Breaking News

မောင်အောင်မွန် ● ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဒီလိုပါကြည့်

မောင်အောင်မွန် ● ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဒီလိုပါကြည့်
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၉

မေယုတိုက်ရေယာဉ်ကို စစ်ဆေးဖို့ ရောက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကိုကြည့်ရင်၊ အသက်ငယ်သေးပေမယ့် ဘယ်လောက် တည်ငြိမ်တယ်၊ ရင့်ကျက်တယ်ဆိုတာ မြင်နိုင်ပါလိမ့်မယ်။

မသကာရှိ ၃၁ နှစ်ပေါ့။ သူ့အသက်နဲ့ သူ့အတွေ့အကြုံကို ယှဉ်ကြည့်ပါ။

ရဲဘော်သုံးကျိပ်ကို ခေါင်းဆောင်ခဲ့ပြီးပြီ၊ စစ်သေနာပတိဖြစ်ခဲ့ပြီးပြီ၊ ဖက်စစ်တော်လှန်ရေးမှာ နိုင်ငံရေးအရရော စစ်ရေးအရရော ဦးးဆောင်ခဲ့ပြီးပြီ၊ တပ်တွင်းပုဂ္ဂိုလ်ရေးပြသနာများ ကိုလည်း ပါးနပ်ပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းခဲ့ပြီးပြီ။
မဟာမိတ်တို့ဘက်က ကမ္ဘာ့သမိုင်းဝင် စစ်ခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ ဗိုလ်ချုပ်စလင်း၊ မောင့်ဘက်တန်တို့နဲ့ ဆွေးနွေးခဲ့ပြီးပြီ။ အင်္ဂလိပ်တို့ရဲ့ Royal Navy မှာအမှုထမ်းနေတဲ့ မြန်မာတွေကို လွတ်လပ်တော့မယ့် မြန်မာနိုင်ငံရဲ့ တပ်မတော်ရတပ် အတွက်၊ Royal Air Force မှာအမှုထမ်းနေတဲ့ မြန်မာတွေကို လွတ်လပ်တော့မယ့် မြန်မာနိုင်ငံရဲ့ လေတပ်မှာ ဗိုလ်ချုပ်အောင်ဆန်းကနေရာချ စီစဉ်ခဲ့တယ်။

ဗမာ့တပ်မတော်မှာ ရေတပ်ဆိုတာ မရှိခဲ့တော့ ရေတပ်သားဆိုတာကော ဘယ်ရှိနိုင်ပါ့မလဲ။ အဲဒီတော့ အင်္ဂလိပ်တို့ရဲ့ Royal Navy မှာအမှုထမ်းနေတဲ့ မြန်မာတွေဟာ အားထားစရာမဟုတ်လား။ အလားတူပဲ လွတ်လေးရတော့ လေတပ်မှာ လေယာဉ်ပျံဆိုလို့ လေးဆင်းသာရှိတယ်လို့ ကြားဖူးတယ်။ Royal Air Force မှာအမှုထမ်းဖူးတဲ့ ဗိုလ်မှူးခင်တို့၊ ဗိုလ်မှူး တီကလစ် (၁၉၃၆ ခု၊သပိတ်မှောက် ကျောင်းသား) တို့ကို ဗိုလ်ချုပ်အောင်ဆန်း မျက်စိကျ အားထားထည့်တွက်ခဲ့တာ ဘာ့ကြောင့်လဲ။

ဝံသာနုစိတ် ကြီးထွားနေချိန်၊ အင်္ဂလိပ်တို့ရဲ့ အလိုတော်ရိဆိုတဲ့ စကားလုံး တသွင်သွင်သုံး၊ အမျိုးသားသစ္စာဖောက်တွေလို့တောင် ခေါ်နေကြတဲ့ကာလာမှာ နိုင်ငံရေးသမား သခင်အောင်ဆန်း၊ ဗမာ့တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ လွတ်လပ်ရေးပိသုကာ စတာတို့ထက် ကဲကာ လူအောင်ဆန်းမို့ လူ့တန်ဖိုး အထူးသဖြင့် မရှိလို့လိုအပ်တဲ့ လူတွေအဖြစ်မြင်တာ။ အဲဒါက ကျနော့ကိုယ်ပိုင် သုံးသပ်ချက်။

ဗြိတိန်နိုင်ငံနဲ့သဘောတူညီချက်အရ၊ တပ်သားဦးရေ ကန့်သတ်ထားရလို့ ပိုနေသူတွေကို ပြည်သူ့ရဲဘော်တပ်ဖွဲ့ ထူထောင်ကာ ကိုယ်တိုင်ကွပ်ကဲပေးခဲ့သေးကြောင်း မှတ်တမ်းတွေရှိတယ်။ လက်နက်ကိုင်သူတွေရဲ့ တာဝန်နဲ့စည်းကမ်းကို တင်းတင်းကျပ်ကျပ် အလေးထားပုံ သူ့မိန့်ခွန်းတွေမှာ လေ့လာကြည့်ရင် ပိုရှင်းစွာသိလာပေလိမ့်မယ်။

သေတဲ့အချိန်ထိ ဘာဖြစ်လို့ စစ်ယူနီဖောင်း နှစ်စုံနဲ့နေသွားသလဲ။

ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ တိုင်း ၄ က၊ ဗိုလ်မှူးဘရှင်နဲ့ တပ်ကြပ်ကြီး တင်ဦးတို့ လာတွေ့တော့ အင်္ကျ ီကိုဘောင်းဘီပွထဲထည့်ဝတ်ပြီး၊ ခါးပတ်နေရာမှာ ကြိုးနဲ့ချီထားတာကို ဗိုလ်ချုပ်အောင်ဆန်းက ကြည့်နေတယ်၊ သူတို့ ၂ ယောက်နည်းတူ ဗိုလ်ချုပ်ကိုလည်း ကိုးကိုးတခွက်နဲ့ ငှက်ပျောသီး ၂ လုံး ဒေါ်ခင်ကြည်က လာချပေးတယ် စသဖြင့် ရေးထားတဲ့ ဆောင်းပါးကို ကျနော်မှတ်မိနေသေးတယ်၊ စိတ်ဝင်စားတဲ့ စာဖတ်သူများ (၁၉၅၇ ခု၊ ဇူလိုင်လ မြဝတီ မဂ္ဂဇင်း) မှာရှာကြည့်ပါ။အဖြေပေါ်ပါလိမ့်မယ်။

နောက်တခုက အများသိတဲ့ သို့မဟုတ် ကြားဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖက်စစ်တော်လှန်း စစ်ထွက်မိန့်ခွန်းကိုကြည့်ပါ၊ “ ရဲဘော်တို့ ၊ခရီးကကြမ်းမယ်၊ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ အန္တရယ်များမယ်၊ရဲဘော်တို့နဲ့ငါလည်းအတူထွက်မှာ” တဲ့။

သူဟာ တာဝန်အရ စစ်သေနာပတိ၊ အဆင့်အရ ဗိုလ်ချုပ်၊ တချိန်ထဲမှာ စစ်သား၊ တပ်မတော်သားအစစ်မို့ အောက်ခြေရဲဘော်များနဲ့ တသားတည်း။ အဲဒီစိတ်ထားနဲ့ တည်ထောင်ခဲ့တဲ့ ဗမာ့တပ်မတော်မှာ ရှိခဲ့ဖူးတာကို အောင်ဆန်းစိတ်ဓာတ်လို့ခေါ်တယ်။

နောက်တခု ကျနော်လေ့လာ သိတထားမိတာက သူဟာဘာကို စဉ်းစားစဉ်းစား လူတယောက်အနေဲ့ တပြည်လုံးက လူတွေအတွက်စဉ်းစားတယ်၊ ကြည့်တဲ့နေရာမှာလည်း မျက်စိကို အသားကုန်ဖွင့်ကြည့်တယ်၊ အဲဒါကြောင့်မို့ တောင်တန်းဒေသ တောကြိုတောင်ကြား၊ ကျေးလက်ဒေသ နေရာတကာကို မြင်တာပါ။
အမျိုးသားခေါင်းဆောင်ကြီး ပီသပုံက သူ့ခံယူချက်။

တိုင်းပြည်ဆိုတာ လူတိုင်းပိုင်လို့ လွတ်လပ်ရေးကို ပြည်သူပြည်သား အားလုံးခံစားခွင့်ရှိရမယ်၊ အားလုံးမှာလည်း တာဝန်ကိုယ်စီရှိတယ်ဆိုတာပါ။ သူပြောတာတွေ ကြားခဲ့ သူလုပ်ခဲ့တာတွေ မြင်ခဲ့လို့ ကျနော်ရေးတာပါ။ ဆောင်းပါးရေးနေချိန် ဆေးရုံမှာ သူနာပြုဆရာမလေး ရှာချင်ခဲ့တဲ့ အသက် ၂၀ ဝန်းကျင် လူငယ်လေးမဟုတ်တော့၊ အနှစ် ၄၀ ကျော်အတွေကအကြုံရှိတဲ့ သတင်းသမား ( Professional News Writer) ဖြစ်ခဲ့တဲ့ အသက် ၈၀ ဘက်မျက်နှာမူနေတဲ့ အရွယ်ဖြစ်နေပါပြီ။

ကျနော်ပြောချင်တာက ဂျပန်ခေတ် ကျနော်တို့ကလေးဘဝ။

သေမင်းတမန်လို့ စာဖတ်သူတို့ ကြားဖူးတဲ့ ယိုးဒယားကနေ မြန်မာပြည်ဘက် မီးရထားလမ်း၊ The Bridge On The River Kwai ဆိုပြီး ရုပ်ရှင်ရိုက်လို့လည်း ကမ္ဘာကျော်ခဲ့တယ်။ သံဖြူဇရပ်က မဟာမိတ်တို့ရဲ့ စစ်သင်္ချ ိုင်းကလည်း အထင်ကရပါ။ ဂျပန်ခေတ် အဲဒီကာလမှာ ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိ။

မီးရထားလမ်းဖောက်ရာမှာ အလုပ်လုပ်ကြဖို့ လူတွေကိုလိုက်စု အတင်းခေါ်ကြတော့ ပြေးကြလွှားကြ ပုန်းကြရှောင်ကြရတဲ့ထဲ ကျနော်တို့ဆွေးမျိုးသားချင်းတွေလည်း ပါကြတာမှတ်မိ၊ မြင်ယောင်နေတယ်။ ချွေးတပ်ဆွဲနေပြီဟေ့ ဆိုတဲ့အသံကြားရင် ကလေးတွေပါ ရောပြီးလန့်ခဲ့ရတာပါ။ ပိုရှင်းအောင်ရေးရရင် စစ်တပ်ကပေါ်တာဆွဲတာမျိုး။

သေလိုက်ကြတာတွေ နည်းနည်းနောနောမဟုတ်၊ ပိုဆိုးတာက တပြည်လုံးဖြစ်သလိုစား ဖြစ်သလိုဝတ်ရတဲ့ထဲ ဖျင်ကြမ်းတွေ ဂုန်နီအိတ်တွေတောင် ဝတ်ကြရတယ်လို့ ကြားဖူးပါတယ်။ အဲဒါကို စစ်သေနာပတိ အောင်ဆန်းမသိ ဘယ်ရှိပါ့မလဲ။ သူကလူတွေကြားက လူလေ။

ဒါ့ကြောင့် သူလက်ထပ်ရာမှာတောင် ဝတ်နေကျ စစ်ယူနီဖောင်းဝတ်ထားတာကြည့်။

အဲဒါကြောင့် သေတဲ့အထိ ယူနီဖောင်လေး နှစ်စုံလောက်နဲ့နေသွာတာဟာ နိုင်ငံရေးစတန့် ထွင်တာပါလို့ ရေးကြတွေးကြသူတွေနဲ့ အငြင်းမပွါးလို၊ သူတို့ကြိုက်သလိုတွေး ကျနော်လည်း ကျနော်ကြိုက်သလိုတွေး ကြိုက်သလိုရေးမယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့် မဟုတ်လား။

လွတ်လပ်ရေးအကြို ပြည်သူ့လွှတ်တော်သို့ ဗန္ဓုလပန်ခြံကနေ ပြည်သူ့လွှတ်တော်သို့ စုပေါင်းသွားကြတဲ့အခါမကျတော့မှ အမျိုးသာဝတ်စုံဝတ်တာပါ။ လူအောင်ဆန်း အနေနဲ့ မင်္ဂလာလက်ထပ်ပွဲမှာ ဘယ်လိုဝတ်၊ အမျိုးသားခေါင်းဆောင်ကြီး အနေနဲ့ကျတော့ ဘယ်လိုဆိုတာ၊ သေသေချာချာ ခွဲပြီးကြည့်ပါ။

လူတွေဘယ်လိုဝတ်နေကြရတယ် ဆိုတာလှည့်မကြည့်၊ တွေးရကောင်းမသိဘဲ ဝတ်ကြစတမ်းဆို အဲဒီအချိန်က အင်္ဂလိပ်ဘုရင်ခံကလွဲရင် လစာအများဆုံးရသူမို့ ဟောလိဝုဒ်က ကမ္ဘာကျော် မင်းသားတွေသာအောင်တောင် သူကဝတ်နိုင်သေး။

ခေါင်းထဲဝင်လာတာလေး သတိရတုန်းဖြတ်ရေးပါရစေ။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးနဲ့ ကြည် ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ် ဆိုတဲ့စာတိုလေးလို၊ Dear Adipadi Gyi, I like to propose Col. Hla Pe to suceed me --- စသဖြင့် ဗိုလ်ချုပ်အောင်ဆန်း လက်ရေးနဲ့ အင်္ဂလိပ်လိုရေးထားတာလည်း မှတ်မိနေတယ်။ သူ့နေရာမှာ ဗိုလ်မှူးကြီးလှဖေ (ဗိုလ်လကျ်ာ) အားဆက်ခံစေ ဖို့အဆိုပြုတဲ့စာ အဓိပတိကြီး ဒေါက်တာဘမော်ထံ ရေးသားတဲ့စာ အပိုင်းအစလေးပါ။

သူ့ကိုချစ်ကြတော့လည်း သူ့လက်ရေးကိုလည်း ချစ်ကြရတာပေါ့။ သူကလည်း လူအောင်ဆန်း ကျနော်တို့ကလည်း လူတွေလေ။

(ဝန်ခံချက်၊ ၊လူတွေကြားကလူအောင်ဆန်း စာအုပ်မှ စာနှင့်ပုံ)

၂၀၁၉ ခု၊အောက်တိုဘာလ (၇)ရက်နေ့။