Breaking News

ဆောင်းယွန်းလ ● ကမ္ဘာလိမ်ပြီ

ဆောင်းယွန်းလ ● ကမ္ဘာလိမ်ပြီ
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၉

ဗစ်တိုးရီးယား
မင်းနားလည်ပေးလိုက်ပါတော့
မင်းချစ်တဲ့ ကမ္ဘာကြီးက ကျောင်းမှာလည်းမလုံးခဲ့သလို
အိမ်မှာလည်း မပြားခဲ့ပါဘူး ကလေးရေ

တကယ်တော့
မင်းမချစ်သင့်တဲ့ ဟောဒီကမ္ဘာကြီးဟာ
တွန့်လိမ်ကောက်ကွေးသွားရုံလေးသက်သက်ပါ

ဒါဟာ ကမ္ဘာအလိမ်ကြီးပေါ့

အမှန်တရားထက်
ကိုယ့်ရင်သွေးကိုယ်ပိုချစ်ရမယ့် ခေတ်ကြီးထဲ
ကမ္ဘာကြီးလိမ်သွားတာ ဘာဆန်းသလဲ ကလေးရေ

နိုင်ငံကြီးတွေထဲက
နိုင်ငံတော်သမ္မတကြီးတွေလည်း လိမ်နေတာဘဲ
နိုင်ငံကြီးတွေထဲက နိုင်ငံကြီးသားတွေလည်း လိမ်နေတာဘဲ
ခေါက်ရိုးကျိုးနေတဲ့ အလိမ်အညာတွေထဲမှာ လူဖြစ်လာရတာကိုက
မလှမပတဲ့ဘဝဖြစ်တယ် ကလေးရေ

အဲဒီဘဝတွေကို ဘယ်စာလုံးနဲ့ပေါင်းဖတ်ဖတ်
ကမ္ဘာကြီးလိမ်နေတယ်လို့ အသံထွက်တယ် ကလေးရေ။

ဆောင်းယွန်းလ