Breaking News

မန်း-ပုဂံရထား စက်ခေါင်းတွဲချော်၊ လက်ထောက်စက်ခေါင်းမောင်း သေဆုံး

မန်း-ပုဂံရထား စက်ခေါင်းတွဲချော်၊ လက်ထောက်စက်ခေါင်းမောင်း သေဆုံး

လမ်းချော်သွားခဲ့သည့် မန်း-ပုဂံ ရထားစက်ခေါင်းကို တွေ့ရစဉ် (ဓာတ်ပုံ - Khant Lu Aung facebook)

ခင်နှင်းဝေ ၊ Manmar NOW

(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၉

မန္တလေး-ပုဂံ အစုန်အမြန်ရထား ယနေ့ တနင်္ဂနွေနေ့မနက် အစောပိုင်းက စက်ခေါင်း တွဲချော်တိမ်းမှောက်သဖြင့် တစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ရဲစခန်း၏အချက်အလက်များအရ သိရသည်။

စက်ခေါင်းမှူး ဦးအောင်နိုင် မောင်းနှင်လာသော မန္တလေးမှ ည ၉ နာရီ ထွက်ခွာသည့် မန္တလေး-ပုဂံ ရထားသည် နွားထိုးကြီးမြို့မရဲစခန်း၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာ ငှက်ပျောအိုင်ကျေးရွာအနီး မီးရထားမိုင်တိုင်အမှတ် (၃၉၈/၂၀/၂၂) ကြားနံနက် ၂ နာရီ ၅၅ မိနစ် အချိန်တွင် စက်ခေါင်းခန်း လမ်းချော်သွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွဲချော်ခြင်းကြောင့် စက်ခေါင်းမှူး ဦးအောင်နိုင် လက်ကျိုးသွားခဲ့ကာ၊ လက်ထောက် စက်ခေါင်းမောင်း ဦး​ကျော်ကျော်ဦးမှာ ရထားပေါ်မှ လွင့်စင်ကျသွားခဲ့ပြီး ဝမ်းဗိုက်ပွင့်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ စက်ခေါင်းတစ်တွဲသာ တွဲချော်ခြင်းဖြစ်ပြီး ကျန်လူစီးတွဲများ တွဲမချော်ခဲ့ကြောင်း Myanmar Now က ဖတ်ရှုရသည့် နွားထိုးကြီးမြို့မ ရဲစခန်း၏ မှတ်ပုံတင်ကြေးနန်းစာတွင် ဖော်ပြထားသည်။

“ဖမ်းဆီးထိန်းသိမ်းထားတာ မရှိသေးပါဘူး။ သေမှုသေခင်းနဲ့ပဲ အဖွင့်ထားပါတယ်။ ကျန်တာက စုံစမ်း‌နေဆဲပါ၊ မီးရထားဥပ‌ဒေနဲ့ပဲ‌ ဆောင်ရွက်မယ်ထင်တယ်” ဟု နွားထိုးကြီးမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့မီးရထားမှ တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း မရသေးပါ။

နှစ်ပေါင်းများစွာ လျစ်လျူရှုထားမှု၊ အကျင့်ပျက်ခြစားမှု ပြဿနာများ လှိုက်စားခံခဲ့ရသည့် မြန်မာ့မီးရထားကဏ္ဍသည် မတော်တဆမှု မကြာခဏ ဖြစ်လေ့ရှိသော်လည်း လူမသိသူမသိ ပြီးဆုံးသွားကာ မတော်တဆဖြစ်တိုင်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဟု မန္တလေး-မတ္တရာလမ်းပိုင်း ရထားစက်ခေါင်းမောင်းတစ်ဦးက ဝေဖန် သည်။

“စက်ခေါင်းတွေတော်တော်များများက သက်တမ်းလွန် စက်ခေါင်းတွေဆိုတော့ တစ်ချိန်မဟုတ် တစ်ချိန်ဖြစ်မှာပါ။ ပိုဆိုးတာက ကျွန်တော်တို့မီးရထားမှာ လူကြီးကြောက်ရောဂါတွေက အလွန်ကိုမှ ကြီးထွားနေတော့ အထက်လူကြီးမင်းတွေကို သက်ဆိုင်ရာလူကြီးမင်းတွေက အမှန်ချပြဖို့ မရဲတော့ဘူး” ဟု စက်ခေါင်းမောင်း ကိုခန့်လူအောင်က ပြောသည်။

မတော်တဆဖြစ်ပါက မီးရထားဥပဒေအရ သံလမ်း၊ ရထားတွဲ၊ စက်ခေါင်း၊ စက်ခေါင်းမောင်း ဆိုသည့် အချက်လေးချက်အနက် မည်သည့်အပြစ်ကြောင့် ဆိုသည်ကို စုံစမ်းရေးဘုတ်အဖွဲ့က အတည်ပြု စစ်ဆေးပြီးမှသာ အရေးယူရပြီး ထိုသို့တွဲချော်မှုများမှာ မကြာခဏ ဖြစ်လေ့ဖြစ်ထရှိကာ လူမသိသူမသိက များသည်ဟု ကိုခန့်လူအောင်က ပြောသည်။

"တွဲချော်မှုဖြစ်စဉ်တွေက အများကြီး။ ခုလို သေဆုံးမှသာ သိကြတာ။ လူမသေရင် ဖုံးဖိထားကြတာ” ဟု ၎င်းက ပြောသည်။

“အခုလိုကြီးမားတဲ့ မတော်တဆမှုတခုဖြစ်တိုင်း အားအနည်းဆုံးဝန်ထမ်းကိုပဲ အပြစ်ပေးအရေးယူပြီး အရာရှိဆိုတဲ့ လူတန်းစားတွေ အရေးယူခံရတယ်ဆိုတာ ရှားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

မြန်မာ့မီးရထား၏ စက်ခေါင်းအများစုမှာ သက်တမ်းလွန် စက်ခေါင်းများဖြစ်သော်လည်း နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှ ၂၀၁၈ ခုနှစ် ဧပြီလမှ စတင်၍ ယခုနှစ် မတ်လအထိ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းသစ် ၁၀ စင်းကို တည်ဆောက်နိုင်ခဲ့ပြီး ဒီဇယ်စက်ခေါင်း ငါးခေါင်းကို အင်ဂျင်အသစ် လဲလှယ်ခဲ့ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။

ထို့ပြင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း မီးရထားမတော်တဆမှု ၂၇၇ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၃၆၃ ကြိမ်ရှိ၍ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၃၅၀ ခန့် ဖြစ်ပွားခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

မြန်မာ့မီးရထားတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အမြန်ရထား ၃၉ စင်း၊ စာပို့ရထား ၅၃ စင်း၊ လူစီးကုန်တင်ရထား ၄၇ စင်း၊ မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ၂၂၁ စင်းတို့ဖြင့် လက်ရှိတွင် ပြေးဆွဲပေးနေပြီး လိုအပ်သည့် စက်ခေါင်းများနှင့် တွဲအသစ်များကို ဝယ်ယူဖြည့်တင်းလျက်ရှိကာ ပြည်သူများ ခရီးသွားလာရန်အတွက် အရေးပါသည့် ရထားလမ်းပိုင်းများကို ပြန်လည် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။

ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်း၊ ပဲခူး-မော်လမြိုင် ရထားလမ်း၊ မန္တလေး-မြစ်ကြီးနား ရထားလမ်း၊ ရန်ကုန်-ပြည် ရထားလမ်းပိုင်းတို့ကို ဂျပန်နိုင်ငံ၏အကူအညီဖြင့် အဆင့်မြှင့်တင်လျက်ရှိသည်။