Breaking News

ဆောင်းယွန်းလ ● စိတ်ကိုဘရိတ်ဖမ်းရင်း ကမ္ဘာကိုစမ်းမိခြင်း

ဆောင်းယွန်းလ ● စိတ်ကိုဘရိတ်ဖမ်းရင်း ကမ္ဘာကိုစမ်းမိခြင်း
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၉

အန္တရာယ်က လက်တကမ်းမှာဘဲ
စိတ်တွေကိုလည်း ဘရိတ်အုပ်ထားရ
ဘရိတ်တွေကိုလည်း စိတ်နဲ့အုပ်ထားရ
မကြာခင်မှာ စက်ရုပ်တွေ မျိုးပွားလာမယ့်ကမ္ဘာထဲ
အရဲစွန့်စရာ စိတ်ကူးဆန်းကို
သမုဒ္ဒရာကြမ်းပြင်အောက်ထဲ ဆင်းရှာရကိန်းဘဲ
အဂါၤဂြိုလ်ထဲအလည်သွားဖို့လည်း စာရင်းမပေးရသေးဘူး
ဒီမိုကရေစီဆိုတဲ့စာလုံးကို အထက်အောက်ညီအောင်ပြန်စီနေရတုန်းမို့
ကိုယ်တို့မြို့က မိအေးဟာ နှစ်ခါနာပြီး
ကိုယ့်အဖိုးရွာက မိအေးကတော့ အခါခါနာတယ်
သွေးနီးဖို့အရေး နှီးနှောနေရင်း ရင်ဘတ်ကြယ်သီးတွေလည်းပြုတ်ခဲ့
ပလုံသွားတဲ့စာချုပ်တွေကို ပြန်လည်တူးဆွဖို့ကြိုးစားရင်း
နွေလည်နေ့ခင်းတွေလည်း တိမ်တွေအောက်ထဲ စုန်းစုန်းမြုပ်ခဲ့
ဘရိတ်တွေကို စိတ်နဲ့အုပ်ထားဖို့ကြိုးစားရင်း
မရှိဆင်းရဲခြင်းမာနတွင်းကြီးသာ နက်နက်လာတယ်
စိတ်တွေကိုလည်း ဘရိတ်အုပ်ထားနေခဲ့ရ
တဖြေးဖြေး
အန္တရာယ်ဟာ လက်တကမ်းစာတောင် မဝေးတော့ဘူး
အရာရာကို သွေးအေးအေးထိုင်ကြည့်ဖို့ဆိုတာက
ကိုယ်တိုဆီမှာ မွေးရာပါနှလုံးသာမပါမှဖြစ်မှာပါ။

ဆောင်းယွန်းလ