Breaking News

ဒေါ်နယ်ထရန့် ဖောင်ဖျက်ပြီး တိုက်နေပြီလား


ဒေါ်နယ်ထရန့် ဖောင်ဖျက်ပြီး တိုက်နေပြီလား

မိုက်ခဲစိန်၊ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၉

ဒီတပတ်အတွင်းမှာပဲ အမေရိကန်သမ္မတကြီး ထရန့်ကို အမေရိကန်လွှတ်တော်က ဖြုတ်ချနိုင်ရေး စွဲချက်တင်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ တိုး၍ လုပ်လာပါတယ်။ Impeachment Inquiry တွေပေါ့ခင်ဗျာ။ အောက်လွှတ်တော်က စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးတော့ သက်သေတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။ အမေရိကန်အစိုးရ (ထရန့်) ဘက်ကတော့ လိုက်နာလိမ့်မည်မဟုတ်ဟု ငြင်းနေသဗျ။ ဒါဆိုရင် အမေရိကန်တရားရုံးတော်ကြီးဆီ တက်ကြရလိမ့်မယ် ထင်ပါတယ်။

အမှုကိုပြန်မိတ်ဆက်ရသည်ရှိသော် ထရန့်က ဇူလိုင်လတုန်းက ယူကရိန်းသမ္မတအသစ်ကို ဖုန်းဆက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်နိုင်ချေရှိတဲ့ အမေရိကန်ဒုသမ္မတဟောင်း ဘိုင်ဒင်နဲ့ သူ့သားတို့ကို ခြစားမှုနဲ့ စုံစမ်းပေးဖို့ တောင်းဆိုတာပါ။ မစုံစမ်းပေးရင် အမေရိကန်၏ စစ်ရေးအကူတွေ ဆိုင်းငံ့ထားမယ်လို့ အကြပ်ကိုင်ပါတယ်။ ဒါဟာ အမေရိကန်သမ္မတတဦးအနေနဲ့ သမ္မတအာဏာကို အလွဲသုံးပြီး ကိုယ်ကျိုးရှာတာ ဖြစ်ပါတယ်။ အမှုထင်ရှားရင် လွှတ်တော်က စွဲချက်တင်ပြီး ဖြုတ်ချနိုင်ပါတယ်။ (အမတ်တွေ ၃ပုံ၂ပုံတော့ သဘောတူဖို့ လိုသပေါ့)။ တိုင်တဲ့လူကလည်း ရှိပါတယ်။ whistle blower ဝီစီမှုတ်သူ (ဝါ) ဖော်ကောင်လို့ ခေါ်ပါတယ်။ ထိုသူက ထောက်လှမ်းရေးအသိုင်းအဝိုင်းကပါ။ ထရန့်လုပ်ပုံတွေ တရားမဲ့လာပြီဖြစ်လို့ တရားရေးဌာနကို တိုင်တယ်။ တရားရေးဌာန (Justice Dept.) ဆိုတာမှာလည်း ထရန့်လူတွေ ခေါင်းဆောင်နေတော့ လွှတ်တော်ဆီမလာဘဲ တရားရေးဌာနက ထရန့်တို့ အစိုးရကို သံတော်ဦး အရင်တင်လိုက်သေးတာဗျ။ နောက် အမှုကကြီးတော့ ဖုံးထားလို့မရလို့ အောက်လွှတ်တော်ကို တင်သွင်းရတာ ဖြစ်ပါတယ်။

တင်လိုက်တာနဲ့ လူတွေဆီ နိုင်ငံသားတွေဆီ ပရိသတ်တွေဆီ အကုန်ပေါက်ကြားကုန်ပြီး ရှက်ဖွယ်လိလိ ကိုယ်ကျိုးရှာ အာဏာအလွဲသုံးမှုကြီး ပေါ်တာပေါ့ခင်ဗျာ။ အတိုက်အခံဒီမိုကရက်တွေက စုံစမ်းရေးအဖွဲ့ဖွဲ့တယ်။ သက်သေတွေခေါ်တယ်။ အာဏာရ ထရန့်နဲ့ ရီပတ်ဘလစ်ကန်တွေကတော့ မျက်စိစုံမှိတ်ပြီး ငြင်းဆန်နေကြပါတယ်။ ထရန့်က သည်လိုဝေဖန်ခံနေရတဲ့ကြားက လူတွေရှေ့မှာ ယူကရိန်းကလည်း စုံစမ်းသင့်တယ်။ ဘိုင်ဒန်တို့ သားအဖကို တရုတ်ကလည်း စုံစမ်းသင့်တယ်ဆိုပြီး ထုတ်ပြောလိုက်သေးသဗျ။ တကယ်တန်း ဥပဒေနည်းလမ်းနဲ့ဆိုရင် ရွေးကောက်ပွဲကော်မရှင်တို့၊ တရားရေးဌာနတို့၊ ထောက်လှမ်းရေးတို့ကို ဆက်သွယ်ပြီး ဒီဟာကို အရင် စုံစမ်းခိုင်းသင့်တာဗျာ။ သမ္မတအာဏာနဲ့ အခြားတိုင်းပြည်က အစိုးရတွေကို ခိုင်းတယ်ဆိုတာ တဆိတ်လွန်လှပါပြီ။

ကဲ ဘိုင်ဒင်တို့ သားအဖဇာတ်လမ်းက ဘယ်ကနေ ပေါ်လာတာတုန်း။ ထရန့်ကို ထောက်ခံတဲ့ လက်ယာစွဲအဖွဲ့ကြီးတခုက ကြေးစားသတင်းသမားတွေ စာရေးဆရာတွေ ငှားပြီးတော့ သတင်းဆောင်းပါးစာအုပ်တအုပ် အရေးခိုင်းတာက စပါတယ်။ သူတို့က ဘိုင်ဒင်ကို ဆော်ဖို့ စုံစမ်းစစ်ဆေးရေးသတင်းဆောင်းပါးဆန်ဆန် နဲ့ ခုနင်က ကောလဟာလကို အတည်အခန့်စာရေးပြီး စာအုပ်ထုတ်ပါတယ်။ လက်ယာစွဲ အစွန်းရောက်တွေ လူဖြူဝါဒီတွေ လူပြိန်းတွေ အကြိုက် စာအုပ်ပေ့ါ။ ဒါက ထရန့်ကို သွယ်ဝိုက်သောနည်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရအောင်ပါ။ ဒီလိုမျိူး ၂၀၁၆တုန်းက ဟီလာရီကို လုပ်ကြံခဲ့ကြဖူးပါတယ်။ ဟီလာရီ၏ ငွေများဆိုတဲ့ သတင်းစာအုပ်တအုပ် ထုတ်တယ်။ ဟီလာရီဆီမှာ ပြည်ပက ငွေတွေ အများကြီး စားထားတာရှိတယ်ဆိုပြီး လုပ်ကြံသတင်းဆောင်းပါးစာအုပ် ရေးတာပါ။ ဒါမျိူးက အရှေ့ကော အနောက်ကောမှာ လုပ်လေ့ရှိပါတယ်။ အမှန်တွေ နည်းနည်း ကိုယ်ဘက်ကိုယ်ဆွဲတဲ့ ကောက်ချက်တွေ များများနဲ့ သတင်းစာအုပ်တွေ အစီရင်ခံစာတွေဆိုတာ ဟိုဘက်ဒီဘက်ထုတ်နေကြပါ။ လူတွေ ယုံတာ မယုံတာပဲ ကွာတယ်။ (ဥပမာ ဆိုရသော် - ရိုဟင်ဂျာအကြောင်း အနောက်ကထုတ်ဝေသည့် စာအုပ်များကို ကြည့်ပါ၊ ယုံရခက်၊ မယုံရခက်၊ ငြင်းရခက်၊ မငြင်းရခက်။ ဟုတ်တယ်ဟုတ်)။

အဲသည် ဘိုင်ဒင်တို့သားအဖ အရှုပ်တော်ပုံ ဆိုတဲ့ စာအုပ်က လက်ယာအဖွဲ့ကြီးရဲ့ လက်ချက်။ တကယ့်သတင်းသမားတွေ စုံစမ်းတဲ့အခါ မဖြစ်နိုင်ဘူးလို့ အများက ဆုံးဖြတ်ထားပြီးသား။ ဒါနဲ့ပြီးရမှာ စာဖတ်သူကြီး ထရန့်လက်ထဲရောက်သွားတော့ ဒါကို အဟုတ်မှတ်ပြီး သူက 'ကိုင်' ထည့်လိုက်တာ ဖြစ်ပါတယ်။ သူ့ကို အားပေးသူက ထရန့်လက်စွဲတော်ရှေ့နေကြီး ဂျူလီယာနီ ဖြစ်ပါတယ်။ ဂျူလီယာနီက ဒီကိစ္စကို သဲသဲမဲမဲကြီး အပုတ်ချဖို့ ကြိုးစားနေတာ ကြာလှပြီ။ ဂျူလီယာနီက ဟိုကတည်းက ယူကရိန်းသမ္မတကို ခေါ်ပြီး စကားပါးပါတယ်။ သမ္မတကြီး ထရန့်နဲ့ အဆင်ပြေချင်ရင် အကူအညီတွေ ရချင်ရင် ဘိုင်ဒင်တို့ကို စုံစမ်းအရေးယူပေးဖို့ တကျီကျီလုပ်နေခဲ့တာပါ။ ဟိုကလည်း အမေရိကန်အကူအညီလိုတော့ မှိန်းနေမှာပေါ့လေ။

ထရန့်ကို နောက်ကွယ်က အကွက်ချပေးသူ ဂျူလီယာနီလို့ သတင်းထွက်လာတော့ လွှတ်တော်က သက်သေအဖြစ် ဆင့်ခေါ်တယ်။ ဂျူလီယာနီက အာခံထားပါတယ်။ အိမ်ဖြူတော်ကလည်း အစိုးရအဖွဲ့ထဲက ဘယ်သူမှ သက်သေရလိမ့်မယ် မထင်နဲ့လို့ ရာဇသံပြန်ပေးပါတယ်။ သည်လိုဆိုတော့ ထရန့်ကြီးတယောက် သမ္မတထိုင်ခုံမပြုတ်ရေးနဲ့ နောက်သမ္မတသက်တမ်းတဆက် ၂၀၂၀ နိုင်ရေးအတွက် ဖောင်ဖျက်ပြီး တိုက်တာလို့ ဆိုရမှာပေါ့ခင်ဗျာ။

ထရန့်၏ လက်စွဲတော်ရှေ့နေ (personal lawyer) ဂျုလီယာနီ ကံဆိုးချင်တော့ သူရဲ့ လုပ်ဖော်ကိုင်ဖက် ၂ ကောင်ကို နယူးယောက်က တရားရေးဌာနနဲ့ အက်ဖ်ဘီအိုင်တို့က တနေ့ကပဲ ဖမ်းချလိုက်ပါရောဗျာ။ ရွေးကောက်ပွဲမဲဆွယ်ရန်ပုံငွေတွေ အလွဲသုံးလို့ ဆိုပဲ။ (လွန်ခဲ့တဲ့ တနှစ်ကလည်း ရွေးကောက်ပွဲမဲဆွယ်ရန်ပုံငွေ အလွဲသုံးမှုနဲ့  (campaign finance fraud) ထရန့်၏ ကင်ပိန်းမန်နေဂျာ ထောင်ကျသွားပါပြီ)။ အဲသည်နယူးယောက်တရားရေးဌာနက အမှုလိုက်နေတာ ကြာပြီတဲ့။ ဒီ၂ ကောင်က အမေရိကန်ယူကရိန်းတွေ။ သူတို့ စီးပွားရေးတွေက ယူကရိန်းမှာ ရှိတယ်။ ရုရှားတွေဘက်လည်း ပင်းတဲ့သူတွေ လို့ ဆိုတယ်။ သူတို့ငွေကြေးခဝါချမှုတွေ ယူကရိန်းအစိုးရက အရေးယူမှာစိုးလို့ ထရန့်တို့ကို ချည်းကပ်နေကြတာဆိုတယ်။ သည်တော့ ၂၀၁၆ တုန်းက ထရန့်အနိုင်ရရေး မဲဆွယ်အဖွဲ့ကြီးတခုကို  ဒေါ်လာ ၃ သိန်းကို နာမည်အတုနဲ့ လှူခဲ့ကြတယ်။ ဒါကို နယူးယောက်တရားရေးဌာနက သီးခြားလိုက်နေတာ။ သည်ကောင်တွေက ဂျူလီယာနီရှေ့နေအဖွဲ့ထဲမှာ ခုထိ ရှိနေတယ်။ သူတို့တွေတောင်းဆိုလို့ အမေရိကန်အစိုးရက ယူကရိန်းကို အကြပ်ကိုင်ခဲ့တာတွေ ရှိနိုင်တယ်။ ဒါကြောင့် ယူကရိမ်းမှာ လာဘ်စားမှုတွေကို ဖော်ထုတ်ဖို့ တောင်းဆိုနေတဲ့ အမေရိကန်သံအမတ်ကို ၂၀၁၉ မတ်လတုန်းက ထရန့်က တချက်လွှတ်အမိန့်နဲ့ ဖြုတ်ပစ်ခဲ့တယ်လို့ အမှုက ပေါ်လာပြန်တယ်။ အဲသည် ၂ ကောင်ကို ဖမ်းလိုက်ပြီတဲ့ဗျာ။

သည်အကြောင်းတွေကိုလည်း မနေ့က ဆင့်ခေါ်ကြားနာတဲ့ လွှတ်တော်ပွဲမှာ ခုနင်က ပြုတ်သွားတဲ့ အမေရိကန်သံအမတ်ကြီးက ပြောဆိုခဲ့တယ်လို့ သတင်းတွေက ရေးကြပါတယ်။ သံအမတ်ကြီးပြောတာကတော့ ထရန့်က အမေရိကန်သံတမန်ရေးရာဌာနနဲ့ ဝန်ထမ်းတွေကို ကန့်သတ်ထားတယ်။ နိုင်ငံခြားရေးရာမှာ အမေရိကန်သံဝန်ထမ်းတွေဟာ ငပေါတွေဖြစ်အောင် ချုပ်ထားတယ်လို့ ပြောပါတယ်။ ဟုတ်တယ်လေ လက်ရှိ နိုင်ငံခြားရေးမှာ ထရန့်ကပဲ အကုန်လုံး တဦးတည်း ထွက်ကစားပြနေတာ သတင်းတွေမှာ မြင်နေရတယ်မဟုတ်လား။ အမေရိကန်နိုင်ငံခြားရေးဌာနဆိုတာလည်း စုတ်ပြတ်နေတာပဲလို့ အမေရိကန်သံအမတ်ဟောင်းက ပြစ်တင်လိုက်ပါတယ်။

ထရန့်နဲ့ အပေါင်းအပါတွေကတော့ အခုလို ထရန့်အာဏာအလွဲသုံး အရှုပ်တော်ပုံကြီး တဖွားဖွား ပေါ်နေတာကို အရှက်အကြောက် ကင်းမဲ့စွာနဲ့ မျက်နှာပြောင်တိုက်နေဆဲပါပဲ။ အခြေခံဥပဒေနဲ့ မညီဘူးလို့ ကုန်းအော်နေကြပါတယ်။ ကုန်းအော်နေရင်းကပဲ ခုနင်က whistle blower က တဦးတည်း မဟုတ်တော့ဘူးတဲ့ဗျ။ နောက် ထောက်လှမ်းရေးအရာရှိတဦးကလည်း ဖော်ကောင်သက်သေလုပ်မယ်လို့ လွှတ်တော်ဆီ သတင်းတက်လာတယ် ဆိုပဲဗျ။

သူချည်းပဲလားဟဲ့ ဆိုတော့ မဟုတ်သေးဘူးတဲ့။ တရုတ်ပြည်မှာလည်း ဘိုင်ဒင်သားအဖခြေရှုပ်တယ်ဆိုပြီး အရေးယူဖို့ ထရန့်က ဖိအားပေးတဲ့အကြောင်းကို တရုတ်ပြည်ဆိုင်ရာအမေရိကန်အကြံပေးက ထုတ်ပြောတယ်ဆိုပဲ။ နောက်တချက်က အီရန်ကို ပိတ်ဆို့အရေးယူတာကို မလိုက်နာတဲ့ ဆီးရီးယားနယ်စပ်က ကဒ်ခွဲထွက် လူမျိူးရေးအဖွဲ့တွေကို ပညာပေးနိုင်ဖို့ဆိုပြီး တူရကီနဲ့ ဂျူလီယာနီအလိုကျ အမေရိကန်တပ်တွေကို ကဒ်မဟာမိတ်တွေဆီမှာ တပ်စွဲတာကို ရုပ်သိမ်းခိုင်းတာလို့ သတင်းထွက်လာပြန်ပါရော။ ဒါတွေကလည်း ထရန့်က တချက်လွှတ်အမိန့်တွေနဲ့ ခိုင်းစေတာပါ။ သမ္မတရုံးတို့ အစိုးရရုံးတို့ရဲ့ တရားဝင်လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခြင်း မရှိခဲ့ပါ။

ထရန့်ကတော့ ဖောင်ဖျက်ပြီး သူ့အာဏာနီကို ထူထောင်ဖို့ ကြိုးစားနေတာ ထင်ရှားပါတယ်။ သူဖျက်တဲ့ဖောင်ဆိုတာက သူ့ကို သမ္မတအဖြစ် တင်ပေးလိုက်တဲ့ ဒီမိုကရေစီစနစ်နဲ့ အခြေခံဥပဒေတို့လည်း ပါတာပေါ့ခင်ဗျာ။

ကဲ ... နောက်ဆုံး သတင်းထွက်လာတာကတော့ နယူးယောက် တရားခုံရုံးကနေ အမိန့်ထွက်လာပါပြီ။ ၂၀၁၆ ရွေးကောက်ပွဲဝင်ကတည်းက ထရန့်တယောက် ငြင်းဆန်ထားခဲ့တဲ့ သူ့ဝင်ငွေခွန်တွေ တရားဝင်ထုတ်ပေးဖို့ကို လိုက်နာရန် နယူးယောက်ပြည်နယ်တရားရုံးတော်က အမိန့်ချလိုက်ပါတယ်။ အဲသည်ဝင်ငွေခွန်တွေ လူထုရှေ့ရောက်လာရင် ထရန့်၏ ဝင်ငွေထွက်ငွေ ရာဇဝင်တွေကို သတင်းဌာနတွေက လိုက်လံစုံစမ်း စစ်ဆေးလို့ ရကြဦးမှာပေါ့ ခင်ဗျား။

ဒီမိုကရေစီစနစ်နဲ့ သူ့အာမခံထားတဲ့ အခြေခံဥပဒေတို့ က တဘက် ကိုယ်ကျိုးရှာ အာဏာအလွဲသုံးတဲ့ သမ္မတကြီးထရန့်နဲ့ အာဏာမက် ဖက်တွယ်သူ အပေါင်းအပါတို့က တဘက်တို့ ပွဲကြီး ဆက်ရှုစားကြပါဦးဗျား။