ကိုအောင်မှိုင်း - အညာမြေ
ကိုအောင်မှိုင်း - အညာမြေ
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၂
အမေအို
ထနောင်းပင် ပျိုကြား
နေအချိုမှာ လေငိုတိုက်
မိုက်ရက်ကြ လူ့ဗာလတွေ
ရွာကိုမီးတိုက် စုပုံလိုက်သတ်
ပြာတွေပြာတွေ သက်ရှိပြာတွေ
သွေးစွန်ပေသွား အညာမြေတလွှား
အမေအိုနဲ့တူ နေညိုခဲ့ပြီကော။
သည်တောသည်တောင်
သည်မြောင်တွေကြား
ထနောင်းချောင်များဟာ
အေးချမ်းရှည်ကြာ တည်ခဲ့ကြ
သားသမီးမြေးမြစ် ပွါးစည်ခဲ့ကြ
နွားညိုကြီးတရှဥ်း ရင်းနှီးခဲ့ကြ
ခုတော့ချက်ချင်း
သွေးစွန်မြေများ ဖြစ်ခဲ့ရ
မီးလောင်မြေများ ဖြစ်ခဲ့ရ
သုသန်တစပြင်များ ဖြစ်ခဲ့ရ
ထနောင်းပြာထူ နေပူပူမှာ
အမေအိုရင်မူ လှိုက်လှိုက်ဆူ။
မီးလောင်မြေမှ တောအုပ်ဆီ
တရွေ့ရွေ့ ချီ ဆွေးမြေ့လှချည်
ရင်မှာမသတီ မကြည်တော့ပြီ။
အေးချမ်းသည့် ရေ
ငြိမ်းချမ်းသည့် မြေ
တွယ်တာသည့် အိမ်
မေတ္တာတည်သည့် ရွာ
သစ္စာတည်သည့် ကျောင်းကန်
သဏ္ဍာန်တိုင်းဟာ ပြာပုံတွေဖြစ်
ပြာပုံတွေဟာ တောင်တွေလိုဖြစ်ခဲ့။
ခင်ပွန်းသည် ကိုကောင်း
ကောင်းလွန်းလို့ ရွာလုံးခင်
မင်လိုက်သမှ ဟောချရ
သူမပါဘယ်ဟာမှမပြီး
တရွာလုံးရဲ့စည်တီးမောင်
ရွာကြက်သရေဆောင်။
ဆိုးညစ်လှ မိစ္ဆာကောင်
လူလိုဝင်စား သူကစစ်သားတဲ့
လူသတ်ဘို့ လက်နှစ်ဖက်
နှိပ်စက်ဘို့ ခြေနှစ်ချောင်း
ယုတ်ကြမ်းဘို့ ပါးစပ်ပေါက်
လူတော့လူ တရိစ္ဆာန်လိုလူ။
ထိုးကြ ကြိတ်ကြ
ကန်ကြ ကျောက်ကြ
ရိုက်ကြ နှက်ကြ
ဆဲကြ ဆိုကြ
ကြိမ်းမောင်းကြ
ထနောင်းပင်တို့ ငိုချေပြီ။
ရွာဘက်ဆီမှ သေနတ်သံ
မခံသာအောင် ပြင်းထန်လှ
ကိုကောင်းနဲ့ ရွာသားတွေ
သွေးမြစ်ရေတွေ စီးလို့နေခဲ့
ကယ်ပါယူပါ တစာစာအော်သံ
လူတွေကိုစုပုံကာ မီးရှို့သံ
မသေသေးသူတို့ရဲ့ ငိုရှိုက်သံ
အမေအို နာခံနေခဲ့တယ်။
တောက်ခေါက်သံ
ပြင်းပြင်းတချက်
လေအဟုန်နဲ့ထွက်သွား
တသက်မှာတခါ
အမေအို ငိုရှာတယ်
အမေအို့ ရင်မှာ
မေတ္တာတို့ အဆိပ်သင့်ခဲ့ပြီ
စီးကျနေတဲ့ မျက်ရည်ကို
ခေါင်းပေါင်းနဲ့သုတ်လိုက်တယ်။
ရွာကိုလဲ နှုတ်ဆက်
အိမ်ကိုလဲ နှုတ်ဆက်
ဘုန်းဘုန်းကိုလဲ နှုတ်ဆက်
ကိုကောင်းကိုလဲ နှုတ်ဆက်
ဗုဒ္ဓကိုလဲ နှုတ်ဆက်ခဲ့။
နက်ဖြန်တော့ ရောင်နီလာမှာပါတဲ့။
ကိုအောင်မှိုင်း
ဇူလိုင် ၁၃ ရက် ၂၀၂၂ ခုနှစ်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar