မောင်တူး - လေးနှစ်သား PDF (မောင်တူး)
မောင်တူး - လေးနှစ်သား PDF (မောင်တူး)
မိုးမခ ၊ မေ ၆ ၊ ၂၀၂၅
P D F များ၊ လေးနှစ်သားတွင်
အင်အားကြီးလာ၊ သတိသာထား
ဗိုလ်ချုပ်များက၊ မှာကြားနေပြီ
စစ်ကောင်စီ၏အစည်းအဝေးတွင်ပါတကား။ ။
ဒီနေ့ လေးနှစ်သား PDF စတင် ဖွဲ့စည်းတဲ့ မေလ ၅ ရက် မရောက်ခင် နှစ်ပတ်အလို ဧပြီ ၂၁ ရက်က PDF များ အင်အားကြီးမားလာနေလို့ သတိထားကြဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင်က နေပြည်တော် စစ်တိုင်း အစည်းအဝေးမှာ ပြောခဲ့တယ်။ စစ်ခေါင်းဆောင်တွေ PDF ကို ကြောက်နေပြီ။
PDF ဆိုတာ
ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနဌာန CDM ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားပါက ပြောတယ်။
"PDF တွေကို ကျမတို့က ထောက်ပံ့ရမှာပေါ့။ ကူညီရမှာပေါ့။ လှူကြရမှာပေါ့။ သူတို့က ကျမတို့ကို ကာကွယ်ပေးနေတာလေ။"
မှန်စွစကားပါ။ ဝီကီပီးဒီးယားမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် People's Defence Force PDF သည် မြန်မာနိုင်ငံ၏အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ၂၀၂၁ မေလ ၅ ရက်တွင်ဖွဲ့စည်းလိုက်သော တရားဝင်လက်ရုံးတပ်မတော်ဖြစ်ပြီး ဖက်ဒရယ်တပ်မတော်၏ရှေ့ပြေးအဖြစ်လည်း သတ်မှတ်ထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတော့ ၎င်းထိန်းချုပ်ထားသည့် နိုင်ငံတော်ပိုင်မီဒီယာဖြစ်သည့် မြဝတီ MWD မှ PDF နှင့် NUG အား အကြမ်းဖက်သူများအဖြစ်တန်ပြန်ကြေညာခဲ့သည်လို့ ဖော်ပြထားတယ်။ အာဏာရှင်ကြီး နေဝင်းရဲ့မြေး အေးနေဝင်းကဆိုရင် (PDF တွေတိုက်လို့ တပ်မတော်က ဘာမှဖြစ်မသွားဘူး။ PDF တိုက်လို့ ဗိုလ်မှူးကြီးတယောက်လောက်တောင် အိပ်ရေးပျက်မသွားဘူး) လို့ ပြောခဲ့ဖူးတယ်။ အခုတော့ PDF တပ်တွေက မြို့တွေကို သိမ်းနေပြီ။ အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းတောင် တုန်လှုပ်ချောက်ချားနေပြီလေ။
PDF အင်အားကြီးလာလို့ သတိထားကြဖို့ ဒုစစ်ခေါင်းဆောင် ပြော
DVB April 21, 2025 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မြှောက်ပင့်ပေးမှုကြောင့် PDF တွေ အင်အားကြီးထွားလာတာကြောင့် တပ်ရင်းတပ်ဖွဲ့တွေသတိထားဖို့နဲ့ ရန်သူကိုအထင်မသေးဖို့ ဒုစစ်ခေါင်း ဆောင်က ပြောပါတယ်။
ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ ငလျင်ဘေးအတွက်ကူညီထောက်ပံရေးအစည်းအဝေး လုပ်ရာမှာ ဒု စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ် သက်ပြီး ကစထမှူးတွေနဲ့ တိုင်းမှူးအချို့ကိုပြောဆိုခဲ့တာလို့ နေပြည်တော်တိုင်းစစ်ဌာန ချုပ် (နပတ) နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ငလျင်ဘေးလည်းလုပ်၊ PDF တွေရဲ့သတင်းလည်း နားစွင့်။ အခုဆို PDF တွေက နေပြည်တော်အထိ ခြိမ်းခြောက်လာတယ်၊ တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက မြှောက်ပေးနေတော့ အင်အားက တစစကြီးထွားလာတယ်။ ဒါကြောင့် တိုက်ပွဲတွေဖြစ်ရင် ရဲရဲတိုက်၊ ရဲရဲချေမှုန်းဖို့လိုတယ်၊ ဖြစ်လာလို့ အဖမ်းခံရရင် ကိုယ့်ဖြစ်ကိုယ်ခံ၊ ဘယ်သူမှ မကယ်ဘူး၊ ဒုချုပ်က ပြောတယ်။”
ဒါ့အပြင် စစ်ဆင်ရေးမဟုတ်ဘဲ အလုပ်ကိစ္စနဲ့ခရီးသွားလာရာမှာ မိမိကိုယ်ကိုတပ်ကသူမှန်းမသိအောင် ရုပ်ဖျက်သွားလာရမည် ဖြစ်ပြီး တာဝန်ရှိသူအဆင့်ဆင့်ကို သတင်းပို့ဖို့လည်း ပြောဆိုခဲ့တယ်လို့ သူက ရှင်းပြပါတယ်။ အခုလိုပြောဆိုတာဟာ ဧပြီ ၁၉ ရက်က နေပြည်တော်ကောင်စီနယ်မြေထဲမှာ မကွေးတိုင်းဆင်ပေါင်ဝဲမြို့ နယ်ထဲ ကပစ ၁၃ က ထုတ်လုပ်ရေးမှူး ဗိုလ်မှူးအပါအဝင် ၃ ယောက်ကို PDF တွေ ဖမ်းဆီးသွားပြီးနောက် သတိပေးပြောဆိုတာလို့ ကပစနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ကပစ ၁၃ က စက်ရုံမှူးလည်း အဲဒီကိစ္စနဲ့ရှင်းနေရတယ်။ အဖမ်းခံရတာလည်း နေပြည်တော်ဆက်စပ် နယ် မြေထဲမှာ ပိုဆိုးတယ်။ ပြောရရင် နေပြည်တော်ကို PDF တွေက ခြိမ်းခြောက်လာတယ်ဆိုတဲ့သဘော။”
စစ်တပ်အာဏာသိမ်းပြီး ဒုစစ်ခေါင်းဆောင် စစ်ရေးကိုကိုင်တွယ်ရချိန်မှာ တိုင်းစစ်ဌာနချုပ် ၂ ခုနဲ့ တပ်ရင်းတပ်ဖွဲ့စခန်း ၁၀၀ ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နဲ့ PDF တပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
PDF များ ဘာပြောထားသလဲ
တိုက်ပွဲမှာ ခြေတဖက်ဆုံးရှုံးထားရတဲ့ PDF ရဲဘော်တယောက်က သူဟာ ခြေတုအမြန်တပ်ပြီး ရှေ့တန်းပြန် သွားချင်တယ်လို့ ပြောနေတယ်။ သူတို့က PDF ရဲဘော် ၂ ယောက်ပဲ။ တယောက်က ဧရာဝတီတိုင်းက ကရင်လူမျိုး PDF ရဲဘော်ဖြစ်ပြီး ခြေတဖက် အတုတပ်တော့မယ့်သူ။ နောက်တယောက်က သူ့ဇနီး PDF ကရင်လူမျိုးရဲဘော်ပါ။ (မှတ်ချက်။ ။ PDF မှာ ယောက်ျား မိန်းမ ဘယ်သူ့ကိုမဆို ရဲဘော်လို့ပဲ ခေါ်ပါတယ်။) ခြေတုနဲ့ ရဲဘော်က ရှေ့တန်းပြန်ဆင်းသွားပါပြီ။ တိုက်ပွဲဝင်နေပါပြီ။ သူ့ဇနီးက မဲဆောက်က အလှပြင်ဆိုင်မှာ အလုပ်လုပ်ပြီး လခ ဘတ် ၁၀၀,၀၀ တသောင်းကို သူ့ယောကျ်ား တပ်ရင်းကို လတိုင်းလှူနေပါတယ်။ PDF ဆိုတာ ပြည်တွင်းမှာ စစ်တိုက်နေသူများသာမဟုတ် ပြည်ပ ပြည်တွင်းက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နိုင်သမျှ စွမ်းသမျှ ထောက်ပံနေကြသူတိုင်းဟာလည်း PDF များပါပဲ။
PDF ဘယ်က စသလဲ
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ကာကွယ်ရေးဆိုင်ရာ မူဝါဒနဲ့အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်မှာ ဖွဲ့စည်းထူထောင်တယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အမိန့်နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ခဲ့တယ်။ အဲ့ဒီ ထုတ်ပြန်ချက်မှာ စစ်ကောင်စီဟာ တရားဝင် ပြည်သူ့အစိုးရဆီက အာဏာသိမ်းပြီး အစိုးရခေါင်းဆောင်တွေကိုဖမ်းဆီးထိန်းသိမ်းထားရုံမက၊ စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြ ပြည်သူတွေကိုလည်း အကြမ်းဖက် နှိပ်စက်သတ်ဖြတ် ထောင်သွင်းအကျဉ်း ချ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ပြည်သူတွေအပေါ်လည်း လေကြောင်းစစ်ဆင်ရေးအပါအဝင် အင်အားအလွန်အကျွံအသုံးပြု တိုက်ခိုက်တာလိုမျိုး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် PDF ကို ဖွဲ့စည်းရတာပါလို့ ဖော်ပြထားတယ်။
ပြည်သူ့ဆန္ဒ၊ မဲပေးပြလည်း
မရသောခါ၊ စုကာဆန္ဒ
လမ်းပေါ်ပြခဲ့၊ ပစ်ခတ်တဲ့ခါ
ရှောင်ကာမရ၊ တောခိုကြပြီ
PDF ကို ဖွဲ့သတည်း။ ။
PDF သိမ်းထားသော မြို့ ၉ မြို့
တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၉၀ ရှိလာပါပြီ။ဒီအထဲမှ PDF သိမ်းထားတဲ့မြို့ပေါင်းက ၉ မြို့ပါ။ စစ်ကိုင်းတိုင်း အင်းတော်မြို့ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက် သိမ်းပါတယ်။ စစ်ကိုင်းတိုင်းမှာ PDF သိမ်းထားတဲ့မြို့တွေကတော့ မော်လူး၊ ရွှေပြည်စိုး၊ ခမ်းပတ်၊ တကောင်း၊ ပင်လည်ဘူး၊ မြို့သစ်နဲ့ အင်းတော်မြို့တွေပါ။ စစ်ကိုင်းက မြို့တွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင် သိမ်းခဲ့ပါတယ်။ မန္တလေးတိုင်း စဉ့်ကူးမြို့ကိုတော့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ က သိမ်းခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုမထမ်းမနေရ စစ်သားစုနေပေမဲ့ စစ်ရှုံးမှာပါ။ စစ်သက်ရှည် တပ်မှူး တပ်သားတွေတောင် အလံဖြူတွေထောင်နေ ထွက်ပြေးနေကြတာမို့ အခုမှ ပေါ်တာဆွဲ အဓမ္မ တပ်ထဲဆွဲထည့်ခံရတဲ့ စစ်သားသစ်တွေဆို ပိုဆိုးမှာပေါ့။ တကယ်တန်းက စစ်ကောင်စီ ခေါင်းဆောင် မအလ စိုးဝင်းတို့ကိုယ်တိုင်က မှားမှန်းသိနေပါပြီ။ PDF တွေ အင်အားကြီးလာနေလို့ သတိထားကြ၊ ကိုယ်ဖြစ်ကိုယ်ခံလို့တောင် ပြောနေရပြီ။ ပြေးပေါက်ရှာစ ပြုနေကြပြီ။ တပ်ပျက်နေပါပြီ။
PDF ထောက်ပို့တပ်သားများ နေရာတကာရှိ
လက်နက်ကိုင်တိုက်နေကြသူများသာ PDF မဟုတ်ပါ။ ဗယာကြော် ကြော်နေကြသူများကလည်း PDF ပါ။ ဆံပင်ညှပ် ဆံပင်ကောက် အလှပြင်အလုပ် လုပ်နေကြသူ မိန်းမပျိုလေးများကလည်း PDF ပါပဲ။ ထောက်ပို့ရဲဘော်များပေါ့။ အမေရိကားက လေယာဉ်ကွင်း အလုပ်သမားလူငယ်ကလေးဟာ သူ့ရဲ့ ကားအသစ်ကြီးကို ရောင်းပြီး PDF ။လှူခဲ့တယ်။ သူကိုယ်တိုင်က စက်ဘီးစီး အလုပ်ဆင်းတယ်။ ဂျပန်ပြည်က ဆယ်ကျော်သက် ဇနီးမောင်နှံဟာ သူတို့လခတွေကို PDF ဆီ အကုန်လှူထားတယ်။ အချိန်ပို Over Time ကြေးတွေကိုသာ သူတို့သုံးတယ်။ တောင်ကိုရီးယားမှာ MFDMC အဖွဲ့ ဖွဲ့ထားပြီး အဖွဲ့ဝင်တွေများစွာဟာ လစဉ်ဝမ်ငွေ တသိန်းစီ အနည်းဆုံးထည့်ဝင်ကြပြီး PDF ကို အလုံးအရင်းနဲ့ထောက်ပံ့နေကြတယ်။ အလားတူ ဩစတေးလျားမှာ လန်ဒန်မှာ ကနေဒါမှာ နော်ဝေးမှာ စင်ကာပူ ထိုင်း မလေး စသည်ဖြင့် ကမ္ဘာတလွှားမှာ ဆိုပါတော့လေ PDF ထောက်ပို့တပ်သားတွေ။ PDF တွေ။
PDF လေးနှစ်မြောက်မှသည်ရှေ့ဆက်ချီ
ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက သူ့ဖေ့စ်ဘုတ်မှာ ရေးထားတယ်။
ရပ်နိုင်ပေ့ ရပ်နိုင်ပါပေ့ လျှောက်နိုင်ပေ့ လျှောက်နိုင်ပါပေ့
ပြည်သူ့ကာကွယ်ရေး တပ်မတော် ။ PDF ကို လွန်ခဲ့တဲ့ (၄) နှစ်က ခုလိုအချိန်မှာ တရားဝင် ကြေညာခဲ့ကြတယ်။ မှတ်မိပါသေးတယ်။ အဲဒီနေ့ ကျနော်တို့ အတူတူရှိနေခဲ့တယ်။ ခုတော့ တောက်တောက် တောက်တောက်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လမ်းလျှောက်ရမဲ့ အရွယ် ရောက်လာပြီ။ လူလားတော့ မမြောက်သေးဘူး။ ပေးဆပ်ရတာတွေကလည်း ရင်နဲ့အမျှပါပဲ။ အောင်ပွဲတွေကလည်း အလီလီ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ အလေးပြုပါတယ်။ အတူ လက်တွဲ လုပ်ကြရပါဦးမယ်။
တန်ဖိုးထား လေးစားလျက်
ရဲဘော်သံခဲ လို့ရေးထားပါတယ်။
ဟုတ်ပါတယ်။ လေးနှစ်သားက မြို့ပေါင်း ၉ မြို့ သိမ်းပြီးပြီ။ ခြေလှမ်း ၄ လှမ်းကနေ ၅ လှမ်းကို ရှေ့ဆက်လှမ်းမည့် ခြေလှမ်းတွေမှာ မြို့ပေါင်း ဘယ်လောက်ဆက်သိမ်းဦးမည်လဲ။ ၄ နှစ်ပြည့် မိန့်ခွန်းမှာ ကာကွယ် ရေးဝန်ကြီးဦးရည်မွန်ပြောခဲ့သလို PDF သည် မြေပိုင်တယ်။ PDF သည် ပြည်သူ့ထောက်ခံမှုကူညီမှုအပြည့်ရှိတယ်။ ပြည်သူပါသော ပြည်သူထောက်ခံသော PDF ဟာဖြင့် စစ်အာဏာရှင်ကို အမြစ်ဖြတ်မှာ သေခြာလွန်းလှပါတယ်။
တကယ်တော့ PDF ဆိုတာ အခု လက်နက်ကိုင် တိုက်နေကြသူများသာမက ပြည်တွင်း ပြည်ပ မြန်မာပြည်သူ ပြည်သား အားလုံးဟာ PDF တွေပါ။ ။
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar