Breaking News

တင်မိုး - လူငယ့်ကြေးမုံ(၄)

Photo by Khin Lunn


တင်မိုး - လူငယ့်ကြေးမုံ(၄)

(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၉

မိုးသောက်ကြယ်ဂျာနယ်အယ်ဒီတာအာဘော်အဖြစ်
ဆရာတင်မိုးရေးသားပေးခဲ့သော လူငယ့်ကြေးမုံများ
(၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၂)

သတိသည်ဆား၊ ကဗျာသည်ပျား…တဲ့။
သတိဆိုတာလိုသလောက်ခပ်ရမတဲ့။
မပါလဲမဖြစ်။ ပါလွန်းပြန်တော့လဲ အလုပ်မဖြစ်။
အရာရာရဲရင့်မှုတွေပျောက်၊ ကြောက်စိတ်တွေဝင်၊ အပြစ်တွေချည်းမြင်နေမှဖြင့် မလုပ်ရဲ၊ မကိုင်ရဲ၊ လမ်းမလျောက်ရဲဖြစ်တတ်တယ်။

သတိမပါတော့လဲ အရာရာမှာ အထိန်းမဲ့တဲ့ချည်ခင်လို ပရမ်းမတာဖြစ်တတ်တယ်။ ဟင်းလျာမှာ ဆားကို သင့်ရုံခပ်ရသလို သတိကိုလဲသင့်ရုံခပ်။ သတ္တိလဲမပျောက်စေနဲ့။ အိုးနင်းခွက်နင်း နင်းကျိုး နင်းကျွံံ လူလွန်မသား လူရမ်းကားလဲ မဖြစ်စေနဲ့။
တော်ရုံခပ်တဲ့ဆား ဟင်းလျာရဲ့အရသာကအမြိန့်သား။
ကဗျာကတော့ ပျားပါပဲ။ ဖတ်လိုက်တိုင်းချို မျိုလိုက်တိုင်းဆိမ့်တဲ့ အရသာမဟုတ်လား။

‘မျက်မြင်မှာဉာဏ်တွဲလို့၊ အနဲနဲရှုပါ…’တဲ့။
လယ်တီဆရာတော်ကဖွဲ့တယ်။
တန်ဖိုးရှိလှတဲ့ ကဗျာအဆို အမိန့်ပါကလား။
ဒိဠမျက်မြင်မှာ ဉာဏ်နဲ့ယှဉ်ရမတဲ့။ အမြင်မှန်ရအောင် အနည်းနည်းရှုရ၊ သုံးသပ်ရမတဲ့။
ကဗျာကတိုပေမဲ့ အရသာကအချိုသား။ တွေးလိုက်တိုင်း ဉာဏ်ကျယ်၊ အမှန်တကယ်ကိုမြင်စေနိုင်တဲ့စကား ပါလား။
‘တို့ဗမာ၊ တချို့ဝါစာကမာ…’တဲ့။
ဆရာကြီးမှိုင်းက ကဗျာသံနဲ့ဆုံးမတယ်။
ဟုတ်ပါပေ့။ ငါတို့တမျိုးသား လုံးကို ဆုံးမတာ။
ဘာကိုမှမလေးနက် ပေါ့ပျက်ပျက်လုပ်တတ်တဲ့ ငါတို့ရဲ့အကျင့်စရိုက်ကိုဖွင့်ပြတာ။

တို့ကလဲတို့ပဲမဟုတ်လား။ အပြောကတော့ လေလုံးမိုးလုံး မိုးတောင်ကချုန်း။ လက်တွေ့ကျတော့ မရေမရာ ဝါစာကမာ။ ဖြစ်ကတတ်ဆန်း ရောက်ရာကျဘမ်း။ ဘာလုပ်လုပ် ကျကျနနလုပ်မှ။ ပိုင်ပိုင်နိုင်နိုင် လေ့လာဆည်းပူးပြီး ထူးထူးခြားခြားဖြစ်အောင်လုပ်မှ။ ပေါ့ပေါ့တန်တန် ကစားသမားဉာဏ်နဲ့ အပေါ်ယံဗန်းပြ ကောင်းရုံလုပ်တတ်တဲ့ အကျင့်ဆိုးကိုဖျောက်မှ။
သမိုင်းပုံပြင်ထဲက ကံရာဇာငယ်ရဲ့အကျင့်ဆိုးကို တမျိုးသားလုံးကျင့်သုံးမိတယ်။
ကံရာဇာကြီးလို သစ်ကြီးဝါးကြီးနဲ့ခိုင်ခိုင်မဆောက်။
မိမိထီးနန်းရပြီးရောဆိုတဲ့ လောဘစိတ်ရှေ့ထားပြီး ညတွင်းချင်း သစ်ငယ်ဝါးငယ်နဲ့ ထီးနန်းဆောက်ပြခဲ့သတဲ့။
ဖြစ်ကတတ်ဆန်း တောရမ်းမယ်ဖွဲ့သမား၊ ဉာဏ်နီဉာဏ်နက်ကစားနဲ့ ကံရာဇာငယ်က အနိုင်ရခဲ့သတဲ့။ ပြီးပါလေရောဗျာ။ ကျုပ်တို့ဗမာပြည်မှာ ပပလွှားလွှား ပြပြစားစားလုပ်တတ်တဲ့ တနပ်စား ၁၂ ပွဲစားတွေ နေ ရာရခဲ့တယ်မဟုတ်လား။

နေရာရပြီးစတမ်း၊ အဖြီးအဖြန်း ညာလုံး ဝါးလုံးတွေနဲ့ ဗမာတွေ လူဖြစ်ရှုံးခဲ့ တယ်မဟုတ်လား။

၁၀-၂-၂၀၀၃