Breaking News

ကိုသန်းလွင် ● လူငယ်နှင့် ရာသီဥတုပြောင်းလဲခြင်း

ကိုသန်းလွင် ● လူငယ်နှင့် ရာသီဥတုပြောင်းလဲခြင်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၉

(၁)
ဂျကာတာမြို့မှ နယူးယောက်မြို့အထိ စာသင်ခန်းများမှအသက် ၂၀ မပြည့်သေးသော ကလေးငယ်များသည် လမ်းမများပေါ်တွင်ထွက်လာကာ ဆန္ဒပြနေကြပါသည်။ ရာသီဥတုပြောင်းလဲခြင်းအတွက်တစ်စုံတစ်ရာ လုပ်ပေး စေလိုမှုကြောင့်ဖြစ်ပါသည်။ ကမ္ဘာကြီးက သတိပြုမိပါသည်။ ငယ်ရွယ်သောသူများသည် သူတို့၏ငယ်ဂုဏ်ကပေး သောသြဇာသက်ရောက်မှုနှင့် ဆိုရှယ်မီဒီယာများကို အသုံးပြု၍လူကြီးများ၏ စိတ်ဓါတ်ကိုနှိုးဆော်နေကြပါသည်။

ဝါရှင်တန်၊ ဆီရာတဲလ်တွင် မာဂိုလင် (Jamie Margolin) က ဆန္ဒပြသောအဖွဲ့ငယ်တစ်ခု ဇီးရိုးနာရီ (Zero Hour) အမည်ဖြင့် ဖွဲ့ခဲ့ပါသည်။ ဇန်နဝါရီ ၂၀၁၈ ခုနှစ်က သူမအသက်သည် ၁၅ နှစ်ဘဲရှိပါသေးသည်။ ၎င်းမှ ကမ္ဘာတစ်ဝက်ခန့်ဝေးသောနေရာတွင် သန်းဘတ် (Greta Thunberg) က၂၀၁၈ ခုနှစ်တွင် သူ၏စာသင်ချိန်ကို အပျက်ခံကာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းရှိ ပါလီမန်တွင် ဆန္ဒပြခဲ့ပါသည်။ သူမဦးဆောင်ခဲ့သောလှုပ်ရှားမှုသည် တစ်ကမ္ဘာလုံး ပြန့်ပွားခဲ့ပါသည်။ ခန့်မှန်းခြေ နိုင်ငံ ၁၂၅ ခုမှ ၁.၆ သန်းမျှသော ကလေးငယ်များသည် လမ်းမပေါ်သို့ထွက်ခါ မတ်လလယ်ပိုင်းက ဆန္ဒပြခဲ့ကြပါသည်။ ထိုမှအင်အားစုများစုပေါင်းကာ စက်တင်ဘာ၂၀ ရက်နေ့တွင် တစ်ကမ္ဘာလုံးက ကလေးငယ်များစုပေါင်း၍ ရာသီဥတုပြောင်းလဲခြင်းကို လူကြီးများက တစ်စုံတစ်ခုလုပ်ဆောင်ရန် ဆန္ဒပြခဲ့ကြပြန်ပါသည်။

(၂)
ကလေးငယ်များ ရာသီဥတုပြောင်းလဲမှုအကြောင်းကို ပြောခဲ့ကြသည်မှာ ဆယ်စုနှစ် တစ်ခုမျှကြာမြင့်ခဲ့ပါပြီ။ သို့ သော် နောက်ဆုံးအသုတ်ဖြစ်သော ဆန္ဒပြသူများသည် ပို၍ကျယ်လောင်လာပြီး ပို၍လည်း စည်းစည်းလုံးလုံး ဖြစ်လာခဲ့ပါသည်။ ဆိုရှယ်မီဒီယာတွင် ကောင်းစွာမြင်နိုင်ပြီး သတင်းစာများကလည်း အကျယ်တဝင့် ဖော်ပြခဲ့ ကြပါသည်။ လူငယ်များက ဦးဆောင်ကျင်းပခဲ့သော ဆန္ဒပြပွဲများက ပိုမိုများပြားသော လူငယ်များကို ပါဝင်လာစေခဲ့ပါသည်။

ယခု ၁၆နှစ်ရှိပြီဖြစ်သော သန်းဘတ်က သူ၏အပါတ်စဉ် ဆန္ဒပြပွဲကို ပတ်လန်း (Parkland) ဖလော်ရီဒါတွင် ၂၀၁၈ ခုနှစ်က သေနပ်သမားကြောင့်အထက်တန်းကျောင်းတစ်ခုတွင်လူ ၁၇ ဦးသေဆုံးခဲ့ရပါသည်။ သေနတ်များကို ထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် ၂၀၁၈ ခုနှစ်က ကျောင်းသားများစာသင်ခန်းများမှထွက်ခွာကာ ဆန္ဒပြကြရာ သန်းဘတ်က အလားတူဆန္ဒထုတ်ဖေါ်ရန် အကြံရခဲ့ပါသည်။ 

ယခင်လစောစောပိုင်းကနယူးယောက်မြို့တွင်ကျင်းပနေသည့် ရာသီဥတုပြောင်းလဲမှု ကွန်ဖရင့်သို့တက်ရောက် ရန် ဆိုလာပင်နယ် (Solar Panels) များဖြင့် မောင်းနှင် သည့် ရွက်လှေဖြင့် ခရီးသွားခဲ့ခြင်းကလည်း ခေါင်းကြီး ပိုင်းသတင်းဖြစ်ခဲ့ရပါသည်။ “ကျွန်မတို့ဟာ ပြောင်းလဲဖို့ တန်နေပါပြီ ”ဟုပြောခဲ့သည်။

သန်းဘတ်နှင့် ငယ်ရွယ်သော ရာသီဥတုပြောင်းလဲမှုကို ဆန္ဒပြသူများသည် သာမာန်ရိုးရိုးဆန္ဒပြသူများမဟုတ် ကြပါ။ သူတို့သည် တစ်ကမ္ဘာလုံး မှားယွင်းနေသော ကိစ္စများကို အမှန်တရားရောက်အောင် တိုက်ခိုက်နေသူ များဖြစ်ကြပါသည်။ သူတို့တစ်စုံတစ်ရာပြောဆိုလိုက်ခြင်းက ရိုးရိုးပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများ ပြောသည်ထက် ပိုမို၍ ထိရောက်မှုရှိပါသည်။

လူနှင့် ပတ်ဝန်းကျင်တို့၏ ဆက်စပ်မှုမှာ တစ်နေ့တခြား ပို၍ထင်ရှားလာနေပါသည်။ ပေးရမည့်သတင်းမှာ  သစ်တောများကို ကာကွယ်ရန်မဟုတ်၊ လင်းပိုင်များကိုကာကွယ်ရန်လည်းမဟုတ်၊ ကမ္ဘာပေါ်မှ လူအပေါင်းကို အန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်ကြရန်ဖြစ်ပါသည်။

အယ်ဒီနိုက် (Oladasu  Adenike) သည်နိုက်ဂျီးရီးယားနိုင်ငံအဘူဂျာမြို့မှ ၂၅နှစ်အရွယ် ဆန္ဒပြသူတစ်ယောက် ဖြစ်ပါသည်။ ကျွန်မတို့က “တစ်ကမ္ဘာလုံးပူပြင်းလာတာကို မျက်ဝါးထင်ထင် တွေ့နေရပါပြီ”ဟုဆိုသည်။ “ပြည်တွင်းမှာဘဲနေရာပြောင်းရွေ့နေရသူတွေ၊ လယ်သမားတွေ၊ တိရစ္ဆာန်တွေကို ထိန်းကျောင်းနေရသူတွေ အားလုံးဟာ ရာသီဥတုပြောင်းလဲမှုကိုတွေ့နေကြရပါပြီ။ အစားအစာဈေးနှုန်းတွေခေါင်ခိုက်နေတယ်၊ လယ်သမားတွေ ရဲ့လယ်ယာမြေတွေဟာ ရေလွှမ်းမိုးခံရတယ်၊ မိုးခေါင်လို့၊ ရေကြီးလို့ သီးနှံတွေမဖြစ်ဘူးဆိုတာတွေ တွေ့ကြုံနေရပါတယ်” ဟုပြောသည်။

ယူဂန်ဒါနိုင်ငံ ကမ်ပါလာမှအင်ကဖီး (Vanessa Nakafe) သည်၂၂ နှစ်အရွယ် သူ့ဖခင်၏ဆိုင်တွင် ဆိုလာဘက်ထရီအိုးရောင်းရသူက သူတို့အရပ်မှလူများသည် မိုးရွာမှ လယ်လုပ်ငန်းကို လုပ်နိုင်ကြကြောင်း၊ မိုးမရွာလို့ မိုးခေါင်လို့ ဘာမျှမလုပ်ရပဲ ဒီတိုင်းကြည့်နေရသူများရှိကြောင်း။ ယူဂန်ဒါနိုင်ငံတွင် အများစုမှာ ဒီလိုလယ်သမားတွေဘဲ ဖြစ်ပါတယ်ဟု ဆိုသည်။ ဆိုရှယ်မီဒီယာက ဆက်သွယ်ပေးမှုကြောင့် ကမ္ဘာတစ်ဝှမ်းမှ ဆန္ဒပြသူများနှင့် တွေ့ဆုံရကြောင်း၊ သူတို့ပေးတဲ့သတင်းတွေကို ကျယ်ကျယ်လောင်လောင်ကြားနေရကြောင်းပြောသည်။ လူကြီးတွေက “အရာရာကိုရှုပ်ထွေးအောင်လုပ်နေကြတယ်၊ ကျမတို့က ဒါတွေကိုလိုက်ရှင်းနေရတယ်” ဟုပြောသည်။

လူကြီးများကလည်း နားစွင့်နေကြပါသည်။ သန်းဘတ်၏ အန္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ကျော်၍ သွားသည့်သတင်းကိုလည်း သိနေကြပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက် (Antonio Guterres) ကလည်း ကလေးများ၏ဆန္ဒပြပွဲကို ထောက်ခံသည်။ “ကျွန်တော်တို့အရွယ်တွေဟာ ရာသီဥတုဖောက်ပြန်တာကို ကောင်းကောင်းမွန်မွန် မတုန့်ပြန်နိုင်ကြဘူး၊ ဒါကိုကလေးတွေက သိကြတယ်၊ သူတို့စိတ်ဆိုးကြတာကို အပြစ် ဆိုစရာမရှိပါဘူး” ဟုပြောသည်။

အမေရိကတိုက်တွင် ကောက်ယူသောစစ်တမ်းများအရ လူကြီးများကို ၂၀၀၈ ခုနှစ်မှစ၍ နှစ်စဉ်မေးမြန်းခဲ့ရာ ဆန္ဒပြသူများပြောလိုသောအကြောင်းအရာကို ပို၍ သဘောပေါက်နေကြသည်ဟု ဆိုပါသည်။ သူတို့၏ အယူ အဆများသည် ၂၀၁၅ ခုနှစ်မှစ၍ ပို၍ပို၍ ပြောင်းလဲလာသည်။

တချို့က သဘာဝဘေးဒဏ်များသည် ရာသီဥတုပြောင်းလဲမှုကြောင့် ပို၍ဆိုးလာနေသည်ဟုယူဆရကြောင်း၊ ဥပမာ ယမန်နှစ်က အမေရိကန်အနောက်ပိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရီကော့ကျိုးလောက်သည့် တောမီးလောင် မှုနှင့် ၂၀၁၇ နှစ်စက်တင်ဘာလက ပြူတိုရီကို (Puerto Rico) တွင်ဖြစ်ပွားခဲ့သော မာရီယာ (Hurricane Maria) မုန်တိုင်းတို့ကိုကြည့်၍ သိနိုင်ကြပါသည်။

၂၀၁၈ ခုနှစ်က ကောက်ယူခဲ့သောစစ်တမ်းတွင် လေးပုံတစ်ပုံက သူတို့၏ကလေးများနှင့် သူတို့၏ကလေးငယ် များအတွက် မှန်ကန်သောလုပ်ရပ်များကိုလုပ်ဆောင်ရန်လိုသည်ဟု ယူဆကြောင်း သိရပါသည်။

အင်္ဂလန်နိုင်ငံ အောက်စ်ဖို့တွင်လည်း စစ်တမ်းကောက်ယူရာတွင် ယနေ့လူကြီးများ၏ စိတ်တွင်း၌ သူတို့၏ ကလေးများ၊ သူတို့၏မြေးများအတွက်ဆိုသောသဘောထားကို တွေ့ရှိရပါသည်။

၂၀၁၆ခုနှစ်တွင် ၁၈၆၀ ကို အင်္ဂလန်နိုင်ငံတွင်မေးမြန်းခဲ့ရာ ၆၁ ရာခိုင်နှုန်းသောလူများက ရာသီဥတုပြောင်းလဲမှု ကြောင့် သေဆုံးမှုကို တားဆီးရန် တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၅ ကိုပေးလှူရန်ဝန်မလေးကြပါ။ ၂၀၁၇ ခုနှစ်တွင် လစ်စဘွန်းနှင့် အယ်ဒလေးသြစတေးလျားတိုက်တွင် ကောက်ယူသောစာရင်းတွင်လည်းထိုသို့အကုန် ခံကြရန် အသင့်ရှိကြောင်းသိရသည်။

ငယ်ရွယ်သူဖြစ်သည့်အတွက် သူတို့သည် စကားကိုတိုက်ရိုက်ပြောဆိုနိုင်ကြကြောင်း၊ ဘယ်သူ့ကိုမှရည်ရွယ် သည်ဟုလည်း ပြောဖို့မလိုကြောင်း၊ သူတို့သည် အသက်အရွယ်အရ သူတို့ဘဝတာဝန်များကို မထမ်းဆောင်ရ သေးသည့်အတွက်တာဝန်များမှ လာသောကန့်သတ်ချက် များမရှိသေး၍ဖြစ်သည်ဟုဆို၏။

သန်းဘတ်က ပြင်သစ်ပါလီမန်သို့ ဗွီဒီယိုလင့်နှင့် ပြောကြားရာတွင် “ကျွန်မတို့က ငယ်သေးလို့ ရင့်ကျက်မှုမရှိ သေးဘူးလို့ပြောချင်သလား၊ မရင့်ကျက်သေးလို့ ဒီလိုစကားတွေပြောနေရတာလား” ဟု မေးစရာရှိပါတယ်။ “ဒီဝန်ထုတ်ဝန်ပိုးအတွက် ကျွန်မတို့တာဝန်ထားပါ” ဟု လူ ၃.၇ သန်းနှင့်ချိတ်ဆက်ထားသော ဗွီဒီယိုလင့်တွင် သန်းဘတ် စကားပြောသည်။ 

စဉ်းစားစရာရှိသည်မှာ ဤကလေးငယ်များ အသက်ကြီးပြင်းလာသောအခါ သူတို့စွမ်းဆောင်နိုင်မှုကို ထိန်းသိမ်းထားနိုင်ပါမည်လားဟုဖြစ်ပါသည်။ သူတို့ဘဝတစ်ခုစီတွင် ဝန်လေးလှသောအလုပ်ရှာရသည့်ဒဏ်ကြောင့် ပိုက်ဆံမရ အကျိုးကိုမမြင်ရဘဲ ထမ်းဆောင်ရသောအလုပ်ကို ထိန်းမထားနိုင်မှာကို စိုးရိမ်ရပါသည်။ သူတို့ဘဝများသည် ဘာပဲပြောပြော အိမ်ပြန်ရောက်လျှင် စားစရာကို ရှာဖွေရဦးမှာသေချာပါသည်။

(၃)
ယနေ့တစ်ကမ္ဘာလုံးဆိုင်ရာအပူချိန်မှာ ၁၄.၇ စင်တီဂရိတ်ရှိရာ စက်မှုတော်လှန်ရေးမဖြစ်မီကာလကထက် အပူ ချိန် ၁.၂ ဒီဂရီပို၍နေပါသည်။ ဤသို့ပိုနေခြင်းသည် ရာစုနှစ်အကုန်တွင် ၁.၅ ဒီဂရီမျှသာရှိရန် ယခုအချိန်ကတည်းက စတင်အလုပ်လုပ်နေကြခြင်းဖြစ်ပါသည်။

ဘယ်သို့ဆိုစေ သူတို့အရွယ်ကြီးသွားလျင် နောက်ထပ်ကလေးများက တာဝန်ယူကြဦးမည်ဖြစ်ပါသည်။ ယနေ့ လှုပ်ရှားမှုတွင် အသက် ၁၁ နှစ်အရွယ် ကလေးများပါဝင်ကြပါသည်။ အသက်အရွယ်အရ တစ်အုပ်စုပြီးလျင် တစ်အုပ်စုက ထပ်မံတာဝန်ယူကြမည်ဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Why the world is watching young Climate activists, by Emma Marris, 26 September 2019 Nature.