Breaking News

ခင်ဇော်မိုး ● ရွာကလေး

ခင်ဇော်မိုး ● ရွာကလေး
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၉

အလုပ်နဲ့လက်နဲ့ ပြတ်လပ်ခြင်းမရှိအောင် လှုပ်ရှားနေကြရတဲ့ ဘဝတွေဟာ ကောင်းကင်ကကြယ်တွေလိုပဲ ရေတွက်လို့မရနိုင် ဘူး ထင်ပါတယ်။ ကျွန်မက ရွာသေးသေးကလေးမှာ မွေးဖွားကြီးပြင်းလာခဲ့သူမို့ ရွာနေလူတန်းစားတွေရဲ့ပုံရိပ်ကို အလွတ်ရ နေသူတစ်ယောက်ဖြစ်တယ်။ မနက်ခင်း နေရောင်မဆိုထားနဲ့ အရုဏ်ရောင်ခြည် မသမ်းခင်ကတည်းက အိပ်ရာထကြရတယ်။ကျွန်မတို့ရွာကလေးက တောင်သူယာလုပ်ပြီး အသက်မွေးဝမ်းကျောင်းရတဲ့ ရွာကလေးတစ်ရွာ ဖြစ်တယ်။ ရွာမှာ လယ်ရှိ ယာရှိ လယ်သမားနဲ့ လယ်ယာမဲ့ လက်လုပ်လက်စားသမားတွေသာရှိတဲ့ ရွာကလေးပါပဲ။

မနက်လင်းတာနဲ့ အလုပ်ခွင်ဝင်နိုင်ကြဖို့ အရုဏ်မလာမီ အိပ်ရာထလို့ အမျိုးသမီးတွေက ထမင်း၊ ဟင်းချက်ပြုတ်ကြရတယ်။အမျိုးသားတွေကလည်း မနက်လင်းတာနဲ့ လယ်ထဲယာထဲ ထွန်ချနိုင်ဖို့အတွက် နွားကျွေး ထကြရတယ်။ ကျွဲ၊ နွားမရှိသူ၊ မြေယာမရှိသူ လက်လုပ်လက်စားသမားတွေကလည်း  မနက်လင်းတာနဲ့ တူရွှင်း၊ ပေါက်ပြားကိုဆွဲပြီး အလုပ်ခွင်ဆီဦးတည်နိုင် ဖို့ စောစောအိပ်ရာထ ပြင်ဆင်ကြရတယ်။ ထန်းတက်သမားများရဲ့  ကျောက်သွားပေါ် ဓားတလျှောလျှောသွေးသံကလည်း နေ့စဉ်ပျံ့လွှင့်နေကြအသံဖြစ်သလို နွားပေါက်ကလေးများရဲ့ တဘူးဘူး တပဲပဲမြည်သံဟာလည်း ပျံ့လွှင့်နေကြအသံဖြစ် တယ်။ ဒါတွေဟာ  နိစ္စဓူဝ လှုပ်ရှားမှုစတင်ခြင်းတွေပေါ့။

ဖေ့ဘုတ်ပေါ်မှာ ကျွန်မအကောင့်ထဲက မိတ်ဆွေတွေက စနေ၊ တနင်္ဂနွေပိတ်ရက်တွေကို မျှော်လင့်တတ်ကြကြောင်း၊ မိုးအနည်းငယ်ခေါင်စဉ်က လျှပ်စစ်မီးမကြာခဏပြတ်သောကြောင့် ယပ်တောင်ခပ်ရသည်မှာ လက်များအံသေနေကြောင်း အများအပြားညည်းတွားကြတာကို တွေ့ရတဲ့အခါ ကျွန်မ ပြုံးမိရပါတယ်။ ကျွန်မတို့ရွာကလေးမှာ နေထိုင်ကြသူတွေကတော့ မျှော်လင့်စရာ အလုပ်နားရက်မရှိကြသလို၊ အမောပြေ၊ အအိုက်ပြေ ယပ်တောင်ခပ်ရတာကိုလည်း လက်ညောင်းရတယ် မမှတ်ဘဲ အနားယူရတာလို့ပဲမှတ်ကာ ကျေနပ်တတ်ကြပါတယ်။ ဒါပေမဲ့ ကွာဟလွန်းတဲ့ သီးနှံဈေးနဲ့ မြေသြဇာဈေး တို့ကြောင့်တော့ ရွာကလေးကလူတွေဟာ ညည်းညူတတ်ကြပါတယ်။ ချွေးနဲ့၊ တတ်နိုင်သမျှ အရင်းအနှီးကလေးတို့နဲ့ အား ထုတ်စိုက်ပျိုးထားကြပေမယ့် ရာသီမိုးမပို့လို့ ဆုံးရှုံးသွားကြရတဲ့အခါလည်း တူရွှင်း၊ ပေါက်ပြားကို ဆုပ်ကိုင်ထားကြစမြဲပါပဲ။ကျွန်မတို့ရွာကလေးနဲ့အတူ တခြားရွာနီးနားချင်းရွာတွေလည်း ဒီနှစ်အတွက် နှမ်းတစ်သီးကို ဆုံးရှုံးလိုက်ကြရတယ်။ ဒါကြောင့် ဆီဝယ်စားကြဖို့ ငွေလိုအပ်မှုတစ်ခု တိုးလာခဲ့ပြန်တယ်။ လခစားမဟုတ်သလို အခြားစီးပွားရေးလည်းမရှိကြတဲ့ ရွာကလေးကလူတွေအတွက် ရာသီပေါ်သီးနှံတစ်ခုဆုံးရှုံးလိုက်ရခြင်းက ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ။ဒါပေမဲ့ နောက်ထပ် သီးနှံတစ်ခုကို လက်မလွတ်ရစေဖို့ ပိုအားထုတ်ကြရှာပြန်တယ်။

အလုပ်ပိတ်ရက်မရှိတဲ့ ကျွန်မတို့ရွာကလေးကလူတွေဟာ စနေ၊ တနင်္ဂနွေကို မမျှော်တတ်ကြပေမယ့် တက်မလာတဲ့ သီးနှံဈေးကိုတော့ မျှော်တတ်ကြတယ်။သီးနှံကလေးရတဲ့ နှစ်မှာ အဆင်ပြေရင် ရွှေတိုငွေစကလေးကို စုစောင်းတတ်ကြပြီး ရာသီမိုးမပို့လို့သီးနှံတစ်ခုလစ်လပ်သွားရတဲ့အခါ စုစောင်းထားတဲ့ရွှေစငွေစကလေးတွေနဲ့ နောက်တစ်သီးစားအတွက်  အရင်းအနှီး တည်ကြရပြန်တယ်။ တကယ်တော့ တောသူတောင်သားတွေဟာ ဘဝကိုဖြစ်သလိုရပ်တည်ကြရင်း သူတို့ရဲ့ မြေယာ စိုက်ခင်းတွေကို သေတပန်သက်ဆုံး စောက်ရှောက်ကြသူတွေပါပဲ။ သူတို့ရဲ့ယာခင်းထဲမှာ ကျွဲ၊ နွားတွေနဲ့အတူ နေကုန်နေခမ်း အလုပ်လုပ်ကြရင်း ပျော်မွေ့ကြတယ်။ မြေသြဇာဈေးတွေ အတမတန်မြင့်တက်တာကို ဆန္ဒမပြတတ်ကြ သလို၊ မိုးခေါင်လို့ သီးနှံတစ်ခု ဒါမှမဟုတ် သီးနှံနှစ်ခုမျှထိ လစ်လပ်သွားတဲ့အခါလည်း ရွာကလေးကလူတွေဟာ ဆန္ဒ ဖော်ထုတ်ခြင်း မရှိကြပါဘူး။ ဒေါ်လာဈေးတက်တာ၊ ရွှေဈေးတက်တာက သူတို့ကမ္ဘာနဲ့ ပတ်သက်ဆက်နွယ်ခြင်းမရှိဘူး။ သူတို့ဟာ ရာသီမိုးထက် ဘယ်အရာမှစိတ်မဝင်စားကြဘူး။

လက်လုပ်လက်စား အလုပ်သမားတွေကလည်း ရသမျှလုပ်အားခကလေးကို တတ်နိုင်သမျှအဖိတ်အစင်မရှိအောင် စုစောင်းကြရတယ်။ မနက်ခင်းအလုပ်ရှိတဲ့အခါ အလုပ်ကကျွေးတဲ့ထမင်း၊ ဟင်းကို အားထားပြီး စားကြတယ်။ မနက်လင်း အချိန်ကတည်းကနေ ဆယ့်တစ်နှစ်ရီထိုးရင် ပြန်ကြရတယ်။ ဒီတော့ အလုပ်ကကျွေးတဲ့ထမင်းက သူတို့အတွက် တစ်နှပ် စာ အချက်အပြုတ်သက်သာစေတယ်။ ညနေတစ်နှပ်စာသာ ချက်ပြုတ်စားသောက်ကြပြီး ရတဲ့ငွေစကလေးများကို ကျစ်ကျစ်ပါ အောင် သိမ်းထုပ်စုစောင်းကြတယ်။ ဒီငွေစကလေးတွေနဲ့ အလှူအတန်းပြုနိုင်အောင် ကြိုးစားအားထုတ်ကြပြန်တယ်။ အလုပ်သမားတွေက အလုပ်မြိုင်မြိုင်ဆင်းနိုင်ရေးအတွက် ဘယ်လမှာ ဘယ်သီးနှံပေါ်မယ့်အကြောင်း လက်ချိုးရေတွက်ကြ သလို မြေယာကလေး ရှိသူများကလည်း သီးနှံသိမ်းရမယ့်အချိန်ကို လည်ပင်းညောင်ရေအိုးဖြစ်ကမန်း မျှော်ကြရှာတယ်။ အခုဆိုရင် စက်တင်ဘာလဆန်းရောက်နေပြီမို့ စပါးခင်းတွေအတွက် လုပ်အားဝင်နေကြရတယ်။ စပါးတစ်သီးအတွက်သာ ဆည်ရေပေးတဲ့အတွက် စပါးလယ်တွေဆီ ရေရောက်အောင် သွယ်ယူနေကြရတယ်။ ဆည်ရေပေးတယ်သာဆိုပါတယ် လာလိုက် ပြတ်လိုက် ဆည်ရေကလေးကြောင့် လယ်သမားတွေခမျာ အိမ်နဲ့လယ် ကူးသန်းရလွန်းလို့ ခြေပွတ်တိုင်တွေ လည် နေကြပြီ။

ဆည်ရေးမလွှတ်ခင် ၊မိုးမရွာခင်က သေသွားတဲ့စပါးလယ်တွေကလည်း ကောက်ပြန်စိုက်ကြပြီး စပါးရရေးအတွက် လုံးပမ်းကြရပြန်တယ်။ပေါင်းနုတ်သူက ပေါင်းနုတ်ကြရနဲ့ စပါးခင်းက မထွက်ကြရပါဘူး။

ကျွန်မတို့ကလေးဘဝတုန်းက ကျွန်မတို့ရွာကလေးမှာ ထန်းလျက်ချက်သူတွေ အများအပြားရှိကြပေမယ့် အခုတော့ ရွာချက်ထန်းလျက်တစ်ခဲကိုတောင် မမြင်ရတော့ပါဘူး။ ကျွန်မတို့ငယ်ငယ်ကတော့ ရွာအစွန်နားက ထန်းလျက်တဲကလေးမှာ ထန်းလျက်ပူခံပြီး စားတတ်ကြတယ်။ ထန်းလျက်ပူခံတယ်ဆိုတာ ထန်းလျက်လုံးဖို့အဆင်သင့်ဖြစ်နေတဲ့ ချက်ပြီးစ ထန်းလျက်အိုးပူပူထဲကနေ ထန်းရွက်ကလေးတစ်စိပ်ထဲကို ထည့်စားခြင်းမျိုးပါ။ ထန်းလျက်ချက်ရတာ မလွယ်ကူလှပါဘူး။ ထန်းလျက်ချက်ဖို့အတွက် မီးအားပြင်းပြင်းထိုးစိုက်ဖို့ သံဒယ်အိုးကြီး လေးငါးလုံးစာ တပြိုင်နက်တည်းချက်လို့ရမယ့် မီးဖိုရှည်ကြီး ရှိရပါတယ်။မီးဖိုကိုတော့ ရွံ့စေးမြေနဲ့ ပြုလုပ်ထားကြပြီး ထင်းအတွက်လည်း ရွာနဲ့ဆယ်မိုင်မကဝေးတဲ့ဆီကို သွားခုတ်ကြရလေ့ရှိတယ်။ဒ့ါကြောင့် ထင်းရှာရတာ ခက်ခဲသလို ထန်းလျက်ချက်သူတစ်ယောက်အနေနဲ့ လုပ်ရတဲ့ နေ့စဉ်အလုပ်က မသေးလှတာကြောင့်ပင်လား မပြောတတ်ပါ။ အခုတော့ ထန်းလျက်ချက်သူ မရှိကြတော့ဘဲ ထန်းရည်ခါးသာ လှီးယူကြပါတော့တယ်။

ရွှေရောင်ဝင်းအိနေတဲ့ စပါးခင်းကြီးတွေကို မြင်တွေ့ရဖို့ တောင်သူလယ်ယာသမားတစ်ဦးရဲ့ အားထုတ်မှုဟာ သိပ်ကိုကြီး မားလေးလံသလို ရွာချက်ထန်းလျက်တစ်ခဲကို မြင်ရစားရဖို့အတွက်ဟာလည်း ဘုရားမှာ ဆုပန်ရမလိုပါပဲ။ဒါပေမဲ့ ကျွန်မတို့ ရွာကလေးက လူတွေဟာ ဆင်းရဲပင်ပန်းကြီးစွာနဲ့ မိရိုးဖလာ ယာကိုသာလုပ်ကြရင်း၊ အသက်ကိုမငဲ့နိုင်ဘဲ ထန်းပင်ထန်းဖျားမှာ ထန်းလှီးစားကြရင်း ဘဝလမ်းကျောင်းကြတယ်။

လယ်သမား၊ အလုပ်သမား၊ ထန်းသမား စတဲ့ရွာကလေးမှာရှိတဲ့လူတွေဟာ မနက်ခင်းအရုဏ်မလာမီကတည်းက အလုပ်ခွင်ဝင်ဖို့ပြင် ဆင်ကြရပြီး တနေ့သာလှုပ်ရှားမှုတွေ ရပ်တန့်ချိန်ကလည်း နေလုံးဆုံးဆုံးမြုပ်တဲ့အချိန်ထိပါပဲ။ ကျွန်မတို့ ရွာကလေးရဲ့ ညတွေဟာ ကြယ်ရောင်၊ လရောင်ကလေးနဲ့ ခြယ်သခွင့်ရရှာတယ်။ မှုန်ပြပြအလင်းအောက်က ရွာကလေးကတော့ စောစီးစွာအိပ်စက်အနားယူလေ့ရှိသလို မနက်အရုဏ်မလာမီ နိုးထသက်ဝင်လေ့ပါပဲ။

ခင်ဇော်မိုး