းက တည် တည်ခန့် ခန့်ကြီး နေလေ့ရှိတဲ့သူဖြစ်ပါတယ်၊ သူတို့နဲ့ မောင်မိုးသူကို စကားရောရောနှောနှောမပြောဘူး၊ ဆရာ သန်းထွန်း အတွက် မမစုက ပေါင်မုန့်နဲ့ကြက်ဥကြော် အိမ်ကလုပ်လာတာကို မေဦးက ဖောက်သည် ချထားလို့ မောင်မိုးသူ က သိထားပါတယ်။ ဒါကြောင့် မောင်မိုးသူက မောင်မိုးသူကိုရော ကြက်ဥနဲ့ပေါင်မုန့်ကြော် ကြွေးဖို့ ပြောတော့ မမစုက ဟယ် ကိုမိုးသူက ဘယ်လိုသိတာတုန်းလို့ ပြန်မေးတော့ မောင်မိုးသူက ကျွန်တော်က အကြားအမြင် ရပြီးပုဂ္ဂိုလ်ဖြစ်တယ်လို့ ဖြေထားမိပါတယ်၊ အဲဒီအချိန်ကစပြီး မမစုက မောင်မိုးသူကို ဘိုးတော်လို့ ခေါ်တော့ တာပါပဲ၊ အဲဒီအမျိုးသမီးအုပ်ထဲမှာ မေဦးကတော့ ပြုံးပြုံးနဲ့ မျက်လုံးကလယ်ကလယ်နဲ့ နေဖြစ်ရသူ တစ်ဦးဖြစ် ပါတယ်၊

 မောင်မိုးသူနဲ့ မမဝင်းတို့ဟာ မေလမှာမွေးသူများဖြစ်လေတော့ မေလမှာ မောင်မိုးသူရဲ့ မွေးနေ့ပွဲကို တော်ဝင်းနှင်းဆီမှာ လုပ်လေ့ရှိသလို မမဝင်းရဲ့မွေးနေ့ကို မမဝင်းအိမ်မှာပြုလုပ်လေ့ရှိပါတယ်၊ ထုံးစံအတိုင်း မောင်မိုးသူနဲ့ မင်းလူကတော့ ပါနေကြပေါ့၊  မေဦး(ဒေါ်ခင်ဆွေဦး)နှင့် မောင်မိုးသူတို့ဟာ စာရေး ဆရာသမဂ္ဂက ဦးစီးကျင်းပလေ့ရှိတဲ့ ဆရာကန်တော့်ပွဲတွေမှာ အမြဲဆုံလေ့ ကန်တော့်ခံရလေ့ရှိပါတယ်၊ ပွဲ တစ်ပွဲမှာတော့ ဆရာ ဦးဝင်းတင်၊ မောင်မိုးသူနဲ့ အင်းစိန်က ကဗျာဆရာ မောင်လင်းယုံ(ရှမ်းပြည်) ပါတာကို မှတ်မိပါသေးတယ်၊ နောက်ပွဲတွေမှာ မေ ဦးရယ် မောင်ရှမ်းရယ် မောင်မိုးသူရယ် ၃ယောက်သား ကန်တော့်ခံရတဲ့ ပွဲတွေလည်း ရှိခဲ့တာကို၊ မောင်ရှမ်းနဲ့ မေဦးဟာ  မေဦးကတစ်နှစ်ကြီးပြီး မောင်ရှမ်းကတစ်နှစ်ငယ်တယ်၊ ပြီးတော့ မေဦးက မောင်မိုးသူထက် ၄နှစ် ကြီးပြီး မောင်ရှမ်းက ၃နှစ်ကြီးတာကို၊ ဒါပေမယ့် သူတို့နှစ်ဦးစလုံးက ရိုးလွန်းတော့ လူလယ်ဖြစ်တဲ့ မောင်မိုး သူကပဲ စွာတာပေါ့လေ၊ အဲဒီလို ပျော်ပျော်ပါးပါးနေခဲ့ကြတဲ့ စာပေအသိုင်းအဝိုင်း မောင်နှမတသိုက်ဟာ တ ဖြည်းဖြည်းနဲ့ လူစုကွဲလာပါတော့တယ်။

 မေဦးနှင့် မမဝင်းတို့နှစ်ယောက်ဟာ စံပယ်ဖြူမဂ္ဂဇင်းနဲ့ ကလျာမဂ္ဂဇင်းထုတ်ဖြစ်ခဲ့ကြ ဖူးပါတယ်၊ မေဦးရဲ့ စံပယ်ဖြူမဂ္ဂဇင်းစတင်ထုတ်ဝေချိန်မှာပဲ မောင်မိုးသူက လေးဆယ်မှ နောက်ပြန်ကြည့်သော် ဆိုပြီး မောင်မိုးသူရဲ့ ငယ်ဘဝ အဖြစ်အပျက်တွေကို လစဉ်မပြတ် မေဦး စံပယ်ဖြူကို ဦးစီးထုတ်ဝေစဉ်တစ် လျှောက်လုံးရေးခဲ့ဖူးပါတယ်၊ နောက် စံပယ်ဖြူကို တခြားသူများလက်ရောက်တော့မှ အရေးကျဲ အရေးနဲသွား တာဖြစ်ပါတယ်။

 မေဦးမှာ မပုလဲဆိုတဲ့သမီး လေးလဲရှိပါတယ်၊ မပုလဲရဲ့အိမ်ထောင် ဘက်ကတော့ ဒေါက်တာမောင်မောင်စောဖြစ်ပါတယ်၊ မောင်မောင် စောကလည်း NLD ရန်ကုန်တိုင်းမှာ ဦး ထွန်းတင်ရဲ့ လက်ထောက်တစ်ယောက်အနက် တစ်ယောက်ဖြစ်ပါတယ်၊ မောင်မိုးသူနဲ့တော့ ရင်းလဲရင်း ချစ်လဲ ချစ်ပါတယ်၊ မောင်မိုးသူဟာ မေဦးတို့ မောင်မောင်စောတို့ ပုလဲတို့နှင့်သာ ရင်းနှီးရုံတင်မကပါဘူး မေဦးရဲ့မိခင် နှင့်ပါရင်းနှီးသူဖြစ်ပါတယ်၊ သူတို့အိမ်မှာလည်း မောင်မိုးသူရဲ့ စားအိမ် သောက်အိမ်ပါပဲ။

 အဲဒီလို စာပေခေတ်ကြီး တဖြည်းဖြည်းရွေ့လျားနိမ့်ကျလာပါတယ်၊ မဂ္ဂဇင်းတွေ တဖြည်းဖြည်းနည်းပါးလာလေတော့ မောင်မိုးသူတို့အုပ်စုတွေ လူစုကွဲသွားကြပြီးတော့ အရင်ဆုံး ကွယ် လွန်အနိစ္စရောက်လေသူတစ်ဦးကတော့ မမ စု(ဒေါ်ခင်နှင်းယု)ပဲဖြစ်ပါတယ်၊ ဒေါ်ခင်နှင်းယုဆေးရုံတက်တော့ မောင်မိုးသူ သွားမေးဖို့စီစဉ်ပေမယ့် မမစုက ဘိုးတော် မခေါ်ပဲမလာနဲ့လို့ ဆိုတာနဲ့ မသွားခဲ့ရပါဘူ။

 ဒီကြားထဲမှာ မောင်မောင်စောနဲ့ ပုလဲတို့မိသားစုဟာ စင်္ကာ ပူမှာဆရာဝန်လုပ်လေတော့ မေဦးလည်း မကြာခဏ မောင်မောင် စောတို့ ပုလဲတို့ရှိရာကို နေလေ့ရှိပါတယ်၊ တ ခါတရံ ပြန်လာတဲ့အခါမှာတော့ မြောက်ဒဂုံက မေဦးရဲ့အိမ်မှာ ဆုံဖြစ်ကြပါသေးတယ်၊  မေဦးရဲ့မြောက်ဒဂုံအိမ် မှာတော့ မောင်မိုးသူက မသာမလို့ ခေါ်လေ့ရှိတဲ့ သန်းမြင့် အောင်နှင့် မိချမ်းဝေတို့ မဝိုင်း(ဂန့်ဂေါ်ဝတ်ရည်)တို့ နှင့်အမြဲဆုံလေ့ရှိပါတယ်၊ မဝိုင်းရဲ့ ရဲ့ ဂန့်ဂေါ်ဝတ်ရည်စာပေ တိုက်မှာ မောင်မိုးသူရဲ့ စာအုပ်တော်တော်များများ ထုတ်ဝေခဲ့ဖူးပါတယ်၊ သန်းမြင့်အောင်ကို မသာမလို့ ခေါ်ဖြစ် ရတာကတော့ သန်းမြင့်အောင်က ကျော်သူနဲ့တွဲပြီး နာရေးကူညီမှုအသင်းမှာလုပ်ဖြစ်လို့ပါပဲ၊ မဝိုင်းကတော့ သူတို့အုပ်ထဲမှာ အငယ်ဆုံးနဲ့ အလယ်ဆုံးပါပဲ၊ မောင်မိုး သူနဲ့လည်း မန္တလေး ဒေါ်ဝင်းဝင်းမေရဲ့ VEC ကန်တော့် ပွဲတွေမှာ အတူသွားဖြစ်ရသူပေါ့၊ ဒါပေမယ့် ဒါပေမယ့် ပေါ့ အသက်တွေကြီးလာပြီး တစ်ယောက်နှင့်တစ်ယောက် တစ်အိမ်နဲ့တစ်အိမ် သွားလာဆက်ဆံမှုခက်ခဲလာကြ လေတော့ အုပ်စုလည်းတဖြည်းဖြည်းကွဲပြီး အနေကျဲလာ ပါတော့တယ်။

 မေဦးက တခါတရံ စင်္ကာပူလိုက်နေ လိုက် ရန်ကုန်မြောက်ဒဂုံမှာလာနေလိုက်ရှိနေတော့ သိပ်မ တွေ့ဖြစ်တော့ပါဘူး၊ နောက်ဆုံး မြောက်ဒဂုံအိမ်မှာ တစ်ယောက်ထဲနေရတာပျင်းလေတော့ သန်းမြင့်အောင် စီစဉ်တဲ့ ဆည်းဆာရိပ်ဆိုတဲ့ နေရာမှာ သွားပြီးနေလေ့ရှိ သတဲ့၊ စာရေးဆရာမအားလုံးထဲမှာလည်း သူက အသက်အကြီးဆုံးဖြစ်လေတော့ သူ့ကိုအားလုံးက ဝိုင်းဝန်းချစ် ခင် ပြုစုထားကြလေ့ရှိသတဲ့၊ ဒီလိုနဲ့ မတ်လ ၂၇ရက် (၂၀၁၉) နေ့တွင် အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ မေဦး ဆည်းဆာရိပ်မှာ ကွယ်လွန် အနိစ္စရောက်သွားတဲ့သတင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စတင်ဖတ်ရှုသိရှိရပါတယ်။

 သူ့ကို ၂၉ ရက်နေ့ မှာ ရေဝေးမှာ အသုဘအခမ်းအနား ပြုလုပ်ပါတယ်၊ ကိုယ်တိုင်လည်း ၈၃ နှစ်ရှိပြီး တုတ်ကောက် တစ်ချောင်းနဲ့ ဘယ်မှသိပ်မသွားနိုင်တော့တဲ့ မောင်မိုးသူလည်း အသုဘအခမ်းအနားကိုရော မရောက်နိုင်တော့ ပါဘူး၊ ဒါ ကြောင့် ချစ်ရခင်ရတဲ့ အနုပညာသည်တွေ တစ်ယောက်ယောက်ကွယ်လွန်အနိစ္စရောက်တိုင်း လွမ်း တော်မူဖို့ စာကိုစီတယ် ဆောင်းပါကို ရေးလေ့ရှိတဲ့မောင်မိုးသူတစ်ယောက် မေဦးနှင့်မောင်မိုးသူလို့ခေါင်းစဉ်တပ် ပြီးလွမ်းတော်မူဖို့စာကိုစီတယ် ဆောင်းပါးအဖြစ်နဲ့ သံတော်ဆင့်မှာပဲ အလွမ်းပြောရေးသားလိုက်ရခြင်း ဖြစ်ပါကြောင်း။