Breaking News

အရှက်အကြောက်ဆိုတာ မရှိတော့တဲ့ မျက်မှောက်ရေးရာ

အရှက်အကြောက်ဆိုတာ မရှိတော့တဲ့ မျက်မှောက်ရေးရာ

မိုက်ခဲစိန် (မိုးမခ)၊ အောက်တိုဘာ ၈၊ ၂၀၁၉

စကားဦးကတော့ အဘိဓမ္မာမှာ သင်ရတဲ့ မကောင်းမှုကို ပြုလုပ်ရမှာ ရှက်ခြင်း ကြောက်ခြင်း၊ (ဟီရိနဲ့ ဩတ္တပတရား) ဆိုတာနဲ့ မကောင်းမှုလုပ်ရာမှာ အရှက်အကြောက် မရှိခြင်း (အဟိရိက၊ အနောတ္တပ္ပ တရား) တို့ ဖြစ်ပါတယ်။ ဟီရိနဲ့ဩတ္တပ္ပတရား ၂ ခုဟာ လောကကြီးကို အလင်းရောင်ပေးပြီး အဟိရိကနဲ့ အနောတ္တပ္ပတရား ၂ ခုကတော့ လောကကြီးကို အမှောင်လွှမ်းစေတယ် ဆိုရပါတယ်။ မကောင်းမှုကို ရှက်ကြောက်လို့ မလုပ်ရင် လောကကြီးသာယာတယ်ပေါ့။ မကောင်းမှုမှာ မရှက်မကြောက်ကြတော့ဘူးဆိုရင်ဖြင့် လောကကြီး သာယာနိုင်မှာ မဟုတ်ပါ။

ဘယ်နှယ့် တရားစာတွေ လာရွတ်နေတာတုန်းမေးရင် အခုလက်ရှိမျက်မှောက်ရေးရာ သတင်းခေါင်းစဉ်တွေကို ကြည့်လိုက်တဲ့အခါ ထိပ်တန်းနိုင်ငံက ထိပ်သီးခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ တရားပျက်နေတာတွေချည်း မြင်နေကြားနေရလို့။ ပြီးတော့ သည်လူတွေက သည်လိုတရားပျက်နေရတာကို ဖုံးဖိကာကွယ်ဖို့ ကြိုးစားမယ့်အစား မျက်နှာပြောင်တိုက်ပြီး အရှက်အကြောက်တွေ မရှိကြတာ တွေ့နေရလို့ ပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ပြည်ပနိုင်ငံကခေါင်းဆောင်တွေ (ယူကရိန်း) နဲ့ ဆက်ဆံရာမှာ သူ့နိုင်ငံရေးပြိုင်ဘက် သမ္မတလောင်းယှဉ်ပြိုင်လာနိုင်တဲ့ ဒီမိုကရက်ပါတီက  အမေရိကန်ဒုသမ္မတဟောင်း ဂျိူးဘိုင်ဒင်ကို နိုင်ငံရေးလုပ်ကြံဖို့ ဖိအားတွေပေးတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။ နိုင်ငံတော်သမ္မတတဦးအနေနဲ့ အရပ်ရပ်နေပြည်တော် ကြားလို့မှ မသင့်တော်တဲ့ ရုပ်ပျက်ဆင်းပျက်သတင်းပါ။ ဒီသတင်းခေါင်းစဉ်နဲ့တင် ဒီနိုင်ငံရေးခေါင်းဆောင်မှာ အရှက်အကြောက်မရှိတာ ပေါ်လွင်နေပြီ။ သို့သော် ဒါနဲ့ ရပ်မသွားသေးဘူး။ ဒီသတင်းထွက်လာတော့ ဒါကို လုပ်ကြံသတင်း fake news ဆိုပြီး ငြင်းပါတယ်။ ငြင်းလို့မရတော့ ထရန့်နဲ့ အပေါင်းအပါတွေ အစိုးရဝန်ကြီးတွေသာမက ပါတီဝင်အမတ်တွေ ခေါင်းဆောင်တွေကပါ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပါဆိုပြီး လီဆယ်ကြပါတယ်။ အတိုက်အခံတွေကပဲ နိုင်ငံရေးလုပ်ကြံတာလို့ ပြန်ပြီး စွပ်စွဲလိုက်ပါသေးတယ်။ ဆိုတော့ သူတို့တွေဟာ မကောင်းမှုတခုကို လုပ်ရမှာ မရှက်မကြောက်ကြတော့တာတင်မက မကောင်းမှုပါလို့ လူတွေ လက်ညိုးထိုးလာတာတော့လည်း မျက်နှာပြောင်တိုက်ပြီး လုပ်တယ်ကွာ ဘာဖြစ်လဲလို့ မရှက်မကြောက် ဆက်ပြီး ကျူးလွန်ရဲကြတာ ဖြစ်ပါတယ်။

ယခင်တုန်းကတော့ အရှက်အကြောက်တရား ကင်းမဲ့ကြတာဟာ တတိယနိုင်ငံက အာဏာရှင်တွေ ၎င်းတို့ အပေါင်းအပါတွေလို့ ဆိုကြတယ်။ ကမ္ဘာသတင်းစင်မြင့်ကနေ ဖော်ထုတ်ပြီး သူတို့တွေရဲ့ လိမ်လည်လှည့်ဖြား မတရားမှုတွေကို တင်ပြကြတယ်။ သူတို့တွေကို လူတွေကြားထဲမှာ လက်ညိုးထိုးပြီး မကောင်းမှုမှာ ရှက်အောင် ကြောက်အောင် လူတောထဲ မတိုးရဲအောင် နောက်မကျူးလွန်အောင်လို့ မီဒီယာတွေ အတိုက်အခံတွေ ပြည်သူတွေက ကြိုးပမ်းကြတာ ဖြစ်တယ်။ သူတို့ကို အရှက်တကွဲ အကျိူးနည်းအောင် လုပ်ကြတာ အယင်ခေတ်တုန်းကတော့ မှန်လိမ့်ဦးမယ်။ ယခုခေတ် ဒေါ်နယ်ထရန့်လိုမျိုး မကောင်းမှုမှာ အရှက်အကြောက်မရှိတဲ့လူ စကြာ၀တေးမင်းဖြစ်တဲ့ခေတ်မှာတော့ မှန်ပါဦးမလားလို့ သံသယ ဖြစ်စရာ ဖြစ်လာပါတယ်။

မတရားမှု ကျူးလွန်ရာမှာ ဆိတ်ကွယ်ရာမရှိ၊ မတရားမှု ကျူးလွန်ရာမှာ ရှက်စိတ် ကြောက်စိတ်ရှိအောင် လူထုပရိသတ်အများစုက ကန့်ကွက် ရှုတ်ချ ပြစ်တင်ကြပါတယ်။ ဒီလိုနဲ့ လူမှုသမိုင်း နိုင်ငံသမိုင်းတွေကို ပြုပြင်ပြောင်းလဲကြရပါတယ်။ အခုကျတော့ မတရားမှုကျူးလွန်သူတွေက အရှက်အကြောက်ကင်းမဲ့လာကြတာ၊ လူတွေက ပြစ်တင်ရှုတ်ချတဲ့ကြားကနေ အတင့်ရဲသည်ထက် ရဲလာကြတာဟာ လက်ရှိမျက်မှောက်ရေးရာအတွက်ကော အနာဂတ်ရေးအတွက်ပါ ရင်လေးစရာ ဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။

မကောင်းမှုမှာ အရှက်အကြောက် ကင်းမဲ့တဲ့အခါ အကြမ်းဖက်မှုတွေကို နေ့ခင်းကြောင်တောင်မှာပါ လက်ရဲဇက်ရဲ ကျူးလွန်နေကြတာကို တွေ့လာရပါတယ်။ ကျုးလွန်သူတွေကလည်း သူတို့မှန်တယ်ဆိုပြီး မျက်နှာပြောင်တိုက်ပြီး တရားရုံးမှာ အမှုရင်ဆိုင်နေကြပါတယ်။ ဥပမာအားဖြင့် အစွန်းရောက်လူဖြူကြီးစိုးရေး အကြမ်းဖက်သမားတွေရဲ့ ရာဇဝတ်မှုတွေကို ကြည့်နိုင်ပါတယ်။ အစွန်းရောက်ဘာသာရေးအမြတ်ထုတ်တဲ့ အကြမ်းဖက်သမားတွေရဲ့ ကျူးလွန်မှုတွေကို ကြည့်နိုင်ပါတယ်။ "သူခိုးဖမ်းပါ လမ်းကြားမှာလား ပန်ကာအောင်မှာ ထိုင်နေသည်" ဆိုတဲ့ ကဗျာလို ဖြစ်လာပါတယ်။ ဒါကြီးတွေကို လူထုက လက်သင့်ခံနေလို့ မရပါ။ ပြတ်ပြတ်သားသား ကန့်ကွက် ပြစ်တင် ရှုတ်ချဘို့ လိုပါတယ်။ အစိုးရတွေ လွှတ်တော်တွေ တရားရေးဌာနတွေကလည်း တရားဥပဒေနဲ့ အညီ အရေးယူပစ်ဖို့ လိုပါတယ်။

မြန်မာပြည်မှာလည်း သည်လိုမျိူး အရှက်အကြောက်မရှိ လက်ရဲဇက်ရဲ ဖြစ်နေတာတွေ ရှိနေဆဲပါ။ ရှေ့နေကြီးဦးကိုနီ လုပ်ကြံခံရတဲ့အခါမှာ ဒီလူသတ်မှုကို ဂုဏ်ယူစရာအဖြစ် တဖက်သတ်အားပေးစကားပြောခဲ့ကြတဲ့ အရှက်အကြောက်မရှိတဲ့ လှုပ်ရှားမှုတွေ ဖြစ်ခဲ့တာ မှတ်မိဦးမှာပါ။ မူးယစ်ဆေးဝါးတွေကို ပိုင်ရှင်မဲ့ဖမ်းမိနေတဲ့ ဖြစ်စဉ်တွေ၊ မတရားမှုဖော်ထုတ်တဲ့ ပြည်သူတွေ သတင်းသမားတွေ ခြိမ်းခြောက်ခံရလို့ ရှောင်တိမ်းနေကြတဲ့ ဖြစ်စဉ်တွေ၊ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုရေးသားတာကို တန်ပြန် တရားစွဲခံနေရတဲ့ အဖြစ်တွေ မြန်မာပြည်မှာ အများကြီးဆိုတော့ မကောင်းမှုတွင် မရှက်ခြင်း မကြောက်ခြင်း ဆိုတာ ကင်ဆာလို ပွားများနေပြီလားလို့ စိုးရိမ်စရာ ဖြစ်နေပါပြီ။ လက်ရှိမျက်မှောက်ရေးရာက ဗစ်တိုးရီးယားအမှုကိုပဲ ကြည့် ... တရားရုံးဖြစ်စဉ်အတိုင်း ရင်ဆိုင်နေရင်းမတ်တပ်ကနေ သက်သေတွေ ရှေ့နေတွေကို ရာဇဝတ်မှုရဲ့ ဖြစ်စဉ်ထဲက မေးခွန်းထုတ်ခံနေရသူ မိသားစုတွေက တန်ပြန်တရားစွဲဆိုတယ်၊ ဒါကို တရားရုံးတော်က လက်ခံတယ်ဆိုတာ ရှက်စရာတခုပဲ မဟုတ်ပါလား။ တရားရေးမဏ္ဍိုင်ကို ယုံကြည်ကိုးစားတယ်ဆိုရင် အဲသည်တရားရုံးရင်ဆိုင်နေမှုကနေ အမှန်တရားပေါ်ထွန်းလာသည်အထိ ဝိုင်းဝန်းကြယုံသာ ရှိပါတယ်။

မကောင်းမှုတွင် မရှက်ခြင်း မကြောက်ခြင်းတွေက ခေတ်စားလာရင်တော့ ကောင်းမှုကို ပြုလုပ်ရမှာ ရှက်တဲ့ကြောက်တဲ့ လူတွေ ရှေ့တန်းရောက်လာပြီး အဲသည်လို လူတန်းစားတွေကို ကျနော်တို့က သူကောင်းပြုကြ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးပြီး ထိုင်ကန်တော့ကြတဲ့အဖြစ်ဆိုးတွေ တိုးတိုးပြီး ရင်ဆိုင်ကြဖို့သာ ရှိတဲ့အကြောင်း ကြောက်ကြောက်နဲ့ မောင်းထုလိုက်ပါကြောင်း။