Breaking News

မောင်အောင်မွန် ● ဗကသ တကသ ကိုအောင်ဆန်း ကိုဗဟိန်းနှင့် ကိုရာရှစ်

မောင်အောင်မွန် ● ဗကသ တကသ ကိုအောင်ဆန်း ကိုဗဟိန်းနှင့် ကိုရာရှစ်
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၉

ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်) All Burma Students’ Union (ABSU) စတင်ဖွဲ့စည်း လိုက်တဲ့အခါ၊ အထွေထွေ အတွင်းရေးမှူးဖြစ်လာတဲ့ ကိုအောင်ဆန်းဟာ တကသ အမှုဆောင်အဖွဲ့မှာ ဒု ဥက္ကဋ္ဌပါ။ ဗကသ ဥက္ကဋ္ဌ ကိုရာရှစ်ကလည်း တကသဥက္ကဋ္ဌ။ လူတွေအနေနဲ့ အဆင်ပြေသော်လည်း အဖွဲ့စည်းချင်း အထူးသဖြင့် ဗကသနဲ့ တကသ သဘောသဘာဝချင်း ကွဲပြားပုံကို စတင်ရင်ဆိုင်ရပြီ။

အထူးသဖြင့် အထွေထွေ အတွင်းရေးမှူး ကိုအောင်ဆန်းဟာ ဗကသ ရဲ့ရှေ့ရေးကို တွေးပူနေကြောင်း အဲဒီအချိန်က သူ ပြောတာ၊ ရေးတာ၊ လုပ်တာတွေက ဖော်ညွှန်းနေတယ်။ ရန်ကုန်မြို့ ဂျူဘလီဟောမှာ ကျင်းပတဲ့ ထိုစဉ်ကအခေါ် ကွန်ဖရင့်က ပထမ ဆုံးအကြိမ်မို့ လစ်ကွက်ဟာကွက်များ ရှိခဲ့တာတွေကို နားလည်ခွင့်လွှတ်ကြပေလိမ့်မယ်။

နောက်အကြိမ်တွေကျ ပိုမိုကျယ်ပြန့် စနစ်ကျဖို့လိုအပ်တယ်မဟုတ်လား။ တက်လာကြတဲ့ နယ်ကကျောင်းသမဂ္ဂ ကိုယ်စား လှယ်များရဲ့ စိတ်အားထက်သန်မှုက တဘက်ကအားရဖို့ ကောင်းသလို တခြားတဘက်ကလည်း မိမိတို့ ဗကသ အမှုဆောင် အဖွဲ့အတွက် တာဝန်ပိုကြီးလာပြီလို့ ကိုအောင်ဆန်းမြင်၊ သိလို့လည်း ဗကသ အဓွန့်ရှည်ရေးအတွက် အားသွန်ပုံ လေ့လာ တွေ့ရှိတာတဲ့ထဲက ဒီလူတွေကြားက လူအောင်ဆန်းမှာ ထည့်သွင်းရေးရတာပါ။

ကိုအောင်ဆန်းဟာ လူလူချင်းဆက်ဆံရေးမှာ သူမတူအောင် ပါးနပ်လှပေတယ်။ သူ့လက်အောက်က လူငယ်ဖြစ်စေ၊ အထက်က လူကြီးဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်ချင်းဖြစ်စေ လေးစားစွာတန်ဖိုးထားတယ်။ စကားပြောဘုကျ မျက်နှာကမှုန်ကုပ်ကုပ် ဆံပင်စုပ်ဖွား အဝတ်အစား မသေမသပ်နဲ့ ကိုအောင်ဆန်းကို မုန်းသူရယ်လို့ ရှားမှရှား။

တက္ကသိုလ်ရောက်စက အင်္ဂလိပ်စကားပြောကောင်းသူ အဖြစ်နဲ့သာအားကျခဲ့တဲ့ ဒေါက်တာဘမော်၊ သပိတ်ကာလအတွင်း ကျတော့ နိုင်ငံရေး၊စည်းရုံးရေး စတာတွေပါ သိခွင့်ရလို့ မျက်စိကျပုံ ကျနော်ရေးခဲ့ပြီးပြီ။ အဲဒီသပိတ်ကာလအတွင်းမှာပဲ ကိုအောင်ဆန်း ဆုံခွင့်ရ၊ အတူတွဲလုပ်ခွင့်ရ၊ မျက်စိကျခဲ့ရသူက မန္တလေး ဥပစာကောလိပ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုဗဟိန်းပါ။

ကိုအောင်ဆန်းနဲ့ ကိုဗဟိန်း ဘယ်လောက်အထိ တွဲမိသလဲဆို၊ နှစ် ၈၀ နီးပါးကြာလာတဲ့အထိ ဗကသ၊ တကသ ကျောင်းသား လှုပ်ရှားမှုဆို သူတို့နှစ်ယောက်ကို သိသိမသိသိ အရင်ဆုံးသတိရကြတယ် မဟုတ်လား။ နောက်တချက်က အဲဒီအချိန်ထိ ကိုအောင်ဆန်းဟာ ပညာရေးစနစ်နဲ့ သာမန်လူတွေ ဆင်းရဲသားတွေ ပညာသင်ခွင့်ရရေး၊ ဗကသ ပီပြင်အဓွန့်ရှည်ရေးကိုသာ ဦးစားပေးတယ်။

လွတ်လပ်ရေးအတွက် နိုင်ငံရေး၊ အထူးသဖြင့် တို့ဗမာအစည်းအရုံးရဲ့ လုပ်ဆောင်ချက်တွေကို စိတ်ဝင်စားအားပေးသော်ငြား လည်း ကျောင်းသားလှုပ်ရှားမှုနဲ့ အရောမခံပဲ ခွဲထားတာလေ့လာကြည့်ရင် တွေ့မြင်နိုင်ပါတယ်။ ဒါဟာ အင်မတန် အရေးကြီး ပါတယ်။ ဗကသဆိုတာ နိုင်ငံရေးနဲ့ကင်းရှင်းရမယ်လို့ မဆိုလို၊ နိုင်ငံရေးအဖွဲ့အစည်းရဲ့ သြဇာခံအဖြစ် ကိုအောင်ဆန်း မလိုလားတာပါ။

ဘယ်အခါ ဘယ်နေရာမှာ ဘာလုပ်လုပ်၊စည်းနဲ့ကန့်ထား ခြားထားလေ့ရှိသူ ကိုအောင်ဆန်းက ဗကသ ကိုသီးခြားလွတ်လပ်တဲ့ ကျောင်းသားအဖွဲ့အစည်း၊ တကသ ကတက္ကသိုလ်ကျောင်းသားအားလုံးကို ကိုယ်စားပြုသလို ဗကသကလည်း ကျောင်း သမဂ္ဂ အားလုံးကိုယ်စားပြု တဲ့အဖွဲ့ချုပ်ကြီးဖြစ်ရေး အထူးအချိန်ပေး ကြိုးပမ်းသွားတယ်။

ဟိုခေတ်ဟိုအခါမှာကတည်းက ကိုအောင်ဆန်း ကြိုမြင်တယ်လို့်များ ဆိုရလေမလား၊ ယခုခေတ် ယခုအခါ ဗကသ ဆိုတာ နိုင်ငံရေးပါတီ တခုခုရဲ့လက်ကိုင်ဒုတ် ဖြစ်သွားရင်၊ မတွေးဝံ့အောင်ကြီးမားတဲ့ အန္တရာယ်မဟုတ်ပါလား။

ကိုအောင်ဆန်းဟာ သူနဲ့ပုဂ္ဂိုလ်ချင်း ရင်းနှီးတဲ့ ကိုရာရှစ်အား တကသ တာဝန်ပုံအပ်ကာ သူက ဗကသ အတွက်ပိုလုပ်နိုင်တယ်၊ ပြီးတော့ ကိုရာရှစ်က သက်တန်းကုန်ရင် ကျောင်းထွက်သွားမှာ၊ သူက ဗကသ အတွက်ဆက်လက်လုပ်ဆောင်သွားရမှာ။ နောက်တချက်က ဗကသ ကွန်ဖရင့်ကို ရန်ကုန်မှာပဲလုပ်၊ တကသ ကဦးဆောင်နေမယ်ဆိုရင် ကျယ်ပြန့်မှာမဟုတ်လို့ သူသုံးသပ်တယ်။

ဒုတိယအကြိမ် ဗကသ ကွန်ဖရင့်ကို မန္တလေးမှာလုပ်ဖို့ အမှုဆောင်အဖွဲ့က ဆုံးဖြတ်လိုက်တော့ ကိုဗဟိန်းက အရေးပါလာပြီ၊ ဒုတိယအကြိမ် ဗကသ ကွန်ဖရင့် သဘာပတိ တာဝန်ယူရတယ်။ ကိုအောင်ဆန်း နောက်မျက်စိကျသူ တယောက်က အမျိုးသားကောလိပ်က ပထမဆုံး ဘွဲ့ရလာပြီး မန္တလေးအမျိုးသားကျောင်းမှာ ကျောင်းအုပ်လုပ်နေတဲ့ ဦးရာဇတ်ပါ။

ဗကသ ခေါင်းဆောင်များ ချဉ်းကပ်မေတ္တာရပ်ခံတဲ့အခါ ဦးရာဇတ်က သဘောတူလက်ခံလို့ ညီလာခံကျင်းပဖို့နေရာ၊ ကိုယ်စားလှယ်တွေ တည်းခိုစားသောက်ဖို့ပါ အဆင်ပြေသွားပြီ။ ဒီနေရာမှာ ဗကသ ကို တကသ နဲ့ စာဖတ်သူများ ယှဉ်ကြည့်ပါ။

တကသ ရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ် ဟောပြောရုံပဲ၊ တခြားဘာတဝန်မှမရှိ၊ ဗကသ အတွက် အစအဆုံး လုပ်ကြရတယ်။ အနယ်နယ်အရပ်ရပ်က ကျောင်းသားကိုယ်စားလှယ်များ လူရွေးဖို့၊ မန္တလေးလာတဲ့အခါ မီးရထားခ၊ သင်္ဘောခ တဝက်မဟုတ်တောင် သုံးပုံတပုံ သက်သာဖို့ ကိုအောင်ဆန်း အပြန်အလှန် ရေးရတဲ့စာတွေတင် စာအုပ်တအုပ်မက များပြားလှပါဘိ။

ဒါတောင် မန္တလေးသာနှစ်ယောက်ဖြစ်ကြတဲ့ ဦးရာဇတ်နဲ့ ကိုဗဟိန်းတို့ရဲ့အားက ကြီးမားလွန်းလို့။

ဒီလိုနဲ့ ၁၉၃၇ ခု၊ မေလ ဦးရာဇတ်ရဲ့ မန္တလေးအမျိုးသားကျောင်းမှာ ကျင်းပတဲ့ ဗကသ ညီလာခံ ကျင်းပနိုင်ပါပြီ။ စိတ်ဝင်စား စရာကောင်းပုံ တခုကိုကြည့်၊ မဟတ္တမဂန္ဒီနဲ့ အိန္ဒိယ နိုင်ငံလွတ်လပ်ရေး တိုက်ပွဲဝင်နေသူ ပန်ဒစ်ဂျဝါလာနေရူးအား ဧည့်ခံ ကော်မတီမှ ကိုဗဟိန်းက ကြိုဆိုစကားပြောပြီး ဗကသ ဥက္ကဌသစ် ကိုအောင်ဆန်းရဲ့ မေတ္တာရပ်ခံချက်အရ အဖွင့်မိန့်ခွန်းပြောကြားခြင်းပါ။

နေရူးကြီးက ကိုရာရှစ်နဲ့ပုဂ္ဂိုလ်ချင်းရင်းနှီး၊ ကိုအောင်ဆန်းကလည်း ကိုရာရှစ်နဲ့ပုဂ္ဂိုလ်ချင်းရင်းနှီး၊ အဲဒီလိုနဲ့ရောက်လာတာလို့ လွယ်လွယ်ပြောဖို့မသင့်ဘူး။

အဲဒီခေတ်က အခြေအနေကိုအရ နယူးဒေလီကနေ ကာလကတ္တားကို ရက်အတန်ကြာမီးရထားနဲ့၊ အဲဒီကနေ ရက်များစွာ သင်္ဘောစီး၊ ရန်ကုန်ရောက်၊တခါ မန္တလေးကို ခရီးဆက်၊ အချိန်ကြာမြင့်စွာ ဝေးကွာလှတဲ့ခရီး အပင်ပန်ခံကာ ဘာမှမဟုတ် သေးတဲ့ သက် ၂၂ နှစ် ကျောင်းသားခေါင်းဆောင်လေး ကို လာရောက်ဂုဏ်ပြုတွေ့ဆုံရတာလဲ။ စာဖတ်သူများ စဉ်းစားကြည့် စေချင်တယ်။ ကိုအောင်ဆန်းထံက သူဘာရနိုင်မှာမို့ ဒီလောက်အချိန်ပေး အပင်ပန်းခံကာ လာရတာလဲ။

ကမ္ဘာသိခေါင်းဆောြင်ကီး နေရူးသေတဲ့ထိ ကိုအောင်ဆန်းထံက ဘာရသွားလဲ။ ဆက်ပြီးမေးပါရစေ၊ ကျောင်းသားတွေ သမဂ္ဂဖွဲ့တာ သပိတ်မှောက်တာ အင်္ဂလိပ်တွေဆီက တတ်တာမဟုတ်လား။ ဒုတိယအကြိမ် ဗကသ ကွန်ဖရင့်ကို တက်လာ ကြတဲ့ နာမည်တွေထဲ လူမျိုးစုံ ဘာသာစုံပါပေမယ့် တူညီချက်တခုကတော့ သူတို့အားလုံး လူတွေမဟုတ်လား။

အဲဒီလိုအခြေအနေက ထွက်လာတဲ့ ကိုအောင်ဆန်းဟာ မြန်မာပြည်က နိုင်ငံရေးသမား တွေထဲမှာ လူမျိုးစွဲ ဘာသာစွဲ အကင်းဆုံး လူထုခေါင်းဆောင်အစစ် ဖြစ်လာတာ ထူဆန်းလား။ ဒီကနေ့ ငြိမ်းချမ်း ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့စည်းမှာ ခေတ်စားနေတဲ့ Diversity in Unity ဆိုတာ မမြင်နိုင်ကြသေးတဲ့ အသက် ၂၂ နှစ်အထက်လူတွေ ဗကသ ဥက္ကဋ္ဌ ကိုအောင်ဆန်းနဲ့ဆိုင် မဆိုင်တွေးနိုင်ကြဖို့၊ လူကိုလူမြင်ကြဖို့ လူတွေကြားက လူအောင်ဆန်းမှာ ထည့်ရေးရခြင်းဖြစ်ပါတယ်။

(ဝန်ခံချက်၊ လူတွေကြားကလူအောင်ဆန်း စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။)