Breaking News

ကိုသန်းလွင် ● ရောဘတ်မူဂါဘီ

ကိုသန်းလွင် ● ရောဘတ်မူဂါဘီ
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၉

(၁)
ရောဘတ်မူဂါဘီ (Robert Mugabe) (၁၉၂၄ -၂၀၁၉) ၏နာရေးအကြောင်းရေးရန်ဖြစ်လာသောအခါ သူ၏ဘဝကို အရေး ကြီးသောအပိုင်း သုံးပိုင်းအဖြစ် ထင်ထင်ရှားရှားပေါ်လာကြပါသည်။ (၁) မျက်နှာဖြူများ၏အုပ်စိုးမူကို တွန်းလှန်သော တော်လှန်ရေးသမားဘ၀ (၂) တော်လှန်ရေးကိုဦးဆောင်သူတစ်ယောက်အနေဖြင့် ဗြိတိသျှ လူဖြူများနှင့်ဇင်ဘာဘွေနိုင်ငံလွတ်မြောက်ရေးအတွက် စေ့စပ်ဆွေးနွေးသောနိုင်ငံရေးသမားဘဝနှင့် (၃) အတိုက်အခံနှင့်ဆန့်ကျင်သူအပေါင်းတို့ကို ချေ မှုန်းပြီး ဇင်ဘာဘွေနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် တွန်းချသောခေါင်းဆောင်ဘဝဟူ၍ ဖြစ်ပါသည်။ ထိုဇင်ဘာ ဘွေနိုင်ငံ၏ ခေါင်းဆောင်ကြီးသည် စက်တင်ဘာလ ၆ ရက် နေ့က အသက် ၉၅ နှစ်အရွယ်၌ စင်္ကာပူဆေးရုံတွင်ကွယ်လွန်သွားပါပြီ။

သို့ပါသော်လည်း ကာလတစ်ခုဆုံး၍ နောက်ကာလတစ်ခုဘယ်သောအခါမှာ စသည်ကိုသတ်မှတ်ရန် မလွယ်ကူပါ။ ၁၉၆၀ နှင့် ၇၀ခုနှစ်များတွင် လွတ်မြောက်ရေးတိုက်ပွဲများကိုစခဲ့စဉ်ကတည်းကမိတ်ဆွေများနှင့် ဆက်ဆံရေးတွင် ရိုင်းပြသော (Tyrant) အပြုအမူများကို တွေ့မြင်ခဲ့ကြရပြီးဖြစ်ပါသည်။ နိုဝင်ဘာ ၂၀၁၇ ခုနှစ် တွင် နိုင်ငံကို သုံးမရလောက်အောင် ဖျက် ဆီးပစ်ပြီးသည့်နောက်တွင် သူ့ကို တော်လှန်၍ဖြုတ်ချလိုက်ကြသော ဗိုလ်ချုပ်ကြီးများကပင် သူ့ကိုလေးစားသမူပြုခဲ့ကြပါ သည်။ ရဲဘော်ကြီး မူဂါဘီဟူ၍ သူသေဆုံးကြောင်းကို သောကြာနေ့က ကြေညာရာတွင် သမ္မတ မာနာဂါဝါ (Emmerson Mnangagwa) ကေ တာ်လှန်ရေး၏ ပြယုဂ်အဖြစ် ဂုဏ်ပြုခဲ့ကြ ပါသည်။ သူ့ကို ရာထူးမှဖယ်ရှားခဲ့ခြင်း အကြောင်းလုံးဝမပါဝင်ပါ။

ဇင်ဘာဘွေနိုင်ငံသားများအဖို့ ၁၉၈၀ ခု လွတ်လပ်ရေးရကတည်းက ၂၀၁၈ခု သူဖြုတ်ချခံရသည့်အချိန်ထိ သူ တို့နိုင်ငံခေါင်း ဆောင်အဖြစ်သူတစ်ဦးတည်းကိုသာသိထားခဲ့ကြပါသည်။ ယခင်ကကျောင်းဆရာလုပ်ခဲ့ဖူးသူတွင် သြဇာပါဝါနှင့်တွေ့သော အခါ ကျောင်းဆရာတစ်ယောက်၏ ရိုးသားသောဂုဏ်များကို ရှာဖွေမရတော့ပါ။ ၂၀၁၈ ခု ဖေဖော်ဝါရီလ သူ ၉၃ နှစ်ပြည့် ချိန်တွင် ၂၀၁၈ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဦးမည်ဟု ပြောခဲ့ပါသည်။

သို့ပါသော်လည်း သူ့ဇနီး (Grace Mugabe) ကို အာဏာလွှဲပြောင်းပေးမည်ကို စိုးရိမ်ကြသော စစ်တပ်အရာရှိ များက သူ့ကို ဖြုတ်ချပြီး နေအိမ်အကျယ်ချုပ်နှင့် ထားခဲ့ကြပါသည်။ သူ့ကို ဆန့်ကျင်သူများပြားလှသော်လည်း ၂၀၁၃ ခုနှစ်တွင် ၇ ကြိမ်မြောက်ပြန်လည်အရွေးခံခဲ့ရပါသည်။ ၂၀၁၄ ခုနှစ်တွင် ဒုတိယသမ္မတ (Joice Majuru) ပါတီသန့်စင်ရေးလုပ်ခဲ့ပြီး ယခု သမ္မတ မာနာဂါဝါ နှင့်အတူ သူ့ဇနီးဖြစ်သူ (Grace Mugabe) တို့ကို ရာထူးမြှင့်တင်ပေးခဲ့ပါသည်။

အချို့ကမှု သူ့ဇနီးကို အစဉ်အဆက်ခေါင်းဆောင် (Dynasty) အဖြစ်တင်မြှောက်ပြီး မူဂါဘီအစဉ်အဆက်ကို ထူထောင်ရန် ကြံစည်သည်ဟုစွတ်စွဲကြသည်။ အနည်းဆုံးသူမအား သူ့အရာကိုဆက်ခံသူဖြစ်စေရန် ရည်ရွယ်ခဲ့ သည်။ ထို့ကြောင့် သူမ၏ လုပ်ရက်များကို တစ်စတစ်စ စစ်တပ်မှကြည့်မနေနိုင် တော့ဘဲတစ်ချိန်တုန်းက မိမိတို့တင်ခဲ့သည့် ခေါင်းဆောင်ကြီးကိုပင် ပုန်ကန်ကြတော့သည်။ မူဂါဘီမှာ တစ်စတစ်စအရွယ်ကြီးလာသောအခါ ပါလီမန်တွင် ပြောပြီးသားမိန့်ခွန်းကိုပင် ဒုတိယ အကြိမ်ပြန်ဖတ်သည်အထိ ဆိုးရွားလာသည်။

၂၀၁၄ ခုနှစ်တွင် ၁၅ နိုင်ငံပါဝင် ဖွဲ့စည်းထားသော တောင်ပိုင်းဖွံ့ဖြိုးရေးဆိုင်ရာကော်မီတီတွင် ဥက္ကဌလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အာဖရိကယူနီယံ၏ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။ ၂၀၁၇ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးကသူ့ကို Good will Ambassador ဟုခန့်အပ်သဖြင့်ငွေကြေးထောက်ပံ့သူ (Donor) များနှင့် အနောက်အုပ်စုမှ ခေါင်းဆောင်များက အံ့အား သင့်ခဲ့ကြသည်။ ဘေးမှဖိအားပေးသဖြင့် ကျန်းမာရေးအဖွဲ့ကြီးက သူ၏ ခန့်အပ်မှုကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။

ဇင်ဘာဘွေနိုင်ငံသည် တစ်ချိန်ကအာဖရိကတွင် ကျန်မာရေးဆိုင်ရာဆားဗစ်တွင်အကောင်းဆုံးဖြစ်ခဲ့သည်။ သူ့ လက်ထက် တွင် တစ်စ တစ်စ သုံးမရလောက်အောင်ပျက်ဆီးသွားခဲ့သည်။ သူကိုယ်တိုင်ကမူ စင်ကာပူ သို့သွား၍ ကုသမူခံယူသည်။
ဇင်ဘာဘွေနိုင်ငံ၏ အလုပ်လက်မဲ့ဦးရေမှာ ၈၀ရာခိုင်နှုန်းဖြစ်ပါသည်။ ငွေကြေးဖေါင်းပွနှုန်း (Inflation) မှာ သန်း ၂၃၀ ရာခိုင်နှုန်းရှိသည်။ ငွေစက္ကူ ၁၀ ထရီလီယံ ဒေါ်လာတန်ကို ၂၀၁၉ ခုနှစ်က ထုတ်ဝေခဲ့ရာ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈နှင့်ညီမျှသည်။ ဇင်ဘာဘွေငွေကြေးမှာ သုံးစွဲရန်တန်ဖိုးမရှိဖြစ်ခဲ့သဖြင့် တောင်အာဖရိက ငွေ Rand အမေရိကန်ဒေါ်လာနှင့် တရုတ်ပြည်မှ ယွမ်ငွေများကို အစားထိုးသုံးစွဲကြသည်။

မူဂါဘီကိုယ်တိုင်က အခန်း ၂၄ခန်းပါ အိမ်တော်၊ မာစီးဒီးကား၊ အမေရိကန်ဒေါ်လာများနှင့် နေပြီးအရှေ့ နိုင်ငံများ သို့ ဈေးဝယ်ခရီးနှင့် အပန်းဖြေခရီးထွက်လေ့ရှိသည်။ လိင်တူဆက်ဆံမှုကို “ခွေးထက်မိုက်သူများ” ဟု ဆိုလေ့ရှိ ပြီး သူ့နိုင်ငံမှာ တဖြည်းဖြည်းနှင့် အထီးကျန်ဆန်လာသည်။ သူ့လွတ်လပ်ရေးရစက အောင်မြင်မှုများ ရခဲ့သည်။ မျက်နှာဖြူလူနည်းစု အစိုးရအပေါ် အောင်မြင်မှု၊ ပညာရေးတွင် အလယ်တန်းကျောင်းများ တိုးပွားမှု ၁၉၈၀ ခုနှစ် များက လူမည်းတို့အတွက် လုပ်ခဲ့သည့် ကျန်းမာရေးကို တိုးတက်လာမူတို့မှာ ခြစားခြင်း နှင့် အတိုက် အခံတို့ကို အပြတ်တိုက်ငါဒ များအကြားတွင် ကွယ်ပျောက်ခဲ့ရသည်။

သူသည်ဗြိတိသျှကို တော်လှန်စဉ်အခါက တရုတ်၏အကူအညီကို ယူခဲ့ရသည်။ ရုရှားတို့က သူ၏ ပြိုင်ဘက်အုပ် စုကို ထောက်ခံခဲ့သည်။ စစ်ပြီးသောအခါ အာဖရိက၏ သယံဇာတများကို လိုချင်သော တရုတ် အစိုးရသည် ဇင်ဘာဘွေနိုင်ငံစီးပွားရေးတွင် ပါဝင်ပါတ်သက်ခဲ့ရသည်။ ၂၀၁၅ တွင် တရုတ်အစိုးရက သူ့ကို ကွန်ဖြူးရှပ်၏  (Confucius Prize) ကို ချီးမြှင့်ခဲ့သည်။

(၂)
ရောဘတ်မူဂါဘီကို ၁၉၂၄ခု ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် မြို့တော် ဟားရေးရေး၏ အနောက်မြောက်အရပ် ကူတားမား ဆိုသော နေရာမှာမွေးဖွားသည်။ ထိုနေရာသည် မျက်နှာဖြူများက လူမည်း လယ်သမားများအတွက် သီးသန့်ဖယ်ထားသော နယ်မြေဖြစ်သည်။ ကက်သလိပ်ဘုန်းတော်ကြီးများက စာသင်ပေးခဲ့ပြီး မူဂါဘီ ငယ်ငယ် ကစာအလွန်ဖတ်သည်။ နွားကျောင်းရင်း စာအုပ်တစ်အုပ်နှင့် တစ်နေကုန်နေလေ့ရှိသည်။

သူ၏ဖခင်က မူဂါဘီ၁၀ နှစ်သားက မိခင်ကိုပစ်သွားခဲ့သည်။ လူတို့၏ အသားအရောင်သည် လူတို့၏ လူနေမှု စနစ်အတွင်းသို့ ဖောက်ဝင်ခဲ့သည်ဟုသူကလေးဘဝကိုရေးသားသည်။ နယ်ဆင်မန်ဒဲလားကဲ့သို့ပင်တောင်အာ ဖရိက (For Hare Academy) မှစကောလားရှစ်ဖြင့် ၁၉၅၀ မှ ၁၉၅၂ အထိ ပညာသင်ရင်း ပညာရေး၊ ဥပဒေနှင့် အုပ်ချုပ်ရေး စီးပွားရေးပညာရပ်များကို တတ်မြောက်ခဲ့သည်။ ငယ်စဉ်ကတည်းက အိန္ဒိယတွင် ဂန္ဓီနှင်နေရူးတို့၏ ကိုလိုနီခေတ် လွတ်လပ်ရေးတိုက်ပွဲများကို အားကျခဲ့သည်။

မြောက်ပိုင်းရိုဒီးရှား (ဇင်ဘာဘွေနိုင်ငံကို ထိုစဉ်က ခေါ်သည်။)  တွင် ကျောင်းဆရာလုပ်ရင်း ဟေဖရွန် (Ms Hayfron) ကို လက်ထပ်ခဲ့သည်။ ဂါနာနိုင်ငံတွင် တော်လှန်ရေးနှင့် စတင်ကြုံရပြီးခေါင်းဆောင် အန်ခရူးမား (Kwame Nkrumah) ၏ ဆိုရှယ်လစ်စနစ်ကို သဘောကျခဲ့သည်။ ၁၉၆၀ တွင် ရိုဒီးရှားသို့ပြန်လာခဲ့သည်။ အမျိုးသားဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင် အန်ကိုမို ( Joshua Nkomo) က ပါတီဟောပြောပွဲများတွင် ဟောပြောရန်ဖိတ်ခေါ်ခဲ့သည်။ လေးလကြသောအခါ ပါတီ၏ ပေါ်လစီဆိုင်ရာအတွင်းရေးမှူးဖြစ်လာခဲ့သည်။

၁၉၆၃ တွင် မစ္စတာ အန်ကိုမို ၁၈ရာခိုင်နှုန်းသော လူထုကို ကိုယ်စားပြုနေရာ  ထောက်ခံမူရှိနေရာ သူ့ကို ဆန့် ကျင်သောအုပ်စုနှင့်ပေါင်းပြီး ဇာနူး (ZANU Zimbabwe National Union) ကိုထူထောင်သည်။ နှောင်နှစ်တွင် မျက်နှာဖြူအစိုးရက ဖမ်းဆီးပြီးထောင်ချကာ ထောင်ထဲတွင် ၁၁နှစ်ကြာခဲ့သည်။ ကိုလိုနီစနစ်ကို မုန်းတီးရန် ပထမဆုံးမျိုးစေ့ ဖြစ်သည်။

သူထောင်ထဲမှာရှိစဉ် သူ၏သားငယ် ဂါနာနိုင်ငံမှာဆုံးသည်။  လွတ်လပ်ရေးကို တစ်ဖက်သတ်ကြေညာခဲ့သော ၁၆၆၅ခုနှစ်တွင် ရိုဒီးရှားအစိုးရက သားငယ်၏ အသုဘကိုသွားရန်ခွင့်မပြုခဲ့ပေ။ သူက မခံမရပ်နိုင်အောင် ဒေါသ ထွက်ရသည်။ ထောင်ထဲမှာနေရစဉ် မန်ဒဲလားကဲ့သို့ သူ၏ ပညာရေးကို တိုးတတ်အောင်လုပ်ခဲ့ပြီး သူ၏စာဖတ် အားကောင်းလာသည်။ ထိုအချိန်တွေဟာ တော်လှန်ရေးအတွက်ပြင်ဆင်ချိန်တွေပါဘဲဟု ပြောသည်။

၁၉၇၀ ခုနှစ်တွင် မစ္စတာစီသိုး (Mr Sithone) ကို ထောင်ထဲတွင် အခွင့်အရေးရရှိရန်အုပ်ချုပ်သူများနှင့် ပူးပေါင်း သည်ဟု စွတ်စွဲပြီး ခေါင်းဆောင်အဖြစ်မှ ဖြုတ်ချပြီးဆန့်ကျင်ရေးတပ်များ၏ခေါင်းဆောင်ဖြစ်လာသည်။ ၁၉၇၅ ခုနှစ်တွင်  သူ၏လက်ထောက် တစ်ယောက် နှင့်အတူ ထောင်မှထွက်ပြေးလွတ်မြောက်သွားကြသည်။

သူသည် မိုဇမ်ဘစ်နိုင်ငံနှင့် ရိုဒီးရှား နယ်ကြားတစ်လျှောက်သူ၏ တော်လှန်ရေးကို ဆင်နွှဲသည်။ မစ္စတာအန်ကိုမို က ဇမ်ဘီယားနိုင်ငံမှာနေ၍ တိုက်ပွဲဝင်ကြသည်။ သူသည် ရှည်လျားသော စစ် တိုက်နေရသော်လည်း မစ္စတာ မူဂါဘီသည် လက်နက်ကိုကိုင်၍ တိုက်ပွဲဝင်နေရသည်တော့မဟုတ်ပေ။ ၁၉၇၂ ခုနှစ် နှင့် ၁၉၈၀ ကြား တွင် လူ မည်းလူမျိုးပေါင်း၂၇,၀၀၀ မျှသေကြခဲ့ရသည်။ ၁၉၇၆ခု မစ္စတာကစ်ဆင်ဂျာက ငြိမ်းချမ်းရေးအတွက် လှည့်လည် စဉ်က မစ္စတာမူဂါဘီ၏ နာမည်ကို ထင်ထင်ရှားရှား သတိမထားမိခဲ့ကြပေ။ ၁၉၇၆ခုနှစ်တွင် မစ္စတာ အန်ကိုမိုနှင့် ငြိမ်းချမ်းရေးယူလိုက်ရသည်။ သူတို့နှစ်ဦးပေါင်းကို Patroitic Front ဟုခေါ်ပြီးဗြိတိသျှတို့နှင့်စကား ပြောရသည်။

၁၉၇၉ခုနှစ်တွင် ဗြိတိသျှတို့က ဦးစီး၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပပြီး လန်ကက်စတာ အိမ် (Lancester House) တွင်ငြိမ်းချမ်းရေးအတွက်လက်မှတ်ထိုးပွဲကျင်းပကြသည်။ ဇင်ဘာဘွေနိုင်ငံကို လွတ်လပ်ရေးပေးသော သဘောတူညီမှုဟု မှတ်ယူကြသည်။ ၁၉၈၀ခုနှစ်တွင် မူဂါဘီသည် ဇင်ဘာဘွေနိုင်ငံသို့ပြန်ရောက်သည်။

ပထမဆုံး ရွေးကောက်ပွဲတွင် မူဂါဘီက အမတ်နေရာ တစ်ရာရှိသည့်အနက် ၅၇ရာခိုင်နှုန်းရပြီး အနိုင်ရသည်။ ၁၉၈၂ခုနှစ်ဖေဖဝါရီလတွင် အန်ကိုမိုပိုင်သော ယာတောတခုအတွင်းမှ သေနပ်နှင့်ခဲယမ်းမီးကျောက်များကိုတွေ့ ရှိရာမှ အန်ကိုမိုကိုကက်ဘိနက်မှထုတ်ပယ်ခဲ့သည်။ ၁၉၈၃ မှ ၁၉၈၈ ခုနှစ်တွင် မြောက်ကိုရီးယား လေ့ကျင့်ပေး သော သူ၏စစ်သားများကအန်ကိုမို ၏နယ်တွင် ရှင်းလင်းရေးဆင်းရင်း လူမည်း တစ်သောင်းကျော်မျှသေကြေ ခဲ့ရသည်။ ၁၉၈၈ ခုဇန္နဝါရိ ၁ ရက်နေ့တွင် ဇင်ဘာဘွေနိုင်ငံ၏ ပထမဆုံးသမ္မတကြီးဖြစ်လာသည်။

သက္ကရာဇ် ၂၀၀၀ တွင်မူဂါဘီကလွှတ်လိုက်သော လူငယ်များကလူဖြူများ၏လယ်တောများကို ဝင်ရောက်စီးနင်း ကြသည်။ လွတ်လပ်ရေးရပြီး အနှစ်၂၀ ကြာသောအခါ လူဖြူ ၂ရာခိုင်နှုန်းက ဇင်ဘာဘွေ၏တွင် လယ်ယာစိုက် ပျိုးနိုင်သော မြေဧက တစ်ဝက်ကျော်ကိုပိုင်ဆိုင်ကြသည်။ ၁၉၉၂ ခုနှစ်တွင် လူမည်း မိသားစု ၁၆၂,၀၀၀ ကိုမြေ ယာဝေခြမ်းရေးလုပ်ပေးမည်ဟု ကတိထားခဲ့ရာ ၇၁,၀၀၀ မိသားစုကိုသာမြေယာများပေးနိုင်ခဲ့သည်။ ယခု၂ နှစ် အတွင်းလူဖြူများပိုင်သည့် မြေဧက ၃၀၀,၀၀၀ ကျော်ကို လူမည်းများသို့ လွှဲပြောင်းပေးခဲ့သည်။ လူမည်းငါး သောင်းခန့်မှာ သူနှင့်ရင်းနှီးသူ၊ သူ့ကို သစ္စာရှိသူများဖြစ်ပါသည်။

မြေယာခွဲဝေခြင်း၏အကျိုးဆက်မှာ စီးပွားရေး ပျက်စီးပြီး ကုန်းကောက်စရာမရှိအောင်ဆင်းရဲသွားခြင်း ပင်ဖြစ် သည်။ မြေယာများကို မစိုက်ပျိုးနိုင်ဘဲအလဟဿ ဖြစ်ခြင်း။ မြေသြဇာမရှိ၊ လယ်ယာသုံးပစ္စည်းကရိယာမရှိ၊ ရေပေးဝေသည့်စနစ်မရှိ၊ ပိုက်ဆံမရှိ သစ်စေ့မရှိသည့် ပြဿနာများဖြင့် လုံးခြာလိုက်နေတော့သည်။ သက္ကရာဇ် ၂၀၀၂ တွင်လူဖြူ လယ်ယာပိုင်ဆိုင်သူ ၄၅၀၀ အနက် ၆၀၀ ခန့်သာ မိမိမြေကို ထိမ်းသိမ်းထားနိုင်ပါတော့သည်။

သက္ကရာဇ် ၂၀၀၀ ရွေးကောက်ပွဲတွင် မစ္စတာချန်ဂရိုင်း ( Mr Morgan Tsvangirai) ကသူအနိုင်ရသည်ဟု ယူဆ သည်။ ဒတ်ချသံရုံးမှာခိုလှုံရင်း လူ ၂၀၀ ကျော်သေဆုံးပြီးသောအခါ မူဂါဘီနှင့် ပြိုင်ဆိုင်မှုမှ ရုတ်တရက် ထွက်ခွါ ပေးရသည်။ သမ္မတ (Run off) ပြိုင်ပွဲ ကို ကျင်းပရန်မလိုတော့ပေ။ မူဂါဘီတစ်ယောက်ထဲဖြစ်သွားသောအခါ ၈၅ ရာခိုင်နှုန်းရပြီးအနိုင်ရသည်။ ဘေးမှ စေ့စပ်ပေးမှုဖြင့် ချန်ဂရိုင်းကို သူ့ဝန်ကြီးချုပ်အဖြစ်လက်ခံရသည်။ ၂၀၁၃ ခုရွေးကောက်ပွဲတွင်မူ မူဂါဘီ အနိုင်ရ ပြီး အာဏာခွဲပေးရန်မလိုတော့ပေ၊ ချန်ဂရိုင်းမှာ ၂၀၁၈ ဖေဖဝါရီ လတွင် ကွယ်လွန်သည်။

(၃)
အာဏာရှင်တို့သည်အာဏာကိုဆုပ်ကိုင်ထားပြီးအနေကြာလာသောအခါ အာဏာကို မစွန့်နိုင်ဘဲဖြစ်ရသည်။ အာဖရိက၏ သက်တန်းအရှည်ဆုံး အာဏာရှင်ကြီးမှာ သူ့တပည့်များက တညီတညွတ်တည်းဖြုတ်ချမှ နေရာမှ ဆင်းပေးရပါသည်။ ကံကောင်းထောက်မ၍သာ အကျမနာရခြင်းဖြစ်ပါသည်။

ကိုသန်းလွင်
Ref: Robert Mugabe dies at 95. Alan Cowell , Newyork Times September 6, 2019