Breaking News

နိုင်စွမ်း ● ရောင်းကုန်သစ်

နိုင်စွမ်း ● ရောင်းကုန်သစ်
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၉

"ရိုးသားမှုလိုသလောက်ရနိုင်ပါသည်" လို့ ခန့်ခန့်ညားညားကြီး ချိတ်ဆွဲထားတဲ့ စာတမ်းအောက်က မန်နေဂျာစားပွဲမှာ ကျနော် အလုပ်လုပ်ခဲ့တာ အနှစ် (၃၀) ကျော်ပါပြီ။ အလုပ်စဝင်တဲ့ ရုံးအကူလုပ်သက်၊ စာရေးလေး လုပ်သက်တွေပါ ပေါင်းရင် လုပ်သက် (၄၅) နှစ်ကျော် ရှိပါတယ်။ အဲဒီကုမ္ပဏီမှာ အရောင်း မြှင့်တင်ရေး မန်နေဂျာအဖြစ် ရိုးရိုးသားသားနဲ့ ဒီလောက်ကြာ တာဝန်ထမ်းဆောင်ဖြစ်ခဲ့တဲ့ အကြောင်းရင်းက...။

ကျနော့်ဘော့စ် (Boss) က အပြောအဆို နူးညံ့သိမ်မွေ့သလို လူပုံကလည်း တည်ကြည်ခန့်ငြားသူပါ။ အနေအထိုင် သန့်ရှင်း သပ်ရပ်ပြီး ပြုမူလှုပ်ရှားပုံက အေးချမ်းပါတယ်။ မိန်းကလေးတွေ သူ့ကို မြင်ရင် နှစ်ခါပြန်ကြည့် ရလောက်အောင် ဆွဲဆောင်မှု ရှိတယ်။ သူ့ကို ရင့်ကျက်သူလို့ ကျနော့်သူငယ်ချင်း စာရေးဆရာတစ်ယောက်က မှတ်ချက်ချဖူးပါတယ်။ ကျနော်ကတော့ အဲဒါတွေ သိပ်တော့ နားမလည်ပါဘူး။ ကျနော် နားလည်ထားတာက ကျနော့်ဘော့စ် ဘာပြောပြော ပြောသမျှဟာ မှတ်သားထိုက်၊ နာယူထိုက်တာချည့်ပဲ လို့ နားလည်ပါတယ်။ လူတစ်ယောက်ကို အပြစ်တင်ကျိန်းမောင်းပြီး မပြောတတ်တဲ့ ဘော့စ်မို့ ကျနော်တို့ ဝန်ထမ်းတွေက လေးစားချစ်ခင်ကြပါတယ်။ ဘော့စ်စကား ဆိုရင် အားလုံး မြေဝယ်မကျပဲ။

''ကျနော်ငယ်ငယ်က သိပ်ဆင်းရဲခဲ့တာ။ စားစရာမရှိ၊ သောက်စရာမရှိလို့ သူတစ်ပါးအိမ်မှာ မှီခိုကပ်ရပ်နေထိုင်ခဲ့ရပါတယ်။ အရာရာ ချို့ငဲ့နေပေမယ့်… ကျနော့်မှာ ပြည့်စုံတာ တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ ရိုးသားမှုပဲ။  ကျနော့်ဘဝကို အဲဒီ ရိုးသားမှုနဲ့ ထုဆစ်ခဲ့ ရပါတယ်။ ဒါကြောင့် ကျနော်တို့ ကုမ္ပဏီရဲ့ လက်တွဲဖော်ဝန်ထမ်းတွေ အနေနဲ့လည်း  ဘဝမှာ ရိုးသားကြဖို့ အလေးအနက် မှာကြားချင်ပါတယ်''

ကျနော့်ဘော့စ်က အဲဒီလိုလူစားပါ။

သူပြောရင် ဘယ်တော့မှ တစ်ဖက်သတ် မပြောဘူး။ အကျိုးနဲ့ အကြောင်းနဲ့ ၊ အကြောင်းနဲ့ အကျိုးနဲ့ မျှမျှတတ ပြောလေ့ ရှိပါတယ်။ ဒီလို အကျိုးအကြောင်း မျှမျှတတ ပြောတတ်တဲ့ အပြင် ကျနော်တို့ ဝန်ထမ်းတွေ ၊ မန်နေဂျာအပါအဝင် အပတ်စဉ်၊ လစဉ် တွေ့ဆုံပြီး ဝန်ထမ်းမိသားစု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အစည်းအဝေး လုပ်ပေးလေ့ရှိပါတယ်။

ဝန်ထမ်း တစ်ဦးချင်းစီရဲ့ လုပ်ငန်းအပေါ် သဘောထားအမြင်၊ လုပ်ငန်းရဲ့ အားသာချက် အားနည်းချက်နဲ့ လုပ်ဆောင်ရာမှာ အခက်အခဲ စသည်ဖြင့် လွတ်လွတ်လပ်လပ် ပြောဆိုတင်ပြဆွေးနွေးခွင့် ရပါတယ်။ ဝန်ထမ်းမိသားစု ပြောဆိုဆွေးနွေးကြ၊ တိုင်ပင်ကြ၊ ပွင့်ပွင့်လင်းလင်းဝေဖန်ကြနဲ့ ရိုးသားမှု အခြေခံကောင်းတွေကို တိုးတက်မြှင့်တင်ပေးနေ သလို ရှိနေပါတော့ တယ်။ ကုမ္ပဏီရုံးခန်းထဲကို ကြည့်လိုက်ပါဦး..၊ ရိုးသားမှုနဲ့ ပတ်သက်ပြီး ဝန်ထမ်းတိုင်း လိုက်နာရမယ့် ကျင့်ဝတ်တွေ ရေးထားသေးတယ်။

''ရိုးသားမှုသာ ဂုဏ်ယူစရာ''

''အနည်းငယ်သော မရိုးသားမှုက ကြီးမားတဲ့ မရိုးသားမှုကို ဖြစ်စေတယ်''

''ရိုးသားမှု အခြေခံကောင်းမှ ဘဝဟာ တင့်တယ်မြင့်မားမယ်''

ဒါတွေတင် မကဘူးဗျ။ ကျနော့်ဘော့စ်က ရိုးသားသူကို အရမ်းတန်ဖိုးထားတယ်။ လေးစားတယ်။ နေရာပေးတယ်။ ချီးမြှင့်တယ်။ ဂုဏ်ပြုတယ်။ ''ကျနော် ရုံးအကူကနေ စာရေးလေး၊ နောက် တဖြည်းဖြည်းနဲ့ မန်နေဂျာ စသည်ဖြင့် ရာထူး အဆင့်ဆင့် တိုးလာတာဟာ ရိုးသားမှုကြောင့်ပါ။ ဒါကြောင့် ရိုးသားရမယ်။ မရိုးသားသူအတွက် ဒီမှာ နေရာမရှိဘူး။ ဒါကြောင့် အားလုံး ရိုးသားကြပါ'' ကျနော့်ဘော့စ်က သူရာထူး တဆင့်ချင်း တိုးတက်လာတဲ့ အကြောင်းပြောတော့ ဘော့စ်က ကျန်ဝန်ထမ်းတွေ အားလုံးထက် ကျနော့်ကို ဝင့်ကြည့်ပြီး ပြောနေတာဗျ။ ကျနော်လည်း ဘော့စ်ရဲ့ ကုမ္ပဏီမှာ ရုံးအကူ၊ စာရေး၊ နောက်မန်နေဂျာဆိုပြီး ရာထူးတိုး လာတာ။ ကျနော်ဘော့စ် (Boss) က အဲသလို ပြောတတ်သလို တစ်ခါတစ်ခါ ပြောတတ်တာက..

''ကျနော်တို့ဟာ ဝန်ထမ်းတွေရော၊ ကုမ္ပဏီခေါင်းဆောင်တွေ၊ ဥက္ကဋ္ဌ၊ ရှယ်ယာရှင်တွေဟာ အနေအထား အမျိုးမျိုးနဲ့ ဒီကုမ္ပဏီကြီး ရေရှည်တည်တံ့ဖို့နဲ့ တိုးတက်ဖွံ့ဖြိုးဖို့ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်နေကြရပါတယ်။ ပြောရရင် ကျနော်တို့ဟာ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား ဆိုသလိုပေါ့၊ အားလုံးဟာ ရည်ရွယ်ချက် လမ်းကြောင်း တစ်ခုတည်းမှာ သွားလာနေကြ၊ လုပ်ကိုင်နေကြရတယ် မဟုတ်လား။ အဲဒီလို လုပ်ကိုင်ကြတဲ့ နေရာမှာ ကျနော်တို့ မဖြစ်မနေ ရိုးရိုးသားသား လုပ်ကြဖို့ လိုတယ်။ မရိုးသားမှုရဲ့ ဆိုးကျိုးတွေ အများကြီးပါ။ ကျနော့်ရဲ့ လက်တွဲဖော် များအားလုံးကို ပြောကြားချင်တာကတော့....

ပထမ ရိုးသားရမယ်၊ ဒုတိယ ရိုးသားရမယ်၊ တတိယ ရိုးသားရမယ်၊ စတုတ္ထ ရိုးသားရမယ်၊ ပဉ္စမ ရိုးသားရမယ်။ အားလုံး လုံး၀ ရိုးသားကြရမယ်။ ကျနော်တို့ရဲ့ မနက်ဖြန်ကို တိုးထွက်မယ့် ခြေလှမ်းတိုင်း ရိုးသားမှု ပြည့်ဝနေရပါမယ်။ အဲဒီလိုမှ မဟုတ်ရင်တော့......။ မရိုးသားသူအတွက် ဒီမှာ နေရာမရှိဘူး''

အဲဒီလိုနဲ့ ..၊ ကျနော့်ဘော့စ်ရဲ့ ဦးဆောင်မှု၊ ဝန်ထမ်းတွေရဲ့ အရည်အသွေးမီ ရိုးသားမှုကြောင့် ကျနော်တို့ ကုမ္ပဏီဟာ တစ်ဟုန်ထိုး တိုးတက်လာပါတယ်။ ပစ္စည်းမှာကြားတဲ့ အမှာစာတွေ တဖွဲဖွဲဝင်လာတာများ မိုးရွာနေသလားတောင် မှတ်ရတယ်။ လုပ်ငန်းအောင်မြင်မှုကလည်း ဒီရေ အလား အရှိန်ပြင်းပြင်း တိုးတက်လာပါတယ်။ နေ့စဉ်နေ့တိုင်း အရောင်းစာရင်းချုပ်ရင် တိုးတက်မှုချည့်ပဲ။

ကျနော်တို့ကုမ္ပဏီဟာ အအောင်မြင်ဆုံး၊ အတိုးတက်ဆုံး ဆိုတော့ ကျနော်လုပ်ခဲ့တဲ့၊ ကျနော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကုမ္ပဏီအတွက် အလွန်ဂုဏ်ယူပါတယ်။ အခုလို အလုပ်က အနားယူခဲ့ပေမယ့်.. ကျနော့် ကုမ္ပဏီအတွက် ဂုဏ်ယူနေဆဲပါ။ ကျနော် သေတဲ့အထိ ဂုဏ်ယူနေမှာပါ။

အဲ..၊ ဟုတ်ပါရဲ့ မေ့နေလိုက်တာ။ ကျနော်တို့ ကုမ္ပဏီက ဘာပစ္စည်းတွေ ထုတ်လုပ်ရောင်းချတာလဲဆိုတာ မပြောရသေး ဘူး။ ကျနော်တို့ ကုမ္ပဏီက ထုတ်လုပ်ရောင်းချတာက မန်နေဂျာစားပွဲအထက်မှာ ချိတ်ထားတဲ့ စာတန်းကို ကြည့်လေ။ ကျနော်တို့ ကုမ္ပဏီက အဲဒါရောင်းတယ်။

နိုင်စွမ်း